Tuesday, October 30, 2012

အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင်


အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်နိုင် 

ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြီးခဲ့တဲ့ မတ်လအတွင်း ဆွေးနွေးခဲ့စဉ်က
DVB News, 29 October 2012  —  တရုတ်နိုင်ငံ ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ တွေ့ဆုံကြ မယ့် ကေအိုင်အိုနဲ့အစိုးရ အကြား ဆွေးနွေးပွဲ အတွက် ဆွေးနွေးပွဲမှာပါဝင်မယ့် ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အမည်စာရင်းကို အစိုးရဘက်က၄ ရက်လောက်  ကြိုပေးပေမယ့် ကေအိုင်အို ဘက်က အောက်တိုဘာ ၂၉ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှ ပေးတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက   ဒီဗွီဘီကို ပြောပါတယ်။

အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေဟာ ရွှေလီမြို့မှာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းတွေ့ဆုံဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။
အစိုးရဘက်က ကိုယ်စားလှယ်စာရင်းအရ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ၂ ဦး၊ ပြည်နယ်ဝန်ကြီးချုပ် ၂ ဦး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ တိုင်းမှူး ၂ ဦး၊ စစ်ဘက်နဲ့ပြည်နယ် ဝန်ကြီးတွေ ပါဝင်လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။ ကေအိုင်အိုဘက်က ဆွေးနွေးပွဲတက်မယ့် အမည်စာရင်းထဲမှာ ဗိုလ်မှူးချုပ်ဂွမ်မော်တို့လို ဒုတိယစစ်ဦးစီးချုပ် အဆင့်မျိုးမပါဘဲ ဗဟိုကော်မတီဝင် တဦးနဲ့ ဗိုလ်မှူး ၆ ဦးလောက်ပါတယ်လို့ ဆိုပါတယ်။

ဒီနေ့ကတည်းက တရုတ်နိုင်ငံဘက်ခြမ်းကို ကူးပြီး အကြိုညှိနှိုင်းကြဖို့ အစိုးရကိုယ်စားလှယ်တွေ ဘက်က ပြင်ဆင်ထားပေမယ့် ကေအိုင်အိုဘက်က ဒီနေ့မရောက်ဘူးလို့ ဆိုတာကြောင့် တရုတ်ပြည်ဘက်အခြမ်းကို မကူးသေးဘဲ မူဆယ်မြို့မှာပဲ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
ဒီပြောကြားချက်တွေနဲ့ ပတ်သက်လို့ ကေအိုင်အိုဘက်ကို အကြိမ်ကြိမ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
ကေအိုင်အိုနဲ့အစိုးရအကြား ဆွေးနွေးပွဲတွေမှာ အစိုးရဘက်က အပစ်ရပ် လက်မှတ်ထိုးဖို့ တောင်းဆိုသလို ကေအိုင်အိုဘက်က နိုင်ငံရေးဆွေးနွေးဖို့ တောင်းဆိုနေပြီး တပ်နေရာချထားရေးကိစ္စကို ဆွေးနွေးဖို့လည်း လိုလားနေပါတယ်။
၁၉၉၄ ခုနှစ်မှာ အပစ်ရပ်သဘောတူတဲ့ ကေအိုင်အိုကို နယ်ခြားတပ်အသွင်ပြောင်းဖို့နဲ့ လက်နက်ချဖို့ တပ်မေတ်ာအစိုးရလက်ထက်က တောင်းဆိုမှုကြောင့် လက်မခံလို့ တိုက်ပွဲတွေဖြစ်နေတာ ၁ နှစ်ကျော်ရှိပြီး ဒုက္ခသည် ၁ သိန်းလောက် စစ်ရှောင်တိမ်းနေကြပါတယ်။
by ​အေး​နိုင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။