ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို အစိုးရကသာလျှင် တာဝန်ယူဆောင်ရွက်ရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
Popular News Journal, 6 December 2012 —-
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုတ်နှံထားသည့် တရုတ်ကုမ္ပဏီများနှင့်ပတ်သက်၍ “တရုတ်ကုမ္ပဏီတွေ လာလုပ်တာက ဒီကအစိုးရနဲ့ သဘောတူပြီးလုပ်တာပဲ၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်အစိုးရကပဲတာဝန်ယူရမယ်၊
သူတို့ဟာ သူတို့လုပ်လို့မရဘူး၊ တစ်ဖက်သတ် လုပ်လို့မရဘူး။ စာချုပ်အရလုပ်တာ၊ သဘောတူညီချက်အရလုပ်တာ၊ အဲဒါကြောင့်မို့လို့ ပထမဆုံးသတင်းထုတ်ပြန်ချက်ထဲမှာ ပါပါတယ်။ ဒီကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိလို့ စဖြစ်ရတာပါ။
ဒီမိုကရေစီကို ဦးတည်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိရမယ် တာဝန်ယူမှုရှိရမယ်၊ ဒီနှစ်ခုအပေါ်မှာ အခြေခံပြီးလုပ်သွားလို့ရှိရင် ဒီပြဿနာမျိုးတွေ ပေါ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အကြံပြုချက်ထဲမှာ ဒါမျိုးတွေပါရပါလိမ့်မယ်။
နောက်ပြဿနာတွေ မရှိအောင်နဲ့ ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုပါ ပါရပါလိမ့်မယ်။ ဒေသခံတွေအကျိုးအတွက် ကြိုးစားရမှာပဲ။ အပေးအယူဆိုတာ ဒါပဲ။ ကျွန်မပြောသလိုပေါ့။ ဆက်ဆွေးနွေးပြီး အပေးအယူလုပ်တယ်ဆိုတာ နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်ရမယ်။ အပေးအယူမှာ တစ်ဖက်ကနေပြီး လုံးဝလက်မခံဘူးဆိုရင် အပေးအယူမဟုတ်တော့ဘူး။ သဘောတရားက ဆွေးနွေးမှုရှိရမယ်၊ နားလည်မှုရှိရမယ်၊ ပျော့ပြောင်းမှုရှိရမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံပဲ။ အပေးအယူမလုပ်ဘဲ မဆွေးနွေးမတိုင်ပင်ပဲနဲ့ ကိုယ်လုပ်ချင်တာပဲ ရအောင်လုပ်မယ်ဆိုတာ ဒါ ဒီမိုကရေစီမဟုတ်ဘူး။ ကျွန်မတို့နိုင်ငံမှာ ထပ်ပြီးကြိုးစားရမယ်။ အဖွဲ့ချုပ်အနေနဲ့လဲ ကြိုးစားသွားမှာဖြစ်ပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
No comments:
Post a Comment