စစ်တပ်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်သည်ဆိုရာတွင်
Written by တင်ညွန့်
ဒီမိုကရေစီနည်းကျ အာဏာသိမ်းခြင်းဆိုသည့် စကားသည် ပြန်လည်ဆန်းစစ်စရာ
လိုသည့် စကားရပ် ဖြစ်လာသည်။ အာဏာနှင့် ဒီမိုကရေစီ ဆိုသည်မှာ
မိတ်ဖက်စကားလုံး မဟုတ်။ သို့ဖြစ်ရာ အာဏာ သိမ်းခြင်းသည် ဒီမိုကရေစီနည်း
မဟုတ်ဟူ၍လည်း သုံးသပ်မှုများ ရှိနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
အာဏာသိမ်းရသည့် အနေအထားများ ရှိနိုင်ပါသည်။ အစိုးရတစ်ရပ်သည် အာဏာရှင်ဆန်
လာလျှင်၊ အတိုက်အခံများကို ဖိနှိပ်လွန်းလျှင်၊ ဒီမိုကရေစီ နည်းကျကျ
တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိလျှင် စစ်တပ်သည် ဒီမိုကရေစီကို
ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူကို အလေးထား သည့် အနေဖြင့်
တိုင်းပြည်အာဏာကို ထိန်းသိမ်း စောင့်ရှောက်ကြရသည်။
ထိုထိန်းသိမ်းစောင့်ရှောက်မှု မှာလည်း ရာသက်ပန်မဟုတ်၊ ခေတ္တအခိုက်အတန့်
အချိန်လေးသာ ဖြစ်ရမည်။ စစ်တပ်သည် ဒီမိုကရေစီ ကို နှိမ်နင်း မည့်သူများ
မဟုတ်၊ ပြည်သူကို ဖိနှိပ်မည့်သူများ မဟုတ်ဟု ခံယူထားသောကြောင့် ဖြစ်သည်။
တိုင်းပြည်သည် ဆူပူသောင်းကျန်းမှု များဖြင့် ထိန်းမနိုင် သိမ်းမရ
ဖြစ်နေလျှင် တပ်မတော် သည် ပြည်သူတို့ ၏ အသက်အိုးအိမ် စည်းစိမ်တို့ကို
မပျက်စီး၊ မဆုံးရှုံးရလေအောင် ထိန်းသိမ်းစောင့် ရှောက်ပေးရမည့် တာဝန်ရှိသည်။
ထိုတာဝန်ကို ယူသူများအနေဖြင့် နိုင်ငံ့ဝန်ထမ်းနေသူများ ဖြစ်ကြောင်းကိုလည်း
မမေ့ထား သင့်ပေ။ သို့ဖြစ်ရာ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်မည်၊
ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲများကို ကျင်းပ
နိုင်ရေးအတွက် တာဝန်ယူပေးမည်၊ ပြည်သူတို့ မိမိတို့စိတ် ကြိုက် ခေါင်းဆောင်
သို့မဟုတ် အစိုးရကို ရွေးချယ် တင်မြှောက်ပေးပြီးလျှင် မိမိတို့
တပ်စခန်းသို့ ပြန် မည်ဆိုခြင်းမှာ စစ်သားကောင်းများနှင့် တပ်မတော်၏
ဂုဏ်သိက္ခာရှိသော ဆောင်ရွက်ချက်များ ဖြစ်သည်။ စစ်တပ်သည်
တိုင်းပြည်အာဏာ ထိန်းသိမ်းထားမှုမှာ တစ်နှစ်သို့မဟုတ် ၂ နှစ်ထက် မပိုသင့်ဟု
သုံးသပ်ကြသည်။ ရွေးကောက်ပွဲနှင့် အစိုးရသစ်ကို ဖော်ဆောင်ရန် လုံလောက်သည့်
အတိုင်းအ တာ ဖြစ်ပါသည်။ အကယ်၍ စစ်တပ်သည် မိမိတို့ ကြည်ညိုသည့် ခေါင်းဆောင်
သို့မဟုတ် မိမိတို့ တပ်ထဲမှ ခေါင်းဆောင် တစ်ဦးဦးကို တိုင်းပြည်အား
အုပ်ချုပ်စေလိုသည့် ဆန္ဒရှိလျှင် သို့ မဟုတ် အစိုးရအဖွဲ့ ထဲတွင်
ပါဝင်စေလိုလျှင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသာ ဖြစ်သင့်သည်။ စစ်တပ်က
တာဝန်ယူထားသည့် အသွင်ကူးပြောင်းရေး ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ
ပေါ်ပေါက်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူတို့ ကိုယ်တိုင်က စစ်တပ်မှ
