Tuesday, October 23, 2012

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်အား သွားရောက်တွေ့ဆုံ


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်အား သွားရောက်တွေ့ဆုံ

Printer-friendly versionSend by email 
နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား အောက်တိုဘာ(၂၁)ရက် ညနေ (၄)နာရီခွဲတွင် ဖနောင်ပင်မြို့ Peace Palace ရှိ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ သွားရောက် တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးချိုထွန်းအောင်၊ စစ်သံမှူးဗိုလ်မှူးချုပ် ရဲနိုင်မျိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း၊ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဟန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ် H.E Mr. Sok An ၊ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးများနှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးတို့ တက်ရောက်ကြသည်။
တွေ့ဆုံရာ၌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၏ ဖခင်ဘုရင်ကြီး ကွယ်လွန်သည့်အတွက် တစ်နိုင်ငံလုံးပူဆွေးသောက ရောက်နေချိန်တွင် ကမ္ဘောဒီးယား ပြည်သူများနှင့်အတူ လာရောက်မျှဝေ ခံစားပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတကကမ္ဘောဒီးယားနိုင်ငံ၏ ဖခင်ဘုရင်ကြီးသီဟာနုကွယ်လွန်သည့် အတွက် ကမ္ဘောဒီးယားပြည်သူများနှင့် အစိုးရတို့အား မြန်မာပြည်သူများနှင့် အစိုးရကိုယ်စား ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်းကို ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဘုရင်ကြီးကွယ်လွန်သည့်အတွက် ကမ္ဘောဒီးယား တော်ဝင်မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းကို ပြောကြားပေးရန် အမှာစကား ပါးလိုက်ပါကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတကပြောကြားရာတွင် မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံတို့သည် သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုအရ တူညီမှု များစွာရှိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံတို့သည် အထူးခင်မင်ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ကြပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန် လာရောက်လည်ပတ်ခဲ့ခြင်းများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မာ စေပါကြောင်း၊ မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဆက်ဆံရေးကို ၁၉၅၅ခုနှစ်တွင် စတင်ခဲ့ပြီးချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ကြပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ခင်မင်ရင်းနှီးစွာဆက်ဆံနေထိုင်သကဲ့သို့ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည့် ခရီးစဉ်အတွင်း အနောက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် များစွာ ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ခုနှစ်တွင် (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂ဝ၁၄ခုနှစ်တွင်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမည်ဖြစ်သဖြင့် ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံအားလုံးတို့က ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှုများရရှိလိမ့်မည်ဟုမျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က သမိုင်းကြောင်းများကိုလေ့လာမည်ဆိုပါက မိမိတို့ယဉ်ကျေးမှုသည် မြန်မာနိုင်ငံနှင့် ပိုမိုနီးစပ်မှုရှိပါကြောင်း၊ ပိုင်လင်းဒေသတွင် မြန်မာနိုင်ငံမှ လာရောက် အခြေချနေထိုင်သည့် ကိုလာ(Kula) လူမျိုးများကို ကြည့်ခြင်းဖြင့် ရှေးယခင်ကတည်းကပင် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ဆက်သွယ်မှုများ ရှိခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံမှပုဂံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆီရမ်ယိမြို့များအား ညီအစ်မမြို့တော်များအဖြစ် သတ်မှတ်ခြင်းဖြင့် သမိုင်းယဉ်ကျေးမှုအမွေအနှစ်များအား အပြန်အလှန် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ပြသရာရောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများကြောင့် မြန်မာနိုင်ငံအရေးကိစ္စသည် အာဆီယံ၊ အာရှ- ဥရောပ (ASEM)နှင့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများတွင် ဆွေးနွေးရမည့် ခေါင်းစဉ်အဖြစ် ဆက်လက်တည်ရှိတော့မည် မဟုတ်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား အစည်းအဝေး များတွင် ဆွေးနွေးရာ၌ မြန်မာနိုင်ငံဘက်မှ အစဉ်အမြဲရပ်တည်ခြင်းဖြင့် စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ပါကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲရလာဒ် ထွက်ပေါ်ခဲ့ပြီးနောက် မိမိအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများရုပ်သိမ်းရန် အများသိအောင် တောင်းဆိုခဲ့ပါကြောင်း၊ ၂ဝ၁၄ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခြင်းနှင့် ၂ဝ၁၃ခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့ကို မြန်မာနိုင်ငံအနေဖြင့် ဦးဆောင်မှုပြုလုပ်နိုင်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြန်လည် ပြောကြားသည်။       

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။