Tuesday, January 29, 2013

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်


ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် 

သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၉ရက်နေ့ ဇန်န၀ါရီ ၂၀၁၃  —-   ရခိုင်ကမ်းလွန်မှဂက်စ်နှင့်ရေနံစိမ်းများကို မေလ ၁ ရက်နေ့ တရုတ်ပြည်သို့စတင်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေ သည့် အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မှ ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်မြို့ရွာမှ ဒေသခံများထံ မှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်ကန့်ကွက်မည်ဟု ဆိုပါသည်။

ဂက်စ်နှင့်ရေနံပိုက်လိုင်းဖြတ်သန်းခံရသည့် ဒေသခံ လယ်ယာမြေပိုင်ရှင်များထံမှဆန္ဒများကောက်ယူကာ အဆိုပါ မြန်မာ တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီမှ ကြေငြာချက်တစောင်ထုတ်ပြန်ထားသည်ဟုလည်း လှုပ်ရှားသူ လူငယ်တဦးက ပြောပါသည်။
“ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှာ အဖွဲ့ ၁၂ ဖွဲ့တောင်ရှိတယ်။ ပြီးခဲ့တဲ့အပတ်ထဲက ကြေငြာချက် ၇ ချက် ထုတ်ပြန်တယ်။ မေလ ၁ ရက်မတိုင်ခင် ဂက်စ်၊ ရေနံ မလွှတ်ခင်မှာ သျှမ်းပြည်ဝန်ကြီးချုပ်ဆီကို စာတင်ကြမယ်လို့ ပြောတယ်” ဟု သျှမ်းပြည်အတွင်း စစ်တမ်းကောက်ရေးတွင်ပါဝင်လှုပ်ရှားသည့် နမ္မတူလူငယ်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
အဆိုပါ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီတွင်ပါဝင်သော အဖွဲ့ ၁၂ ဖွဲ့မှာ Arakan Ray Youth ၊ Green Network  sustainable Development  Group မကွေး၊ Ayarwady west development Organization (မင်းဘူး၊စကု၊ ပွင့်ဖြူ၊ ငဖဲ) ၊ Green Future (ရေနံချောင်း)၊ ပုပ္ပါးတောင်ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့(ကျောက်ပန်းတောင်း)၊ Green For All(တောင်သာ၊မြင်းခြံ၊နွားထိုးကြီး) ၊စိမ်းရောင်စို(တံတားဦး)၊ စိမ်းရောင်စို Activities မန္တလေး၊စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ စိမ်းရောင်စို(ကျောက်မဲ)၊   သျှမ်းပြည်နယ်မြောက်ပိုင်းဖွံဖြိုးရေးတိုးတက်ရေးအသင်း (လားရှိုး၊သီပေါ၊နမ္မတူ၊ နောင်ချို၊နမ့်ခမ်း) စသည်တို့ဖြစ်ပါသည်။
၎င်းတို့၏ကြေငြာချက် ၇ ချက်မှာ
(၁) မြန်မာတရုတ်ရွှေ သဘာဝဓါတ်ငွေ့နှင့်ရေနံပိုက်လိုင်းစီမံကိန်းအပေါ် စီမံကိန်းအခြေခံအချက်အလက်များကို လည်း ကောင်း  နိုင်ငံရေးနှင့်ပါတ်သတ်သည့်သဘောတူညီချက်များကိုလည်းကောင်း၊  ပိုက်လိုင်းလုံခြုံဘေးကင်းရေးစံနှုန်းများကို လည်းကောင်း၊ ငွေရေးကြေးရေးနှင့်ဘဏ္ဍဍာရေးဆိုင်ရာအချက်အလက်များကို လည်းကောင်း၊ နောက်ဆက်တွဲ အကောင် အထည်ဖော်မည့်အစီစဉ်များကို မြန်မာပြည်သူလူထုအနေဖြင့်သိရှိခွင့်မရရှိခဲ့ပါ။
(၂) စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့်လူမှုရေးအပေါ် သက်ရောက်မည့် ထိခိုက်မှုစစ်တမ်း များ EIA,SIAကောက်ယူစီစစ်ခြင်းမရှိခဲ့ပါ။ အမှန်အားဖြင့် EIA , SIA  စစ်တမ်းအရသာစီမံကိန်းကို အကောင်အထည် ဖော်ရန်သင့်မသင့် ဆုံးဖြတ်ရမည်ဖြစ်သည်။
(၃) ပိုက်လိုင်းဖြတ်သန်းရာဒေသတလျှောက် မြေယာ ပိုင်ရှင်များကို အသိပေးထားသည့် မူလမြေပမာထက်ပိုမိုသုံးစွဲခြင်း မြေယာ လျော်ကြေးများကိုထိုက်တန်စွာပေးလျော် မှုမရှိခြင်း ။
(၄) ဒေသခံများ ဘဝရပ်တည်ရေးနှင့်လူမှု  ဘဝဖွံ့ဖြိုးရေးကဏ္ဍဍမျိုးစုံကိုလည်း အနှောင့်အယှက်ဖြစ်စေခြင်းများတွေ့ရှိသည်။
(၅) မိမိနိုင်ငံအတွက်မဟာဗျူဟာကျသောစီးပွားရေးစီမံကိန်းကြီးများကို တိုင်းတစ်ပါးလက်ပုံအပ်ခြင်းမှာ နိုင်ငံတော် အချုပ်အခြာအာဏာ နှင့်လုံခြုံရေးအတွက် စိုးရိမ်ဖွယ် ဖြစ်သည်။
(၆) ဒေသခံဌာနေ တိုင်းရင်းသားများ သိရှိခွင့်ရမည့် မူလအခွင့်အရေး များကို လေးစားလိုက်နာမှု မရှိခြင်း၊ စီမံကိန်း အကောင်အထည် ဖော်မည့်အဆင့်တိုင်းတွင်ဒေသခံများပါဝင်ဆွေးနွေးဆုံးခွင့် လုံးဝမရရှိခဲ့ခြင်းတို့ကိုလည်းတွေ့ရပါသည်။
(၇)  မြန်မာ့မြေပေါ်မှ  ဖြတ်သန်းတည်ဆောက်ထားသော  ပိုက်လိုင်း၏ ပိုင်ဆိုင်ခွင့် နှင့် စီမံခန့် ခွဲပိုင်ခွင့်သည် မြန်မာနိုင်ငံ၏ လက်တွင်  ရှိသင့်သော်လည်း မြန်မာနိုင်ငံသားများတွင်  အဆိုပါအခွင့်အရေးမရှိပေ။

