Wednesday, December 19, 2012

ရွှေ့ပြောင်းအလုပ်သမားတွေအခွင့်အရေး၊ မြန်မာအလုပ်သမားဝန်ကြီးကြိုးပမ်းမည်


ရွှေ့ပြောင်းအလုပ်သမားတွေအခွင့်အရေး၊ မြန်မာအလုပ်သမားဝန်ကြီးကြိုးပမ်းမည်

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားကျင်းပနေစဉ်(ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုဒ်)
DVB News, 18 December 2012  ——  ထိုင်းနိုင်ငံအပါအဝင် ပြည်ပရောက်  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေး အပြည့်အဝရရေး အတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား မယ်လို့ နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားမှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားလိုက်တာလို့ အခမ်းအနား တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က အလုပ်သမားရေးဆောင်ရွက်နေသူ ဒေါ်မာမာဦးက ပြောပါတယ်။
“ထိုင်းနိုင်ငံတင်မဟုတ်ဘူး တခြားပြည်ပနိုင်ငံတွေမှာ ရှိတဲ့ အလုပ်သမားတွေအတွက်လည်း အစိုးရအချင်းချင်း ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်ပြောတယ်။ လက်ရှိဖြစ်နေတာက ထိုင်းနိုင်ငံက ကိစ္စပေါ့။ ဒါကိုလည်း အစိုးရအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်သွားမယ်။ ဒါတွေ အဓိကထား ပြောသွားတယ်။ ဒီပွဲလာသူတွေအကုန်လုံးက အလုပ်သမားအရေးကို တော်တော်လေး စိတ်ဝင်တစား ဆွေးနွေးကြတာ အတော်အားရစရာကောင်းတယ်။”

ဒါ့အပြင် မြန်မာအလုပ်သမားတွေရဲ့ လုပ်ရည်ကိုင်ရည်တိုးတက်ရေး၊ လူ့အခွင့်အရေး ဆုံးရှုံးနေမှုတွေ ပြန်လည်ရရှိရေး စတဲ့အချက်တွေလဲ ဒီနေ့အခမ်းအနားမှာ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး မူဝါဒကောင်းတွေ ချမှတ်ထားနိုင်ပြီး ဖြစ်ပေမယ့် အားလုံးဝိုင်းလုပ်ဖို့တော့ လိုသေးတယ်လို့လဲ ဒေါ်မာမာဦးက ဆက်ပြောပါတယ်။
“မူဝါဒပိုင်းတော့ အများကြီးကောင်းလာတယ်။ တကယ် လက်တွေ့ပိုင်းလုပ်တာကတော့ နိုင်ငံတော်အစိုးရအနေနဲ့လည်း တော်တော်လေး အခက်အခဲရှိတယ်။ ဒီတော့ လက်တွေ့ကျကျ အောင်မြင်နိုင်အောင်လို့က အားလုံးဝိုင်းဝန်းလုပ်ကြရမှာပဲလေ။ အသိပညာရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိရေးတို့ကို ကျန်တဲ့ အန်ဂျီအိုအဖွဲ့တွေ၊ ၈၈ ရော၊ နိုင်ငံတော်အစိုးရရော ပူးပေါင်းလုပ်မယ်ဆိုရင် မူဝါဒပိုင်းတွေက စာရွက်ပေါ်မှာတင် ရပ်မနေဘဲ ပိုအသက်ဝင်လာမယ်လို့ မျှော်လင့်တယ်။”
ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ခွင့်ရရေးအတွက်  နိုင်ငံသားစိစစ်မှုတွေကို  ထိုင်းအစိုးရက သက်တမ်း ထပ်မတိုးပေးတော့တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ ဖမ်းဆီးပြန်ပို့ခံရမယ့် အရေးနဲ့ ကြုံတွေ့နေရတာပါ။
ထိုင်းနိုင်ငံက  မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂ သိန်းကျော်ကို ယာယီမြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပြီး၊ အထောက်အထားမဲ့ လုပ်သား ၈ သိန်းမှ ၁ သန်းခန့်အထိ ကျန်ရှိနေသးတယ်လို့ အစိုးရ အလုပ်သမားဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
by ရွှေအာင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။