လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်နှင့် ပတ်သက်၍ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ လွှတ်တော်
အဆောက်အဦတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှု
ရလာဒ်အပေါ် လူတိုင်းကျေနပ်မည်မဟုတ်သော်လည်း အမှန်တရားကို ရဲရဲဝံ့ဝံ့
တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
'' အားလုံးကျေနပ်အောင်တော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ကြိုက်တဲ့သူ ရှိသလို
မကြိုက်တဲ့သူလည်းရှိမယ်။ ပြဿနာဖြေရှင်းရာမှာ အကောင်းဆုံး ဖြေရှင်းရမယ်။
ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူလုပ်နိုင်ရမယ်။ အားလုံးကကြိုက်တဲ့
အဖြေရှာဖို့မဟုတ်ဘူး။ အားလုံးအတွက် အကောင်းဆုံးအဖြေကို ရှာရမယ်။
အမှန်တရားကို ရဲရဲဝံ့ဝံ့တင်ပြသွားဖို့ပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က
ထည့်သွင်း ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာတွင် ကော်မရှင်၏ အလုပ်မှာ
အခြေအနေမှန်များကို တိတိကျကျ ဆောင်ရွက်ဖို့ဖြစ်ကြောင်း၊
သာသနာရေးဆိုင်ရာများ ပါဝင်နေခြင်းကိုလည်း တိတိကျကျ စုံစမ်း
ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များကို တစ်ဦးချင်းအနေဖြင့်
သတင်းထုတ်ပြန်ခြင်း မပြုရန် စည်းမျဉ်းထုတ်ထားကြောင်း၊ သက်ဆိုင်ရာများနှင့်
ဆွေးနွေးရာတွင် နိုင်ငံတော်သည် ပြည်သူလူထုအပေါ်မှာ
တာဝန်ရှိသည်ဆိုသည့်အမြင်၊ တရားဥပဒေစိုးမိုးရေး အမြင်များနှင့်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ကော်မရှင်ကို
ပြင်ဆင်ဖွဲ့စည်းခြင်းမှာလည်း ယခုကော်မရှင်သည် လွှတ်တော်၏
ဆုံးဖြတ်ချက်နှင့်သာ ဖွဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်အချက်များကို
လျော့ချလိုက်ခြင်းမဟုတ်ဘဲ ပြည်သူ့လွှတ်တော် အဆိုပြုချက်များနှင့်အညီ
ကိုက်ညီအောင် ပြင်လိုက်ရခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းများ
ဖြိုခွဲခြင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲအရာရှိများနှင့်လည်း
ဆွေးနွေးခဲ့ရာတွင် ပထမအဆင့်အနေဖြင့် မီးသတ်ပိုက်နှင့်ထိုးကာ
ထွက်ခွာပေးဖို့ပြောခဲ့ကြောင်း၊ နောက်တစ်ဆင့်တွင်မှ
မျက်ရည်ယိုဗုံးသုံးခဲ့ကြောင်း၊ မျက်ရည်ယိုဗုံးနှင့် ရေပေါင်းပါက
မည်သည့်အာနိသင်ရှိသည်ဆိုသည်ကို စုံစမ်းရမည်ဖြစ်ကြောင်း၊
သက်သေမထင်ရှားသေးသမျှ အပြစ်မဲ့ဟု သာ သတ်မှတ်ရမည်ဖြစ်ပြီး လူတိုင်းသည် သံသယ၏
အကျိုးကို ခံစားခွင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။
သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့ရာတွင်
လက်ပံတောင်းတောင်ကိစ္စသည် တာဝန်ရှိသည့်သူအားလုံးက သိသင့်ကြောင်း၊
ကော်မရှင်အနေဖြင့် မည်သူ့မှာတာဝန်ရှိသည်ဟု ပြောပြီး
ခေါင်းရှောင်သွားမည်မဟုတ်ကြောင်း၊ သက်သေပစ္စည်းများကို စစ်ဆေးရာတွင်
