Tuesday, January 29, 2013

ယုံလွယ်သူများ


ယုံလွယ်သူများ


 သိပ်မကြာခင်က ဖေ့ဘွတ်ပေါ်မှာဘုမသိဘမသိ ရှဲကြတဲ့သူတွေ ဆဲကြတဲ့သူတွေနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှကန်းကြရှာသူများဆိုပြီး ရေးခဲ့ဖူးပါတယ်။ အခုကျနော်ထပ်ပြီးဆက်စပ်စဉ်းစားကြည့်မိတယ်။ တကယ်တမ်းကျတော့ ကျနော်တို့လူမျိုးတွေ အဲသလောက်မရိုင်းပါဘူး။ အဲဒီတုန်းကဆဲခဲ့တဲ့သူတွေ၊ ရှဲခဲ့တဲ့သူတွေထဲမှာ တကယ်ကိုစိတ်ထား ယုတ်ယုတ်မာမာနဲ့ သူများသားသမီးစော်ကားလိုတဲ့စိတ်နဲ့လုပ်တဲ့သူတွေပါနိုင်ပေမယ့် အများစုကတော့ လှုံ့ဆော်ခံရတဲ့မျိုးချစ်စိတ်ကြောင့် အဲလိုမျိုးတွေလုပ်တာဖြစ်နိုင်တယ်လို့စဉ်းစားမိတယ်။ အဲလိုကျတော့ သူတို့ကိုစိတ်မတိုမိတော့ဘဲ အယုံလွယ်လွန်းလို့ သူများအသုံးချခံရတဲ့ အဲလိုလူတွေကိုသနားမိတယ်။ အဲဒီကနေမှ ကျနော်တို့လူမျိုးတွေအများအားဖြင့်တွေ့ကြုံနေရတဲ့ ပြဿနာအစစ်ကိုသွားတွေ့မိတယ်။ အဲဒါကတော့ အယုံလွယ်ခြင်းပါပဲ။
သိပ်မကြာခင်ကမှ ပလူပျံအောင်ရှဲကြတဲ့သတင်းတစ်ပုဒ်မှာ တရုတ်ပြည်ကအမျိုးသမီးလေး တစ်ယောက် ဟာ ရည်းစားနဲ့ဟော်တယ်မှာသွားအိပ်တဲ့အတွက် သူနိုးလာတဲ့အချိန်မှာကျောက် ကပ်နှစ်လုံးစလုံးအခိုးခံရ တယ်။ အဲဒါကြောင့် ကျောက်ကပ်အလှူရှင်စောင့်ရင်းသေသွားရတယ်လို့ဆိုပါတယ်။ အဲဒီဇာတ်လမ်းကိုရှဲကြတဲ့အရေအတွက်က ထောင်ဂဏန်းလောက်ရှိမလားပဲ။ ကွန်မင့်တွေမှာတော့ သနားပါတယ်ဆိုသူကတစ်မျိုး၊ ဒီလိုမိန်းမဒီလိုခံရတာနည်းသေးတယ်ဆိုတာကတစ်ဖုံ အမျိုးမျိုး ကွန်မင့်တွေပေးကြပါတယ်။ ရည်ရွယ်ချက်လေးကတော့ကောင်းပါတယ် အမျိုးသမီးတွေအယုံမလွယ်ကြဖို့ ကိုယ်အင်္ဂါခိုးတဲ့ဂိုဏ်းတွေရှိတယ်ဆိုတဲ့အကြောင်းဆိုလိုချင်ပုံပါ။ ရည်ရွယ်ချက်လည်းကောင်းပါတယ်။ ရှဲကြတော့လည်း ကောင်းပါတယ်။ သတိထားနိုင်တာပေါ့။ ဒါပေမယ့်ဒီဇာတ်လမ်းရဲ့ ယုတ္တိဗေဒကိုတော့ ဘယ်သူမှမဆန်းစစ်ခဲ့ကြဘူး။ ကျောက်ကပ်ဆိုတဲ့အရာဟာ ခန္ဒာကိုယ်မှာအရေးပါလွန်းတဲ့ အင်္ဂါအစိတ် အပိုင်းပါ။ သူမရှိဘဲဘယ်လိုမှရှင်သန်နိုင်စွမ်းမရှိပါ။ ဒီဇာတ်လမ်းထဲကလိုမျိုး နိုးလာတော့မှကျောက်ကပ်မရှိမှန်းသိတာမျိုးဆိုတာ။။။။ ကဲထားပါတော့လေ။ ဆေးပညာဗဟုသုတနည်းလို့ ကျောက်ကပ်အကြောင်းမသိဘူးဆိုရင်တောင်မှ ကိုယ်အင်္ဂါပစ္စည်းမှောင်ခိုခိုးတဲ့ဂိုဏ်းတစ်ဂိုဏ်းက ဘယ်လိုဂရုဏာမျိုးနဲ့များ ဒီကောင်မလေးကို အသက်ရှင်ခွင့်ပေးထားရတာပါလဲ။ တကယ်တမ်းပြောရရင်တော့ အစကအဆုံးယုတ္တိမရှိတဲ့ အချက်တွေပြောလို့မဆုံးနိုင်ပါဘူး။ ဒီအဖြစ်အပျက်ကတော့ ဘယ်သူ့ကိုမှလည်းမထိခိုက်ပါဘူး၊ သတိထားဖြစ်ရင်ပိုတောင် အကျိုးရှိနိုင်ပါသေးတယ်။ ဥပမာအနေနဲ့ပဲ ယုတ္တိဗေဒကို ဖြစ်နိုင်ချေရှိမရှိ ဆိုတာကို စဉ်းစားစေချင်တဲ့သဘောပါ။ စဉ်းစားတတ်တဲ့သူတွေအလယ်မှာတော့ အဲလိုမျိုးတွေရှဲမိတဲ့ သူတွေကို လူရယ်စရာကြီးဖြစ်သွားနိုင်တယ်၊ ဒီလောက်တောင်အယုံလွယ်ရသလားဆိုပြီး အထင်သေးခံရနိုင်တယ်လေ။
နောက်အဖြစ်အပျက်တစ်ခုက ဖေ့ဘွတ်ပိတ်တော့မယ်ဆိုတာပါ။ ဖေ့ဘွတ်ပိတ်တော့မှာဖြစ်ကြောင်း မပိတ်အောင်ဝိုင်းဝန်းတောင်းဆိုပေးရမှာဖြစ်ကြောင်း စသည်ဖြင့်ယုံလောက်အောင်စီကာပတ်ကုံးရေးပြီး လျှောက်ဖြန့်ပါတယ်။ တခြားနိုင်ငံတွေမသိပေမယ့် ဒီတစ်ခါလည်းတို့မြန်မာတွေယုံကြပြန်ပါတယ်။ တစ်ယောက်ကနေတစ်ယောက် ချက်ထဲကနေတဆင့်ရှဲကြ၊ ဝေါတွေကနေရှဲကြပြန်ပါရော။ ဒီလောက်သူ့ကိုဝင်ငွေပေးနေတဲ့လုပ်ငန်းတစ်ခုကိုပိတ်မယ်ဆိုတဲ့ကောလဟာလသာ Mark ကြားရင်ဘယ်လိုများနေမယ်မသိဘူး။ မယုံမရှိနဲ့ဗျ။ အဲလိုဖေ့ဘွတ်ပိတ်မယ်ဆိုတဲ့အသံတွေကိုယုံကြည်ပြီး ၀မ်းနည်းပက်လက်ဖြစ်နေတဲ့ရွှေမြန်မာတွေဒုနဲ့ဒေး။ ကဲပါလေ ဒါလည်းထားပါတော့ ယုံတတ်တဲ့သူတွေခံစားရပေမယ့် မယုံတဲ့သူတွေအတွက်တော့ ဟားစရာတစ်ခုထက်မပိုပါဘူး။ ဘယ်သူ့အကျိုးမှလည်းမယုတ်ပါဘူး။
တကယ်တမ်းအကျိုးယုတ်တဲ့အယုံလွယ်မှုကတော့ လူတစ်ယောက်ကိုသိက္ခာကျအောင်၊ အရှက်ကွဲအောင် ကြံစည်ပြီးလုပ်တဲ့ မမှန်မကန်လုပ်ဇာတ်တွေကို အယုံလွယ်ပြီးလျှောက်ရှဲတဲ့ အမှုပါ။ ဥပမာ ရခိုင်မလေးမုဒိမ်းကျင့်ခံရတဲ့အမှုမှာ တရားခံကုလားသုံးယောက်ဆိုပြီး ပြုံးဖြီးဖြီးနဲ့လူသုံးယောက်ပုံကိုတင်ပြီး ဖြန့်ပါတယ်။ အဲဒီအခါ ရှဲတဲ့သူတွေကလည်း အားရပါးရရှဲပါတယ်။ ရှဲတဲ့အပြင်ဆဲပါဆဲကြပါသေးတယ်။ အမှန်တော့အဲဒီသုံးယောက်စလုံး လုပ်ကြံခံရတာပါ။ တင်တဲ့လူက သူမကျေနပ်တဲ့သူပုံတွေကိုစုပြီး မုဒိမ်းတရားခံသုံးယောက်ဆိုပြီး လှိမ့်လိုက်တာပါ။ အဲဒီကုလားသုံးကောင်ဆိုပြီးတင်လိုက်တဲ့အထဲမှာ တစ်ယောက်မှမပာုတ်တဲ့အပြင် ဗုဒ္ဒဘာသာစစ်စစ်တစ်ယောက်ပါ ပါနေသေးတယ်လို့ဆိုပါတယ်။ စဉ်းစားကြည့်ရင် အသိသာကြီးပါ။ ဘယ်မုဒိမ်းကောင်ကများ ပြုံးဖြီးဖြီးလုပ်ပြီး ဓါတ်ပုံအရိုက်ခံတာ မြင်ဖူးလို့ပါလဲ။ ၀တ်ကောင်းစားလှဝတ်ပြီး ဓါတ်ပုံအရိုက်ခံတာမြင်ဖူးလို့ပါလဲ။ ကိုယ်သာအဲလိုအလုပ်ခံရပြီဆိုရင် ဘယ်လိုခံစားရမလဲဆိုတာကို ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။ သိက္ခာရော အရှက်ရောကွဲတဲ့အပြင် အခန့်မသင့်ရင် ရုပ်မှတ်မိတဲ့သူတစ်ယောက်ကအပြင်မှာ တီးမှာကိုတောင်စိုးရပါသေးတယ်။ အဲလို ပုံလေးကိုစာရိုက်တတ်ရုံနဲ့ ဘာမှန်းညာမှန်းမစဉ်းစား မဆင်ခြင်ကြတော့တဲ့သူတွေကိုကြည့်ပြီး တစ်ခုတွေးမိတယ်။ တို့မြန်မာတွေများအယုံလွယ်ချက်တော့ သူတို့ကိုလိမ်ဖို့ Photoshop တောင်လုပ်စရာမလိုဘူးလို့။
ဗုဒ္ဒဘာသာကိုထဲထဲဝင်ဝင်ယုံကြည်သူတွေ၊ သိသူတွေအနေနဲ့တော့ ဘုရားဟောထားတဲ့ ကာလာမသုတ္တံဆိုတာကို ဆင်ခြင်သင့်ပါတယ်။ ဘယ်သူပြောလို့ ဘယ်ဝါပြောလို့ ဘယ်စာအုပ်ထဲကမို့လို့ အဲဒါမျိုးတွေနဲ့တော့ ယုံကြည်မနေပါနဲ့။ နာမည်ကြီး လူပုဂ္ဂိုလ်တွေလည်းမှားယွင်းနိုင်ပါတယ် စာအုပ်တွေလည်းမှားယွင်းနိုင်ပါတယ်။ ဥပမာပြောရရင် အက်စစ်ထိလို့ ကလေးပိုလီယိုဖြစ်ဆိုပြီး အခိုင်အမာပြောတဲ့သတင်းထောက်အရင့်အမာကြီးတစ်ယောက်ကိုလည်း မြင်ဖူးပါတယ်။ အကောင်းဆုံးကတော့ မိမိရဲ့ဦးနှောက်ကိုအသုံးချပါ။ ယုံသင့်ရဲ့လား ယုံထိုက်ရဲ့လား၊ တကယ်ရော ဟုတ်ရဲ့လား၊ နည်းနည်းစုံစမ်းကြည့်ရင်မကောင်းဘူးလား။ အဲလိုမျိုးစိတ်တွေကိုအမြဲသွင်းထားပါ။ အရာရာတိုင်းကို ဘာ့ကြောင့်လဲ ဘာ့ကြောင့်လဲဆိုတဲ့ စကားနဲ့အမြဲဆင်ခြင်ပါ။ စကားစပ်မိလို့ပြောရရင် အနောက်တိုင်းသားတွေဟာ Why ကိုအရမ်းသုံးပါတယ်တဲ့။ သူတို့ဟာဘယ်အကြောင်းအရာမဆိုကို Why လုပ်တတ်ပါတယ်။ Why လုပ်တာများလာတော့ အမြင်ကျယ်လာပါတယ်။ ထဲထဲဝင်ဝင်သိလာပါတယ်။ အဲဒါကြောင့် သူတို့လူမျိုးတွေဖွံ့ဖြိုးတိုးတက်တာမြန်ဆန်ပါတယ်။ ကျနော်တို့လူမျိုးတွေလည်း WHY (ဘာ့ကြောင့်လဲ) ဆိုတာကိုအမြဲမေးကြည့်ပါ။ ထိလွယ်ရှလွယ်တဲ့ သူများကိုထိခိုက်သွားနိုင်တဲ့ ပို့စ်တွေ ဓါတ်ပုံတွေ ဘယ်အရာမျိုးတွေကိုမဆို ရှဲတော့မယ်၊ ကွန်မင့်ပေးတော့မယ်ဆိုရင် ပစ္စလက္ခယုံပစ်လိုက်မယ့်အစား ခဏလောက်ဖြစ်ဖြစ်စဉ်းစားကြည့်ပါ။ တွေးကြည့်ပါ။ ကိုယ့်ရဲ့စေတနာက သူများတွေအတွက်ဝေဒနာဖြစ်သွားနိုင်စေတယ်၊ သူများတွေအတွက် ရယ်စရာဖြစ်သွားနိုင်စေတယ်ဆိုတာကို တခဏလောက်စဉ်းစားပြီး ဆင်ခြင်ကြည့်ပါ။ ဒါဆိုရင် ဖေ့ဘွတ်ပေါ်မှာ ယုံလွယ်တာကြောင့်ဖြစ်တဲ့ပြဿနာတွေအတော်ရှင်းလင်းသွားနိုင်ပါတယ်။
Lu Bo 
ဘကြီးသက်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။