ထို့ကြောင့်နိုင်ငံတော်အစိုးရသက်ဆိုင်ရာကုမ္ပဏီများ၊တာဝန်ရှိသူများအနေဖြင့် အထက်ပါ အခြေအနေများကို ဖြေရှင်းပေး ရန် လိုအပ်သည်။ အထက်ပါအချက်များမဖြေရှင်းနိုင်ခင် ပိုက်လိုင်းစီမံကိန်းကိုလုံးဝရပ်ဆိုင်းထားစေလိုကြောင်း မြန်မာပြည် သူများမှ လက်မှတ်ရေးထိုး၍တောင်းဆိုလိုက်ပါသည် – ဟူ၍ဖြစ်ပါသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် သီပေါ၊ နမ့်တူဘက်၌ပိုက်လိုင်းသွယ်တန်းမှု ပြီးသလောက်ရှိနေပြီဖြစ်ကြောင်းလည်း ဒေသခံများ ကပြောပါသည်။
ဆားထွက်သည့်နယ်မြေအတွင်းဂက်စ်ပိုက်လိုင်းဖြတ်သန်းမှုကြောင့် အချိန်မရွေးပေါက်ကွဲနိုင်သည့် အရေးတွေးပူကာ သျှမ်း ပြည်မြောက်ပိုင်း သီပေါမြို့ဒေသခံများ “ ဘေးကင်းရန်ကင်းဆုတောင်းပွဲနှင့် ပရိတ်ရွတ်ဖတ်ပွဲ”  လှုပ်ရှားမှုကိုလည်း ပြီးခဲ့ သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည်။
ရခိုင်ကမ်းလွန်ဒေသထွက် ရေနံနှင့်သဘာဝ ဓါတ်ငွေ့များ သယ်ယူရန် မြန်မာအစိုးရက တရုတ်အစိုးရထံ အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံဖြင့် နှစ်ပေါင်း ၃၀ ကန်ထရိုက်ပေးထားခဲ့သည်။ဘင်္ဂ္လားပင်လယ်အော် ကမ်းလွန်မှတဆင့် ရခိုင်ပြည်၊ ဗမာပြည် အလယ်ပိုင်း၊ သျှမ်းပြည်မြောက်ပိုင်း ဒေသများ စုစုပေါင်း မြို့နယ် ၂၀ ကျော်ဖြတ် သန်း ကာ တရုတ်နယ်စပ် ရွှေလီ မှ တဆင့် တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့သို့  ၂၀၁၃ အတွင်း အပြီး  သွယ်တန်းပို့ဆောင်မည်ဟုဆိုပါသည်။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။