Wednesday, January 2, 2013

ခြေလှမ်းတွေနောက်ကျတဲ့ မြန်မာ အစိုးရ

ခြေလှမ်းတွေနောက်ကျတဲ့ မြန်မာ အစိုးရ

နာမည်ခံ ဒီမိုကရေစီ
နှစ်ပေါင်း ၅၀ နီးပါး ကိုယ်လုပ်ချင်ရာလုပ်ခဲ့တဲ့ မြန်မာ အစိုးရဟာ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ သီးသန့်ဖြစ်ပြီး နိုင်ငံတကာ လုပ်နည်းလုပ်ဟန်တွေနဲ့ ဝေးကွာခဲ့ပါတယ်။ နိုင်ငံကို ပြောင်းလဲလိုတဲ့ စစ်ဗိုလ်ချူပ်တချို့ရဲ့ လုပ်ရပ်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရေးအခြေအနေ ပိုမိုကောင်းမွန်လာဖို့ ကြိုးစားနေကြတာကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြတာကို တွေ့ရပါတယ်။
လူထုက မကြိုက်ဘဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ပြုပြင်မယ့်သူနဲ့ ခုခံမယ်သူတို့ လွှတ်တော်အတွင်းမှာ တွေ့ဆုံစကားပြောကြတဲ့ အခြေအနေကို ရောက်နေကြပြီ။ အကြိတ်အနယ် ပြောဆို ဆွေးနွေးတာထက် အီလေးဆွဲ မလိုအပ်တာတွေမှာ အချိန်ကုန်နေတဲ့ လွှတ်တော်ကြီးဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေ လုပ်ပုံကိုင်ပုံတွေကို အတုယူဖို့ လိုအပ်နေပါတယ်။ သို့သော် နာမည်ခံ ဒီမိုကရေစီစနစ်ဆိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေက ခြယ်လှယ်နေတုန်းပါပဲ။ ထိုအခြေအနေမှ ပွင့်လင်းမြင်သာတဲ့ လုပ်ကိုင်မှုမျိုးနဲ့သာ ရှေ့ကိုတိုးတက်နိုင်မှာ ဖြစ်ပါတယ်။