စစ်ခေါင်းဆောင်တို့ကို လိုလားရေး သည် ပြည်သူတို့၏ ဆန္ဒအစစ်အမှန် အတိုင်းသာ
ဖြစ်သင့်သည်။ သို့သော် လက်ရှိပကတိ အနေအထားတွင် ဒီမိုကရေစီနည်းကျ ဖော်ဆောင်ပေးမည့် အာဏာသိမ်းမှု များသည် အာဏာကို ပြည်သူသို့ လွှဲပေးမည့်အစား၊ ပြည်သူတို့ ရွေးကောက်တင်မြှောက် ပေး လိုက် သည့် ပြည်သူ့ခေါင်းဆောင်ကို အာဏာလွှဲပေးမည့်အစား အမျိုးသား နိုင်ငံရေးဟုဆိုပြီး အရပ် သား နိုင်ငံရေး တွင် စစ်တပ်ခေါင်းဆောင်တို့ ပါဝင်လာခြင်းဖြင့်သာ ရင်ဆိုင်နေရသည်။ စစ်ဘက်မှ အရပ်ဘက်သို့ ကူးပြောင်းလိုက်ခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်အောင် ဖန်တီးသည် ဆိုသော်လည်း ပြည်သူ့ဆန္ဒကသာ အရေးကြီးသည်ကို သတိထားစေလိုသည်။
စစ်တပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကာအကွယ်ယူ သည်ဆိုရာ၌ ပုံစံသုံးမျိုးရှိသည်။ လုပ်ထုံးလုပ်နည်းအရ၊ ကြောင်းကျိုး ဆီလျော်မှုအရ၊ သတ်မှတ်ချက်အရ ဟူ၍ ဖြစ်သည်။
ပထမအချက် လုပ်ထုံးလုပ်နည်းအရ ဆိုသည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကြားကာလတစ်ခုတွင် စစ်တပ်က တာဝန်ယူခြင်း ဖြစ်သည်။ ထိုသို့သော အနေအထားတွင် စစ်တပ်သည် ကြောင်း ကျိုးဆီလျော်မှုရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ဖန်တီးမည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် မိမိတို့ စစ်ခေါင်းဆောင်များကို အလေးပေးထားသည့် အချက်များ ထည့်သွင်းထားမည်။
ဒုတိယအချက်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် စစ်တပ် သည်အာဏာကို လက်ဝယ်တွင် ထားနိုင်သည့် အနေအထားများကို ကြောင်းကျိုးပြပြီး ထည့်သွင်းထားလိမ့်မည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်ခေါင်းဆောင်များကို အကာအကွယ် ပေးထားလိမ့်မည်။
တတိယအချက်အနေဖြင့် စစ်တပ်သည် လူများစုကို ကိုယ်စား ပြုထားသည်ဆိုသော်လည်း အများစု ပြည်သူများ မထောက်ခံသည့် အဖွဲ့အစည်းများကို ထူထောင်ထားခြင်းဖြင့် စစ်တပ်ကို ထောက်ခံ အားရစေရန် ဖန်တီးထားလိမ့်မည်။ ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲခြင်း သည် စစ်တပ်မူဝါဒများကို အထောက်အကူပြုရန် ဖြစ်နေပြီး စစ်တပ်က အာဏာကို လက်လွှတ်လိုက်လျှင်လည်း စစ်တပ်နှင့် စစ်ခေါင်း ဆောင်များကို အကာအကွယ်ပေးသည့် အချက်များ ပါဝင်နေလိမ့်မည်။
ဒီမိုကရေစီကို စစ်တပ်ဖြင့် ဖော်ဆောင်ရာတွင် စစ်တပ်သည် နောက်ဆက်တွဲအနေဖြင့် အသွင်တစ်မျိုးပြောင်းပြီး အာဏာကို ထိန်းချုပ်ရန်မဟုတ်ကြောင်း သတိပြုသင့်ပါသည်။ စစ်တပ်က အာဏာကို ထိန်းသိမ်းပြီး ဒီမိုကရေစီကို စိတ်ရင်းစေတနာဖြင့် ဖော်ဆောင်ပေးလိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ဖြစ်စေရေး ကို ဦးစားပေးရမည်။ စစ်ခေါင်းဆောင်များကို နိုင်ငံ့ခေါင်းဆောင် တင်ရေးသည် အဓိကလမ်းကြောင်း မဟုတ်ပေ။ အာဏာကို ထိန်းသိမ်းထားချိန်တွင် စစ်ခေါင်းဆောင်များသည် အာဏာတည်မြဲ ရေးကို မကြိုးပမ်းသင့်ဘဲ တိုင်းပြည်ကောင်းစားရေး၊ ပြည်သူကောင်း စားရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အကောင်းဆုံး အကြံပြု ပေးသူများ၊ ရပ်တည်ပေးသူများ၊ အကာအကွယ်ပေးသူများ အဖြစ် ရပ်တည်ခြင်းက သိက္ခာရှိသော တပ်မတော်အသွင် ပြည်သူချစ်ခင် စေသည့် အကြောင်းတရားများ ဖြစ်နိုင်သည်။
စစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု များလာခြင်းကို ဒီမိုကရေစီ သဘောတရားတွင် ကောင်းသည့် အလားအလာတစ်ခု အနေဖြင့် မသတ်မှတ်နိုင်ပေ။ နောင်တစ်ချိန်တွင် နိုင်ငံရေးမှ ဆွဲထုတ်ရခက်သည့် အနေအထားတစ်ခုသို့ ရောက်သွားနိုင်သော ကြောင့်ဖြစ်သည်။ ဒီမိုကရေစီသည် ပြည်သူကို ကိုယ်စားပြုခြင်း အရပ်သားပြည်သူများကို အလေးထားနေရာပေးခြင်း ဖြစ်သည်။ ဒီမို ကရေစီ သဘောတရား၏ မူလဘူတမှာ စစ်သားများသည် အရပ်သားတို့ နေရာကိုဝင်ပြီး လွှမ်းမိုးသည့် သဘောတရားများကို မတွေ့ ရပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲကြခြင်းသည် ဒီမိုကရေစီနည်းကို ကျင့်သုံးကြခြင်း သာဖြစ်ပါသည်။ အနာဂတ်တွင် လိုအပ်နေသည့် တိုင်းပြည် အုပ်ချုပ်သူကို ရွေးချယ်ရန်အတွက် ပြင်ဆင်နေချိန်တွင် အရပ်သား ခေါင်းဆောင်၊ အရပ်သားအစိုးရဖြင့် ဒီမိုကရေစီ ဖော်ဆောင်ကြခြင်းက ပန်းတိုင်ဖြစ်သင့်ပြီး စစ်ခေါင်းဆောင်ကို အမှီပြုနေရမည့်အသွင် ဖော်ဆောင်ထားခြင်းသည် ဒီမိုကရေစီ အကျဉ်းကျနေခြင်း ဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်တွင် စစ်တပ်ကို ဆန့်ကျင်ပစ်ပယ်၍ မရပေ။ အသွင်ကူးပြောင်းရေး ကာလများတွင် မရှိမဖြစ် လိုအပ်ကောင်း လိုအပ်နိုင်သော်လည်း ဒီမိုကရေစီ ဖော်ဆောင်ပေးရန် တာဝန်ရှိသဖြင့် တိုင်းပြည်တာဝန်၊ ပြည်သူ့တာဝန်ကို ထမ်းဆောင်ခြင်းသာ ဖြစ်သည်။ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် Checks and Balances ဖြစ်စေရန် တာဝန်ယူရမည့်သူများ ဖြစ်သင့်ပါသည်။ တိုင်းပြည်အပေါ် စေတနာ ထားသဖြင့် အုပ်ချုပ်ရေးတွင် ပါဝင်လိုပါကလည်း တရားနည်းလမ်း ကျစွာဖြင့် ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ သတ်မှတ်ချက် များအတိုင်း ဝင်ပြိုင်ပြီး ပြည်သူတို့ အလိုအတိုင်းသာ ဖြစ်သင့် ပါသည်။
အာဏာရှင်မှ ဒီမိုကရေစီသို့
ကူးပြောင်းခြင်း၊ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင်လည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ဒီမိုကရေစီ ဖော်ဆောင်ခြင်းတို့သည် အခြေခံစံအဖြစ်
ကူးပြောင်းခြင်းမျိုး ဖြစ်သင့်ပါသည်။ အာဏာရှင်စနစ်တွင်
မတူကွဲပြားနိုင်ငံရေး သဘောတရားများ၊ အဖွဲ့အစည်းများကို လက်ခံလေ့မရှိပေ။
အာဏာရပါတီ သို့မဟုတ် အဖွဲ့အစည်းကသာ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ
တက်လာကာ လွှမ်းမိုးထားပြီး အတိုက်အခံမရှိသော နိုင်ငံရေး၊ အတိုက်အခံ
ရှိလျှင်လည်း အတိုက်အခံတို့သည် ပါးစပ်ပင် ရဲရဲမဟဝံ့သော နိုင်ငံရေးမျိုး
