ဒဏ်ရာပြင်းထန်သည့် သံဃာတော်များအား မန္တလေးပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်သို့ ရွှေ့ပြောင်းရန် ပြင်ဆင်နေစဉ်
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အင်အားသုံး ဖြိုခွင်းခံရမှုတွင်
ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့် သံဃာတော်လေးပါးအား ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီ ၃၀
မိနစ် အချိန်ခန့်က မန္တလေးပြည့်သူ့ဆေးရုံကြီးမှ
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ
သံဃာတော်လေးပါးမှာ ဦးဝိသုဒ္ဓ (ဘုရားကြီးအလယ်တိုက် မန္တလေး)၊ ဦးစန္ဒောဘာသ
(ပခုက္ကူအလယ်တိုက်)၊ ဦးသုစိတ္တ (ဇောတိကာရာမတိုက်၊ မုံရွာ)၊ ရှင်သဇ္ဇန
(မြို့မရွှေကူတိုက်၊ မုံရွာ) တို့ဖြစ်ကြကြောင်း သိရသည်။ ယင်းသံဃာများအနက်
ရှင်သဇ္ဇန၏ ဒဏ်ရာမှာ အပြင်းထန်ဆုံးဖြစ်ကြောင်းလည်း သိရှိရသည်။
''ဒဏ်ရာပြင်းထန်တဲ့
သံဃာတော်တွေကို အခုလိုမျိုး ရန်ကုန်ကို ပြောင်းရွေ့ကုသဖို့အတွက် မန္တလေး
ဆေးရုံကြီးက ဆရာဝန်ကြီး ဦးမောင်ဝင်းနဲ့ ဆွေးနွေးကြတာ အဆင်မပြေခဲ့ပါဘူး။
သူပြောတာက ဦးဇင်းတို့ ပစ္စည်းလေးပါး လိုအပ်ရင် တပည့်တော်ရဲ့ အခန်းကိုလာ၊
တခြားအခန်းတွေကို မသွားနဲ့လို့ပြောပါတယ်။ အခုလို ဒဏ်ရာပြင်းထန်တဲ့
ဆရာတော်လေးတွေကို ရန်ကုန်ကို ပြောင်းပြီးတော့ ဆေးကုသခွင့်ရတာ ၀မ်းသာပါတယ်။
ဦးဇင်းတို့ တောင်းဆိုနေတာကလည်း ဒါကိုတောင်းဆိုချင်နေတာလေ။ အခုတော့
ဦးဇင်းတို့ရဲ့လိုအပ်ချက်တွေ ပြည့်စုံသွားတဲ့အတွက် ဒီဝန်ချတောင်းပန်ပွဲကို
ကျေနပ်လိုက်ကြတာပေါ့။ မန္တလေးမှာ ကျန်ခဲ့တဲ့ သံဃာအများစုကတော့ ဒဏ်ရာအခြေအနေက
ဆိုးဆိုးဝါးဝါးတွေ မရှိတော့ဘူး ဆိုပေမယ့် ရက်ရှည် ဆေးကုသမှု
ခံယူရမယ့်သူတွေလည်း ရှိနေပါသေးတယ်။ တချို့ကတော့ ဒဏ်ရာသက်သာသွားလို့
ပြန်သွားတဲ့ ဆရာတော်တွေလည်း ရှိပါတယ်။ ဒီနေ့ ရန်ကုန်ကို ပို့လိုက်တဲ့
သံဃာတော်လေးပါးပဲ အခြေအနေဆိုးတာ ဖြစ်ပါတယ်။ မန္တလေးမှာ ကျန်ခဲ့တဲ့
သံဃာတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အ၀ ဆက်ပြီးတော
့ကူညီပေးသွားမှာပါ'' ဟု ဒဏ်ရာရ သံဃာတော်များအား ကျန်းမာရေး
စောင့်ရှောက်နေသည့် အဖွဲ့မှ ဆရာတော် ဦးဇောတိပါလက မိန့်ကြားသည်။
လက်ရှိအခြေအနေတွင်
မန္တလေး၌ ဆေးကုသမှု ဆက်လက်ခံယူနေသည့် သံဃာတော်နှင့် လူပုဂ္ဂိုလ်များ အပါအ၀င်
စုစုပေါင်း ၂၃ ဦး ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့
ဒဏ်ရာပြင်းထန်သည့် သံဃာတော်လေးပါးအား ရန်ကုန်တွင် ဆေးကုသမှု
ခံယူနိုင်ရေးအတွက် သံဃာတော်များမှနေ၍ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂
နာရီအချိန်ခန့်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့မှ
ဝန်ချတောင်းပန်ချိန်တွင် အဆိုပါ တောင်းဆိုမှုအား တောင်းဆိုခဲ့မှုကြောင့်
ဝန်ကြီးမှ စီစဉ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
|
Comments