နည်းပညာ အခက်အခဲ
တကယ်တော့ မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေခံ အဆောက်အဦးများဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံးအဆင့်ထဲမှာရှိတယ် လို့ပြောရပါမယ်။ ရန်ကုန်မြို့မှာတင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ ပညာရေးနဲ့ ကျန်းမာရေး စတာတွေ အခက်အခဲရှိတာကို တွေ့ရပါမယ်။ မလေးရှားတို့ ထိုင်းတို့မှာ တောနယ်လေးတွေမှာတောင် လျှပ်စစ်မီး ရရှိနိုင်ပေမယ့် မြန်မာပြည်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် မန္တလေး မြို့တွေမှာ လျှပ်စစ်မီးပုံမှန် မရရှိသေးပါဘူး။လျှပ်စစ်မီး လုံးဝမရရှိသေးတဲ့ တောနယ်တွေက မြန်မာပြည်အနှံ့အပြားမှာ ရှိနေဆဲပါ။ လက်တလော မြန်မာ့ဆက်သွယ်ရေးက ကောက်ခံမယ်ဆိုတဲ့ အင်တာနက်သုံးနှုန်းတွေဟာ လက်ဝါးကြီးအုပ်သူတွေရဲ့ အမြတ်ထုတ်မှုတွေကို တွေ့ရပါမယ်။ တကယ်တော့ ပြောင်းလဲတိုးတက်မှုကို ဦးတည်နေတယ် ဆိုရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ ၀င်ငွေကို ထည့်တွက်ရပါမယ်။ နိုင်ငံတကာဈေးနှုန်းထက် ပိုမိုမြင့်မားတဲ့ ကောက်ခံမှုမျိုးဟာ နည်းပညာသုံးစွဲသူတွေကို ဟန့်တားလိုက်သလိုဖြစ်စေပါတယ်။
တာဝန်ခံမှုနဲ့ တာဝန်ယူမှု
ဒီမိုကရေစီစနစ်ကို ဦးတည်နေတဲ့ အစိုးရတစ်ရပ်ဟာ တာဝန်ခံမှုနဲ့ တာဝန်ယူမှုရှိသင့်ပါတယ်။ ကြိုတင်တွေးတောမှုမျိုးလည်းရှိသင့်ပါတယ်။ လက်ပတောင်းတောင် အရေးအခင်းမျိုးမှာ ဖြစ်ပျက်သွားတဲ့အခြေအနေတွေအပေါ်မှာ အမြန်ဆုံးတာဝန်ယူမှု ရှိသင့်ပါတယ်။ ဒါကလည်း နှစ်ပေါင်း ၅၀ လောက် ထင်ရာစိုင်းလာခဲ့တဲ့ မြန်မာအစိုးရအနေနဲ့ အကျင့်ဖြစ်အောင် အတော်လုပ်ယူရမယ့် အခြေအနေပါ။ အရာရာကို အရင်အစိုးရဆိုပြီးလွှဲချဖို့ မသင့်တော်ပါဘူး။ အရင်အစိုးရက ဒီလိုလုပ်ခဲ့ပြီးပြီ အခုအစိုးရက ဘယ်လို ပွင်လင်းမြင်သာမှုမျိုးနဲ့ ကိုင်တွယ်မလဲဆိုတာ အရေးကြီးပါတယ်။ မလုပ်ခင် မပြောခင်မှာ လုပ်ပြီး ပြောပြီးရင် ဘာဆက်လုပ်မလဲဆိုတာကိုပါ ထည့်စဉ်းစားထားဖို့လိုပါမယ်။ ဥပမာပေးရမယ်ဆိုရင် 'သမ္မတရုံးရဲ့ ၁၁/၂၀၁၂ ကြေငြာ' လိုဖြစ်သွားတဲ့ လုပ်ရပ်ဟာ ကြိုတင်ပြင်ဆင်မှု ဘာမှ မရှိသလို တာဝန်ယူမှုကင်းမဲ့နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ
ဥရောပနိုင်ငံများနဲ့ အမေရိကန်တို့က စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ချခဲ့လို့ နိုင်ငံခြား ကုမ္ပဏီတော်တော်များများဟာ မြန်မာနိုင်ငံမှာ အတွင်းမှာ စီးပွားရေးလုပ်ဖို့ အလုံးအရင်း ၀င်ရောက်လာကြပါပြီ။ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသည်များလည်း ပိုမို များပြားလာပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့အတူ မြန်မာပြည်ဟာ ကမ္ဘာရဲ့ အာရုံစိုက်ခံရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ အရှေ့တောင်အာရှနိုင်ငံများကလည်း ဈေးကွက်ရှာခြင်း လုပ်ကွက်ရှာခြင်းများကို လုပ်ကိုင်လာခဲ့တာကြောင့် မြန်မာပြည်ဟာ ဗီယက်နမ်ရဲ့ တိုးတက်မှုနောက်ကို လိုက်လိမ့်မယ်လို့ တွက်ကြတဲ့သူတွေလည်းရှိကြပါတယ်။ ဒါလို နိုင်ငံရေးအခြေအနေ တိုးတက်မှုတွေဟာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် ခြယ်လှယ် လုပ်ကိုင်လာခဲ့တဲ့ တရုတ်နိုင်ငံအဖို့ စိတ်လေးစရာဖြစ်ပါလိမ့်မယ်။

နောက်ပြန်ဆွဲလိုသူများ
အပြောင်းအလဲကာလမှာ နောက်ပြန်လိုသူတွေဟာ ခေတ်တိုင်းမှာ ရှိပါတယ်။ ဒါကလည်း ကိုယ်အသားကျနေပြီးသားဖြစ်တဲ့ အခြေအနေတစ်ခုကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို သွားနေမှန်းသိသော်လည်း အသားကျနေတဲ့သာယာမှုတွေကို စွန့်လွတ်လိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ အစိုးရဘက် အပိုင်းမှာလည်း ရှိနိုင်သလို တော်လှန်ရေးမှာ သာယာတတ်တဲ့သူတွေမှာ လည်းရှိတတ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲမရှိရင် စိတ်လက်မအီမသာဖြစ်တတ်တဲ့ အတိုက်အခံတွေလည်း ရှိပါတယ်။ ရရင်ရ မရရင်ချ ဆိုတဲ့ အခြေအနေထက် တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဟာလည်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားနည်းလေတော့ စိတ်မရှည်သူတွေ ရှိကောင်းရှိပါလိမ့်မယ်။

