Tuesday, March 12, 2013

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်  

 March 2013 20:11

AddThis Social Bookmark Button
w1-12-3-8
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ယင်းဥပဒေမူကြမ်း ရုပ်သိမ်းရေး တောင်းဆိုသည့် ကြေညာချက်ကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော်နှစ်ရပ်သို့ ပေးပို့မည်
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို သတင်းမီဒီယာ အဖွဲ့အစည်းများ၊အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ခဲ့ပြီးယင်းဥပဒေကြမ်း ရုပ်သိမ်းရေး တောင်းဆိုသည့် သဘောထား ကြေညာချက်ကို နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများထံသို့ ရက်ပိုင်းအတွင်း ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။      
       
မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်း ဟိုတယ်တွင် ကျင်းပခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းအပေါ် သဘောထားတောင်းခံသော မျက်နှာစုံညီ ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။     
w1-12-3-9           
အဆိုပါ ဆွေးနွေးပွဲ၏ သဘောထားကြေညာချက်မှာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲထုတ်ပြန် ကြေညာခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်လည်ရုပ်သိမ်းပေးရေးကို တောင်းဆိုကြောင်းနှင့် ပုံနှိပ်နှင့် ထုတ်ဝေခြင်းလုပ်ငန်းများပါ အကျုံးဝင်မည့် စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော မီဒီယာ ဥပဒေမူကြမ်းသည် ပြည်သူလူထု၏ အ ကျိုးစီးပွားကို အာမခံပါက ထောက်ခံသွားမည် စသည့်အချက်များ ပါဝင်သည်။                    
မြန်မာစာနယ်ဇင်းသမဂ္ဂနှင့် သတင်းမီဒီယာကောင်စီမှ ဦးဇော်သက်ထွေးက ''နိုင်ငံပိုင်သတင်းစာတွေကနေ အရေးပေါ် ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေပါ အချက်အလက်တွေက ကျွန်တော်တို့ရဲ့ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ထိန်းချုပ်တဲ့ အချက်အလက်တွေ ပါဝင်နေတယ်။ပြန်ကြားရေးဝန်ကြီး ပြောထားတာက ဒီမိုကရက်တစ် နိုင်ငံတစ်ခုရဲ့ အဆင့်အတန်းနဲ့ ညီမျှတဲ့ သတင်းသမားတွေရဲ့အခွင့်အရေးကို အာမခံနိုင်တဲ့ မီဒီယာဥပဒေတစ်ခု ရေးဆွဲဖို့နဲ့ ရေးဆွဲတဲ့အခါ ၀န်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ဒါဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားဖြစ်တယ်လို့ ပြောတဲ့စကားကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) မှာ ပါဝင်ခဲ့တယ်။ အဲဒီမှာ ပါဝင်ခဲ့သူတွေဟာ မီဒီယာဥပဒေတစ်ခု ရေးဆွဲဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ မီဒီယာဥပဒေမူကြမ်းကို မတ်လအကုန်မှာ လွှတ်တော်ကို တင်ပြဖို့ ပြင်ဆင်ဆောင်ရွက်နေပါ တယ်''ဟု ပြောကြားသည်။            
''ဒီလို ပြင်ဆင်ဆောင်ရွက်နေချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြခဲ့တယ်။သက်ဆိုင်ရာ ၀န်ကြီးဌာန လိုအပ်တဲ့ နည်းဥပဒေကို ပြည်ထောင်စုအစိုးရနဲ့ သဘောတူညှိနှိုင်းပြီးတော့ လိုအပ်သလို ရေးဆွဲထုတ်ပြန်နိုင်တဲ့အချက်ဟာ ကျွန်တော်တို့အတွက် အခက်အခဲ အများကြီးရှိနိုင်ပါတယ်။ဒီနည်းဥပဒေတွေကိုသာ ရင်ဆိုင်နေရရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး''ဟု ဦးဇော်သက်ထွေးက ဆက်လက် ပြောသည်။
  
သတင်းမီဒီယာကောင်စီနှင့် ပြည်သူ့ခေတ် သတင်းဂျာနယ်မှ ဦးဖေမြင့်ကလည်း ''ဒီဥပဒေကြမ်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ အခြင်းအရာတွေက မှတ်ပုံတင်အရာရှိဆီမှာ အလုံးစုံ အာဏာအပ်နှင်းထားရတဲ့ သဘောမျိုးရှိနေတယ်။ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ညွှန်ကြားချက်နဲ့ အမိန့်ကြေညာစာကို ထုတ် ပြန်နိုင်တယ်ဆိုတဲ့ အချက်က ကိုယ့်ဘာသာကို အမိန့်ထုတ်ခွင့် ရှိနေတယ်။စာနယ်ဇင်းသမားကို အရေးယူနိုင်တဲ့ တည်ဆဲဥပဒေတွေကလည်း အရင်ခေတ်ကလာခဲ့တဲ့ ဥပဒေတွေ ဖြစ်တဲ့အတွက်ကြောင့် တော်တော်ကြမ်းတမ်းနေတယ်။ အဲဒီ တည်ဆဲဥပဒေတွေကို ပြင်ဆင်ဖို့ လိုနေသေးတယ်'' ဟု ပြောကြားသည်။                

