ခေတ်နှင့်ညီသည့် ဥပဒေသစ် ပြဋ္ဌာန်းပြီးမှသာ ဆက်သွယ်ရေးဥပဒေရုပ်သိမ်းသင့်ဟု ဒုဝန်ကြီး ပြောကြား
7Day News Journal, 29 January 2013 —- နေပြည်တော်၊ ဇန်န၀ါရီ-၂၉
ခေတ်နှင့်လျော်ညီသည့် ဥပဒေအသစ် အတည်ပြုပြဋ္ဌာန်းပြီးမှသာ လက်ရှိ အီလက်ထရွန်နစ်ဆက် သွယ်ရေး ဥပဒေတစ်ရပ်လုံးအား ရုပ်သိမ်းခြင်းပြုသင့်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်နည်း
ပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။
သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းညွှန့်က “အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”အား ယနေ့ကျင်းပသည့်ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းရာ ဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ပြောကြားခြင်း ဖြစ် သည်။
အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ပြီး ယခုကဲ့သို့ လွှတ်တော်တွင်
တင်သွင်း၍ အခြေအတင်ဆွေးနွေးကာ ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် အချို့အချက်များနှင့်လည်း မကိုက်ညီသည့်အတွက်ကြောင့် ရုပ်သိမ်းစေလိုခြင်းဖြစ်ကြောင်း
ဦးသိန်းညွှန့်က ပြောသည်။
ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဥပဒေကိုပယ်ဖျက်လိုက်ပါက ပြည်တွင်းပြည်ပ e-Commerce, m-Commerce လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာရပ်တန့်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အာဆီယံတွင်
ဆောင်ရွက်နေသည့် အာဆီယံစီးပွားရေး အဆောက်အဦ AEC တွင် ပါဝင်ဆောင်ရွက်မှုများသည်လည်း နှောင့်နှေးသွားနိုင်သည်ဟု ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ထူးချွန်ထက်မြက်သော မြန်မာ IT လူငယ်များ၏ တီထွင်မှုစွမ်းအားကို ထုတ်ဖော်နိုင်ရန်အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ သက်ဆိုင်ရာဝန်ကြီးဌာနများ
တိုင်းရင်းသားလုပ်ငန်းရှင်များ IT ပညာရှင်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတကာဥပဒေနှင့် IT ပညာရှင်များ၏ အကူအညီရယူကာ အသစ်ရေးဆွဲသင့်သည်ဟု ဒုဝန်ကြီးက
ပြန်လည်ပြောကြားသည်။
No comments:
Post a Comment