ခြေလှမ်းတွေ နောက်ကျ
အရင်စနစ်တွေမှာ ပြည်သူနဲ့ မီဒီယာက အစိုးရနောက်ကို လိုက်ကြရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက ထင်ရာစိုင်းခဲ့သလို ဘာလုပ်လုပ် ဖြေရှင်းမှု မရှိခဲ့လို့ပါ။ အစိုးရရဲ့ ခြေလှမ်းကို တွက်ဆဖို့ ခက်ခဲလွန်းလှပါတယ်။ အခုစနစ်မှာတော့ ဒီလိုမလုပ်သင့်တော့ပါဘူး။ ဒါပေမယ့် အစိုးရ အဖွဲ့ဝင်တော်တော်များများဟာ နှစ်ငါးဆယ်လောက် ကျင်လည်ခဲ့တဲ့ အမူအကျင့်တွေကို ရုန်းမထွက်နိုင်သေးပါဘူး။ မြန်ဆန်တဲ့ အင်တာနက်စနစ်နဲ့ အလွတ်မီဒီယာ သမားတွေရဲ့ ထိရောက်မှုဟာ အစိုးရကို သတင်းထိန်ချန်မှုတွေမရှိနိုင်အောင် တွန်းအားတွေ ပေးနေတာ တွေ့ရပါတယ်။ ဒီလိုပါပဲ နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံဟာ မြန်မာအစိုးရဘာမှ မပြောနိုင်ခင်မှာပဲ ကြေငြာချက်တွေ ထုတ်ပြီး မြန်မာပြည်တွင်းမှာဖြစ်တဲ့ ပြဿနာတွေဟာ သူ့တို့တွေနဲ့ မသက်ဆိုင်ကြောင်း နိုင်ငံတကာ ကို အသိပေးကြပါတယ်။ ဒါတွေကို ကြည့်ရင် ပြင်ဆင်မှု အလေ့အကျင့်မရှိတဲ့ မြန်မာအစိုးရဟာ ခြေလှမ်းတွေ နောက်ကျနေတာကို တွေ့ရပါတယ်။

နောက်ပြန်လှည့်နိုင်မလား
လက်ပံတောင်းတောင်အရေးအခင်း အပြီးမှာ နောက်ပြန်လှည့်နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေဟာ သံသယတွေနဲ့ရောထွေးသွားပါတယ်။ တည်ဆောက်ဖို့ ကြာရှည်သလောက် ဖျက်ဆီးဖို့ အချိန်သိပ်မလိုပါဘူး။၂၀၀၈ အခြေခံဥပဒေထဲမှာပါတဲ့ စစ်တပ် အာဏာသိမ်းမှုအခန်းကဏ္ဍဟာလည်း ပယ်ဖျက်ခြင်းမရှိသေးတော့ တိုင်းပြည်ကို အငြင်သာဆုံး ရှေ့တိုးဖို့ ကြိုးစားနေသူတွေ အဖို့ အကျဉ်းအကြပ်ထဲရောက်နေရသလို သတိကြီးစွာထားရမယ့် အချိန်လည်းဖြစ်ပါတယ်။ တကယ်တမ်းတော့ နိုင်ငံအခြေအနေဟာ ပိုမိုဆိုးရွားလာနိုင်ဖို့ရှိနေပြီး အစိုးရရဲ့ ကိုင်တွယ်ပုံ ပေါ်မှာ အများကြီးမူတည်နေပါတယ်။ လမ်းမှန်ပေါ်မှာ ရှေ့ဆက်သွားရန်အတွက်လည်း အားလုံးဝိုင်းဝန်း ကြိုးစားထိန်းကြောင်းရပါဦးမယ်။

ခင်မင်လေးစားစွာဖြင့်
ကိုငယ်(မန္တလေး)

သံလွင်အိမ်မက် အင်တာနက်မဂ္ဂဇင်းမှ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။