ပြင်ပပညာရှင်များကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး အစိုးရဘက်မှ
လုံးဝပါမည်မဟုတ်ကြောင်း၊ ဗိုလ်ချုပ်ဟောင်းများ ပါဝင်နေသည့်
ဦးပိုင်ပါဝင်နေသော်လည်း အခက်အခဲမရှိကြောင်း၊ အမှန်အတိုင်းသာ
ဖော်ထုတ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
လက်ပံတောင်းတောင်နှင့် မြစ်ဆုံကိစ္စများတွင် တရုတ်ကုမ္ပဏီများ
ပါဝင်နေသည့်အပေါ်တွင်လည်း သူမအနေဖြင့် တာဝန်ယူမှုကိုသာ အမြဲအလေးထားကြောင်း၊
ကိုယ့်နိုင်ငံအတွက် ကိုယ့်အစိုးရကသာ တာဝန်ယူရမည်ဖြစ်ကြောင်း၊ တရုတ်အနေဖြင့်
လုပ်ချင်တိုင်းလာ လုပ်လို့ရသည်မဟုတ်ကြောင်း၊ အပေးအယူဖြင့်သာ
လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ပျော့ပြောင်းမှု
ရှိရမည်ဖြစ်ကြောင်း၊ အပေးအယူမလုပ်ဘဲနှင့် ကိုယ်လို ချင်တာကိုသာ
ရအောင်လုပ်မည်ဆိုခြင်းသည် ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ စိတ်ဓာတ်ရှင်သန်အောင်
ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
သတင်းထောက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ရာတွင် မည်သည့်ကိစ္စမဆို
သတင်းထုတ်ပြန်သည့်အခါတွင် မျှမျှတတ လုပ်စေချင်ကြောင်း၊ သေသေချာချာ
စိစစ်စုံစမ်းစေလိုကြောင်း၊ နောက်ကြောင်းများကိုလည်း သေသေချာချာ
လေ့လာစေချင်ကြောင်း ၊ မျှမျှတတနှင့် နိုင်ငံ၏ ရေရှည်အကျိုးကို ကြည့်ကာ
မှန်မှန်ကန်ကန် သုံးသပ်တင်ပြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ
အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်ခဲ့သောကြောင့် နယ်ပယ်အသီးသီးမှ
ပညာရှင်များနှင့် ပုဂ္ဂိုလ်များမှ ယင်းလုပ်ရပ်အပေါ်
ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကာ ရန်ကုန်နှင့် မန္တလေးမြို့များ တွင်လည်း
ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သောကြောင်း ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်
နိုင်ငံတော်သမ္မတက ဒီဇင်ဘာလ ၁ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ
အဖြစ်ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာလ ၃
ရက်နေ့တွင် အဖွဲ့ဝင် ၁၄ ဦးလျော့ချကာ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ |
သတင်းနဲ့ မီဒီယာ သမားတွေအတွက် အမြဲတန်း သတိချပ် သင့် တဲ့အချက်ပါ ။
အမေ့ရဲ့စိတ်ဓါတ်ကိုလေးစားပါတယ်။ နိုင်ငံ့အကျိုးလစ်လျူရှုပြီး မဲရဖို့ချည်းလူတိုင်းကျေနပ်အောင်လိုက်လုပ်မယ့်သူမျိုးမဟုတ်ဘူး ဆိုတာ အမေကသက်သေပြလိုက်တာပါဘဲ။ ဒီလိုခေါင်းဆောင်မျိုးသာနှစ်(20)အရင်ကသာရှိခဲ့ရင် ဒို့နိုင်ငံ အာဆီယံမှာထိပ်ဖြစ်နေပြီ။
လူတိုင်းကျေနပ်အောင်လုပ်နေလို့ကတော့(တစ်ယောက်တပေါက်နဲ့)ဘယ်မှာလာပြီးနိုင်ငံ့အတွက်အကျိုးရှိဦးမှာလဲ။
လူတိုင်း(အားလုံး)အတွက်အကောင်းဆုံးလုပ်နိုင်ပါမှ...နိုင်ငံ့အတွက်အကျိုးရှိမှာပါ။