''ဒီဥပဒေမူကြမ်းက မီဒီယာ တစ်ခုတည်းကို ထိန်းချုပ်တာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့ လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ၊လူတိုင်း လွတ်လပ်စွာ သိရှိပိုင်ခွင့်ကို ထိန်းချုပ်ထားတာပါ။ ဒါသတင်းမီဒီယာတစ်ခုတည်းရဲ့ အရေးမဟုတ်ပါဘူး။အားလုံးသော ပြည်သူတွေရဲ့ အရေးပါ။ဒါကြောင့် ပြည်သူတွေနဲ့ပေါင်းပြီး လုပ်ဆောင်သွားမှာပါ''ဟု သတင်းလွတ်လပ်ခွင့် ကော်မတီမှ ကိုသာလွန်ဇောင်းထက်က ပြောပါသည်။                
ငါတို့စာပေတိုက်မှ ထုတ်ဝေသူတစ်ဦးဖြစ်သည့် စာရေးဆရာ မြေမှုန်လွင်က '' ဒီဥပဒေကြမ်းကို ထုတ်ဝေသူအသင်းက ထောက်ခံပါတယ် ဆိုတာမျိုး လုပ်နေပါတယ်။ထုတ်ဝေသူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒီဥပဒေကြမ်းကို မထောက်ခံပါဘူး။ ဒီထုတ်ဝေသူအသင်းက ထောက်ခံတယ်ဆိုတာကလည်း သူတို့အသင်းတစ်သင်းက ထောက်ခံတာဖြစ်ပြီး ဘယ်ထုတ်ဝေသူကိုမှ စစ်တမ်းကောက်တာမျိုး မရှိပါဘူး။တခြားထုတ်ဝေသူတွေကိုလည်း စုံစမ်းလို့ရပါတယ်'' ဟု ပြောကြားသည်။                    
''ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်တဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို သတ်မှတ်ချက်တွေ အမျိုးမျိုး၊ နောက်ပြီး ထင်ယောင်ထင်မှားဖြစ်စရာ အချက်အလက်တွေနဲ့ စပြီးတော့ အသုံးပြုလိုက်ကတည်းက စိုးရိမ်စရာတွေ ဖြစ်သွားပါပြီ။ အမှန်တကယ် ဆိုလို့ရှိရင် ကျွန်တော်တို့ နားလည်ထားသလောက် လွတ်လပ်ခွင့်အရ  စာနယ်ဇင်းလောကရှေ့မှာ ဦးဆောင်နေတယ်ဆိုတာဟာ အစိုးရရဲ့ လက်လှမ်းမမီတဲ့ နယ်ပယ်တွေအတွက် ထမ်းဆောင်နေတယ်လို့ အပြုသဘောဆောင်တဲ့အမြင်နဲ့ ချဉ်းကပ်သင့်တယ်လို့ယူဆပါတယ်''ဟု ၈၈ မျိုးဆက် ခေါင်းဆောင် ကိုပြုံးချိုက ဆိုသည်။      
w1-12-3-10             
အဆိုပါ မျက်နှာစုံညီဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)၊ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ(MJU)၊ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)၊ သတင်းလွတ်လပ်ခွင့် ကော်မတီ၊၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေးကော်မတီ (ပြည်တွင်း)၊ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ချုပ်၊လူမှုရေး အဖွဲ့အစည်းများ၊သတင်းမီဒီယာများနှင့် ထုတ်ဝေသူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

Comments  

 +1 # pstmynt 2013-03-13 09:24
ကိုယ့်ဆရာသမားတွေကိုသမ္မတရုံးကအာဏာမက်၊မာန်မာနတက်၊သွေးနားထင်ရောက်လာတဲ့ လူတစ်စုကနားရွှက်ကိုတံတွေးနဲ့ ဆွတ်လိုက်တာပဲဗျ။
ညှိလို့ မရလို့ ကတော့ဘယ်အချိန်လမ်းပေါ်ထွက်မလဲအဆင်သင့်ပါပဲဗျာ။
 
+2 # Snipher 2013-03-13 00:23
ကတ္တရာလမ်းမပေါ်မှာ သွေးညှီနံတွေ သင်းပျံခဲ့ဖူးတာတောင်မှ ပြန်ကြားရေးဌာနက စာပေလွတ်လပ်ခွင့်ကို ပြန်ထိန်းချုပ် ဖိနှိပ်ချင်နေတာက သိပ်တော့ မဟုတ်သေးဘူးဗျာ။ ကျုပ်တို့ ပြည်တွင်းက သတင်းစာတွေလည်း နိုင်ငံခြားဈေးကွက်ကို တင်ပို့ ဖြန့်ချိနိုင်မယ့် (ဗန်ကောက်ပို့ဒ်သတင်းစာ) အဆင့်မျိုး ရောက်ရှိဖို့က ဒီပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်း က တကယ့် ကန့်လန့်ဖြစ်နေဦးမှာပါ။ ကျုပ်လည်း (ပြည်တွင်းမှာ ခွင့်မပြုတော့) ပါရီမှာ ရုံးထိုင်ပြီး ညှိ့မဂ္ဂဇင်းလို့မျိုး ထုတ်ဦးမှ.....
 
-5 # GADGETEER 2013-03-12 21:19
Some people are very lucky . • •• They can do everything as they want to do . •• •• ••• Because they are born in Myanmar . •• ••• ••• Because they are live in Myanmar . •• ••• ••• Because they are career in Myanmar .

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။