ဖြစ်နေတတ်ပါသည်။
ဆင်မြူရယ် ဟန်တင်တန်က ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆို ရာတွင်
“ဒီမိုကရေစီ ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များကို ပြည်သူက လွတ်လပ်ပြီး
တရားမျှတစွာဖြင့် ရွေးကောက်တင်မြှောက် ပေးရသည့်စနစ်” ဟု ဆိုသည်။
ထိုဖွင့်ဆိုချက်သည် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းဖြစ်ပါသည်။
စစ်ဗိုလ်စစ်သားတို့လည်း ပြည်သူ များတွင် ပါဝင်ပါသည်။ သို့သော်
ပြည်သူလေးစားသော အဖွဲ့အစည်း များဖြစ်ရန် ပြည်သူကို အလေးထားပြီး ပြည်သူကို
ကိုယ်စားပြုသည့် ပြည်သူတို့ အမှန်တကယ် ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံ
အခြေခံဥပဒေ ကိုတော့ လေးစားရပေလိမ့်မည်။ အရပ်သားနှင့် စစ်သား
ကွဲပြားမှုမရှိသော လူ့ဘောင်တစ်ခု ဖြစ်ရန်အတွက် ပထမ အချက်အနေဖြင့် စစ်သားသည်
အရပ်သားနှင့် သီးခြားလူတန်းစား တစ်ရပ်ကဲ့သို့ ဖြစ်မသွားရန် အရေးကြီးသည်။
စစ်သားတို့သည် အခြားအဖွဲ့အစည်း များတွင် တိုင်းပြည်၏ အရေးပါသော တာဝန်
များကို ယူထားရသူများနှင့် တစ်တန်းတစ်စားတည်း ဖြစ်သည်။ စစ်သားသည်
အရပ်သားဘက် အဖွဲ့အစည်းများတွင် ဝင်ရောက်နေရာ ယူခြင်းများကိုလည်း
ရှောင်ရှားနိုင်ရမည် ဖြစ်သည်။ ပါသင့်သည့် နေရာကိုပါပြီး
ခွာသင့်သည့်နေရာများကို ခွာထားရပေလိမ့်မည်။ ငါမပါ ဘယ်နေရာမှ မပြီးဆိုသည့်
သဘောထားမျိုးများ မရှိသင့်ပေ။ စစ်သားများတွင် လူတော်များ
ရှိကောင်းရှိနိုင်သော်လည်း အရပ်သား များကို ဦးစားမပေးသည့် ဒီမိုကရေစီ
ဖော်ဆောင်ခြင်းသည် အောင်မြင်မှု မရနိုင်ပေ။ ဒုတိယအချက် အနေဖြင့် အမျိုးချစ်သည်ဆိုခြင်းမှာ စစ်ဗိုလ် စစ်သားသီးခြားတာဝန် မဟုတ်ပါ။ တိုင်းပြည်နှင့် လူမျိုး၊ ဒီမိုကရေစီ အကျိုးအတွက် မည်မျှ အနစ်နာခံ ဆောင်ရွက်နိုင်သနည်း ဆိုခြင်းနှင့် တိုင်းတာ သင့်ပါသည်။ စစ်တိုက်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ပါသည်။ လူတိုင်း၊ နိုင်ငံသူ နိုင်ငံသားတိုင်း တိုင်းပြည်နှင့် လူမျိုး ချစ်စိတ်ရှိနိုင်ပါသည်။ မျိုးချစ်စိတ်ကို လက်ဝါးကြီးအုပ်ထား၍ မရနိုင်ပါ။
တတိယအချက်အနေဖြင့် စစ်တပ်သည် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို ကိုင်တွယ်ရာတွင် ပွင့်လင်းပြီး အမြင်ရှင်းရှင်းဖြင့် ကိုင်တွယ်ဆောင်ရွက်ခြင်းကို ပြည်သူတိုင်း လိုလားပါသည်။ စစ်တပ်က ဒီမိုကရေစီကို ထိန်းကျောင်းခြင်း၊ အကာအကွယ်ပေးခြင်း မျိုးဖြစ်သင့်ပြီး ထဲထဲဝင်ဝင် ပါဝင်ခြင်းမျိုးသည် သံသယ ဖြစ်စေနိုင် ပါသည်။ ငါတို့ဖောက်သည့် လမ်းသည် ငါတို့လျှောက်လှမ်းရန် မဟုတ်၊ ပြည်သူတို့အတွက် ဖြစ်ကြောင်း ထင်သာမြင်သာရှိစွာ ပြသနိုင်မှသာ စစ်တပ်ကို ပြည်သူ လေးစားနိုင်ပါသည်။
တင်ညွန့်
(The Military as the Guardian of Constitutional Democracy, by Ozan O.Varal)
No comments:
Post a Comment