ရွှေဈေးကွက် ရောင်းအား-ဝယ်အား မျှ၊ နယ်ဝယ်လက်များ လိုက်လာ
“ဒီဇင်္ဘာ ပထမအပတ် ရွှေဈေးကွက်အတွင်း ရောင်းအားနဲ့ ဝယ်အား မျှနေပါတယ်။ ပွင့်လင်းရာသီ ရောက်လာတာ
ကြောင့် ရွှေကုန်ကြမ်းတွေ ရန်ကုန်ဘက် အဝင်လှိုင်လာတယ်။
အခုအချိန်က စပါးပေါ်ချိန်၊ ပဲပေါ်ချိန် ဖြစ်တာကြောင့် နယ်ဝယ်လက်တွေလည်း အဝယ်ရှိလာတယ်” ဟု အသင်းမှ အတွင်းရေးမှုး ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။
ဒီဇင်္ဘာလ ၃ ရက်နေ့တွင် အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၇၇၁,၉ဝဝ နှင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၇၆၉,၅ဝဝ ဖြင့် ပိတ်ခဲ့သည်။ ထိုနေ့ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၇၁၈ ဒေါ်လာ ဝန်းကျင်တွင် ရှိခဲ့သည်။ (၁ အောင်စလျှင် ၁ ကျပ် ၁၄ ပဲ စီးကာ ၁ ဒေါ်လာလျှင် ကျပ် ၈၄ဝ ပျမ်းမျှပေါက်သည်။)
ဒီဇင်္ဘာ ၄ ရက်တွင် အခေါက်ရွှေ ၁ ကျပ်သားလျှင် အဖွင့်ဈေး ၇၆၈,ဝဝဝ ကျပ်ရှိခဲ့ပြီး အပိတ်ဈေးမှာ ကျပ် ၇၆၃,ဝဝဝ
ဖြစ်ခဲ့သည်။ ထိုနေ့ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၇၁၂-၁,၆၉၁ ဒေါ်လာ ဖြစ်ခဲ့သည်။ ဒီဇင်္ဘာ ၅ ရက်တွင် အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၇၆၄,၃ဝဝ ဖြင့် ဈေးဖွင့်ခဲ့ပြီး ကျပ် ၇၆၆,ဝဝဝ ဖြင့် ဈေးပိတ်ခဲ့သည်။ ထိုနေ့ ကမ္ဘာ့ရွှေဈေးမှာ ၁ အောင်စလျှင် ၁,၇ဝ၂-၁,၆၉၅ ဒေါ်လာ ရှိခဲ့သည်။
“ဒီဇင်ဘာလဆန်းထဲမှာ အရပ်ဝယ်လက်သမားတွေ ရောင်းထားတဲ့ ရွှေ ပြန်ဖြည့်လာတယ်။ ရွှေထည် လုပ်ရောင်းတဲ့ သူတွေလည်း အခေါက်ရွှေ ဝင်ဝယ်တာ တွေ့ရတယ်။ ဒီတပတ်မှာ ရန်ကုန်၊ မန္တလေး လက်ကြီးရောင်းအားပေါ် မူတည်ပြီး ဈေးပြောင်းတာ တွေ့ရတယ်” ဟု ရွှေကုန်သည် ဦးမောင်သိန်း က မဇ္ဈိမကို ပြောသည်။
ထိုသီတင်းပတ်အတွင်း နယ်စပ်ဘက်သို့ ရောင်းချသည့် တရုတ် ဝယ်လက် မရှိကြောင်း သိရသည်။
“ဒီတပတ်ထဲမှာ ကမ္ဘာ့ရွှေဈေး နည်းနည်းအေးတယ်ဆိုပေမယ့် ပြည်တွင်း အခေါက်ရွှေဈေး တအားကြီး မကျဘူး။ အကယ်၍သာ ရန်ကုန်-မန္တလေး လက်ကြီးတွေ ရွှေထုတ်ရောင်းရင် ရွှေဈေးက ဒီထက်အေးဖို့ ခက်လိမ့်မယ်။ လက်ကြီးတွေ ထုတ်မရောင်းတော့ရင်တော့ အခုလို ကမ္ဘာ့ဈေး ခပ်အေးအေးနဲ့ဆိုရင် ရွှေဈေး ကျဖို့ ခက်လိမ့်မယ်” ဟု ရွှေကုန်သည်များက သုံးသပ်ကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ် ၂၆ ရက်တွင် ပြည်တွင်းအခေါက်ရွှေ ၁ ကျပ်သားလျှင် ၇၈ဝ,ဝဝဝ-၇၇၉,ဝဝဝ ကျပ် ရှိခဲ့ပြီး ကမ္ဘာ့ရွှေ ၁ အောင်စလျှင် ၁,၇၄၉-၁,၇၄၉ ဒေါ်လာ ရှိခဲ့သည်။ နောက်တနေ့တွင် အခေါက်ရွှေ ၁ ကျပ်သားလျှင် ၇၇၉၂ဝဝ-၇၇၈,၂ဝဝ ကျပ်ရှိခဲ့ပြီး ကမ္ဘာ့ရွှေ ၁ အောင်စလျှင် ၁,၇၅ဝ-၁,၇၄၅ ဒေါ်လာဖြစ်ခဲ့သည်။
နိုဝင်ဘာလ ၂၉ ရက်တွင် အခေါက်ရွှေ ကျပ် ၇၇၃,ဝဝဝ-၇၇၆,၃ဝဝ ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးတွင် ၁,၇၂ဝ-၁,၇၂၆ ဒေါ်လာ
ဖြစ်ခဲ့သည်။ လကုန်ရက်တွင် အခေါက်ရွှေ ကျပ် ၇၇၆,ဝဝဝ-၇၇၄,ဝဝဝ ရှိခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ ၁,၇၂၇-၁,၇၂ဝ
ဒေါ်လာ ရှိခဲ့ကြောင်း သိရသည်။
ခင်မျိုးသွယ်
No comments:
Post a Comment