Thursday, November 1, 2012

မြန်မာနိုင်ငံဗဟိုဘဏ်၊ လွတ်လပ်တဲ့ဌာန တခုဖြစ်ဖို့ရှိ


မြန်မာနိုင်ငံဗဟိုဘဏ်၊ လွတ်လပ်တဲ့ဌာန တခုဖြစ်ဖို့ရှိ 

ဘဏ္ဍာရေး မကျွမ်းကျင်တဲ့ ဝန်ကြီးတွေ လက်အောက်မှာ ဆိုရင် လုပ်ရ ကိုင်ရ ခက်ခဲတယ်
BBC News, 1 November 2012  —-   မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာန အောက်မှာ မထားတော့ဘဲ သီးခြား လွတ်လပ်တဲ့ ဌာန တစ်ခု အနေနဲ့ သမ္မတရုံး အောက်မှာ ထားဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယက ဆီကို ပြီးခဲ့ တဲ့ သောကြာနေ့ က သဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။

ဗဟိုဘဏ် အနေနဲ့ ကိုယ်ပိုင် လုပ်ပိုင်ခွင့်နဲ့ အတူ သီးခြား လုပ်နိုင်မယ် ဆိုရင် ငွေကြေး တည်ငြိမ်မှုနဲ့ ငွေကြေး ဆိုင်ရာ မူဝါဒတွေကို အချိန်နဲ့ တပြေးညီ ချမှတ် လုပ်ဆောင်နိုင်မှာ ဖြစ်တယ် လို့ ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အကြောင်း ကတော့ ဘဏ္ဍဍာရေး မကျွမ်းကျင်တဲ့ ဝန်ကြီးတွေ လက်အောက်မှာ ဆိုရင် လုပ်ရ ကိုင်ရ ခက်တာ ကြောင့်၊ ဗဟိုဘဏ် အနေနဲ့ သီးခြား ရပ်တည်ဖို့ လိုအပ် လာတာ ဖြစ်တယ် လို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။

ဗဟိုဘဏ်လို ဘဏ်မျိုးကို ကိုင်တွယ် ဆောင်ရွက် ရာမှ ဘဏ္ဍာရေး ဆိုင်ရာ ပညာရပ်တွေ တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စု အဆင့် ဖြစ်သွားမယ်ဆိုရင် ဗဟိုဘဏ် ဥက္ကဌက ဝန်ကြီး အဆင့် ဖြစ်တဲ့ အတွက်၊ လုပ်ရ ကိုင်ရတာ ပိုပြီး လွယ်ကူ မြန်ဆန် လာမှာ ဖြစ်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ပြောပါတယ်။
ဗဟိုဘဏ်မှာ ပြည်ထောင်စု အဆင့် ဥက္ကဌ တစ်ဦးနဲ့ ဒုတိယ ဥက္ကဌ ၂ ဦး ခန့်ထားဖို့ ရှိပြီး လိုအပ်တဲ့ ဥပဒေ မူကြမ်း ကိုလည်း သမ္မတရုံးက ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်း သွားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။