မြန်မာနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယတင်းစာ The
Hindu နှင့် အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်နှင့် စစ်တပ်သည် သီးခြားစီ သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
''အမှန်ကတော့ သမ္မတက စစ်တပ်နဲ့ အတော့်ကို သီးခြားပါ။ စစ်တပ်က စစ်တပ်ပါ။
အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပါ။ ကျွန်မ ဆိုချင်တာကတော့
ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရက်တစ်ကျဖို့ အနိုင်နိုင် ဆိုတာပါပဲ။
ဒါကြောင့်လည်း စစ်တပ်က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နောက်မှာ အပြည့်အဝ
ရှိနေတယ်ဆိုတာကို ကျွန်မတို့ မသိမချင်း ဘာလို့လဲဆိုတော့ သမ္မတက စစ်တပ်ကို
လုံးဝကိုယ်စားမပြုတဲ့ အ တွက်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ
နောက်ပြန်မသွားဘူးလို့ ကျွန်မတို့ မပြောနိုင်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ကြောင်းမပြန်နိုင်ဘူးဆိုသည်ကို
ယုံကြည်လက်ခံရန် မည်သည့်အရာသည် စမ်းသပ်မှုဖြစ်မလဲဆိုသည့် မေးခွန်းကို
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရက်တစ်မကျသည့်
ပုဒ်မများကို ပြင်ဆင်ရန်အတွက် စဉ်းစားရန် ၎င်းတို့၏အသင့်ရှိမှုသည်
စမ်းသပ်မှုဖြစ်လိမ့်မည်ဟု မိမိထင်ကြောင်း ဖြေကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် သမ္မတဦးသိန်းစိန်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ မည်မျှအမှတ်ပေးလိုသလဲဆိုသည့် မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က
''သူ့ကိုတော့ အမှတ်ပေးရမယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ်လို့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ဖြစ်ပေါ်လာတာကတော့
သူတစ်ဦးတည်းကြောင့်လို့တော့ ကျွန်မ မထင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်
စစ်တပ်ကို အာဏာအလွန်အကျွံ ပေးထားကြောင်း၊ စစ်တပ်က လိုအပ်သည်ဟု ၎င်းတို့ ထင်ပါက
အစိုးရထံမှ အာဏာများကို သိမ်းယူနိုင်ကြောင်း၊ အမျိုးသားအဆင့်နှင့်
ပြည်နယ်အဆင့်ရှိ လွှတ်တော်များ၏ ၂၅ ရာခိုင်နှုန်းကို
ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့် စစ်တပ်ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများသည် အမှန်တကယ်
အာဏာ မရှိကြောင်း၊ ဗဟိုချုပ်ကိုင်သည့်စနစ်ပဲ ရှိသေးကြောင်း၊ ယင်းကဲ့သို့
ဗဟိုချုပ်ကိုင်သည့်စနစ်သည် ဒီမိုကရက်တစ်တန်ဖိုးများကို အထောက်အကူပြုမည်
မဟုတ်ကြောင်း၊ ယင်းထက် ပိုအရေးကြီးသည်မှာ လူမျိုးစုသဟဇာတ ဖြစ်မှုကို
အားပေးမည်မဟုတ်ကြောင်း အိန္ဒိယတင်းစာ The Hindu နှင့်
တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ တောင့်တင်းခိုင်မာစေရေးကိုလည်း
အိန္ဒိယအစိုးရအနေဖြင့် အာရုံစိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံသည်
များပြားလှသည့်လူမျိုးစုများနှင့် ပါဝင်သည့် ပြည်ထောင်စုတစ်ခုဖြစ်ကြောင်း၊
ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ပြည်ထောင်စုတစ်ခုအနေဖြင့် အားလုံး
ပိုမိုနီးကပ်လာစေရေးကို အာရုံစိုက်စေလိုကြောင်း၊ တစ်ချိန်တည်းမှာပင်
ဖွံ့ဖြိုးတိုးတက်မှုသည် ဒီမိုကရေစီအတွက် အစားထိုးရန် မဟုတ်ဆိုသည်ကို
လုံးဝသတိမူရန် လိုကြောင်း၊ ကျွန်မတို့ လူမျိုးစုများ၏ ရည်မှန်းချက်သည်
ဖွံ့ဖြိုးတိုးတက်မှုမျှသာ မဟုတ်ဘဲ ယင်းထက် ကျော်လွန်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံခရီးစဉ်မှ
နိုင်ငံရေး အရ မျှော်မှန်းထားမှုမှာ နှစ်နိုင်ငံ ပြည်သူများကြား
ပိုမိုရင်းနှီးသည့် ဆက်ဆံရေးကို ထူထောင်လိုခြင်းဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက် ညပိုင်းက
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းလေကြောင်းဖြင့် ထွက်ခွာသွားပြီး
နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံမှတစ်ဆင့်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
တစ်ပတ်ခန့်ကြာမြင့်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ
ခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့်
တွေ့ဆုံသွားမည်ဖြစ်ပြီး နေရူးအထိမ်းအမှတ်ဟောပြောပွဲသို့
တက်ရောက်ဟောပြောမည်ဖြစ်သည်။ |
Comments
တယ်လို့ဦးသိန်းစိန်ကိုအကြံပြုချင်တယ်
ဘွဲ့ရအလုပ်လက်မဲ့တစ်ဦး
ဒါကြောင့် တိုင်းရင်းသားတွေက ဒေါ်စု ကို မယုံတာ။
ထပ်ပြီးဖြည့်စွက်တွေးကြည့်ရရင်. ပုလင်းတူဗူးဆို့ တွေရော မဖြစ်နိုင်ဘူးလား။ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ကျမကတော့ ရာနှုန်းပြည့် မယုံပါ။ ဇာတ်တိုက်ပြီးကနေတာလို့  ယုံကြည်နေပါတယ်။
ဒီမိုကရေစီစနစ်ပီပြင်လာလို့ သူတို့ရဲ့ရက်စက်ခဲ့မှုတွေအရတရားစီရင်ခံရမယ်၊ စည်းစိမ်ဥစ္စာတွေသိမ်းဆည်းခံရတော့မယ့်အရိပ်အယောင်ရှိလာရင်တော့ နောက်ကြောင်းပြန်လှည့်မှာသေချာတယ်။
Quote: ဒီအချက်ကသက်သေပဲ။
လက်ရှိလွှတ်တော်နဲ့အစိုးရအဖွဲ့ဝင်အများစုဟာ အခြေအနေအရမင်းသားခေါင်းဆောင်းနေတဲ့ ဘီလူးတွေပါ။ တစ်မတ်သားကိုယ်စားလှယ်တွေဖယ်ထုတ်ဖို့၊ အာဏာရှင်ကြီးတွေကိုကာကွယ်ပေးထားတဲ့အခြေခံဥပဒေထဲကအချက်တွေကိုပြင်ဖို့ သူတို့တွေလွယ်လွယ်နဲ့လွှတ်ပေးမှာတော့မဟုတ်ဘူး။ ဒီအတွက်အဖြေတစ်ခု ဒေါ်စုဆီမှာရှိနေတယ်ဆိုရင် အဲဒါဟာသူခဏခဏပြောနေတဲ့ ' ပြည်သူ ' တွေပါပဲ။
မနှစ်ကထက်စာရင် တိုးတက်လာတာကတော့ အများကြီးဆိုတာ ငြင်းမရပါ .. တိုးတက်မှုတွေ ကသွေဖီသွားရင် .. မတွေးရဲ တော့ပါ
စစ်တပ်အနေနဲ့ နိုင်ငံရေးကိုဝင်စွက်ဖက်နေတဲ့အကြောင်းကိုပြောရင် အစိုးရနဲ့ ကြံ့ဖွတ်အမတ်တွေက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကိုချန်လှပ်ထားလို့မရဘူးလို့ပြောလေ့ရှိတယ်။
ကောင်းပြီ။ မြန်မာနိုင်ငံမှာစစ်တပ်ကဘယ်လောက်တောင်အရေးပါနေလဲ။ နိုင်ငံတစ်ကာကိုလေ့လာကြည့်ရင် စစ်တပ်ရဲ့အရေးပါအရာရောက်မှုအများဆုံးက ဂျူးတွေရဲ့အစ္စရေးနိုင်ငံပါ။ သူတို့နိုင်ငံဟာ စစ်တပ်ဒီနေ့အင်အားချို့တဲ့ရင် မနက်ဖြန်ဆိုတာမရှိတော့ဘူး။ ဒီနေ့ချက်ချင်းဘဲ အာရပ်တွေရဲ့ချေမှုန်းခြင်းခံရပြီးနိုင်ငံပျောက်ကွယ်သွားမှာပါ။ ဒါတောင်မှဘဲစစ်တပ်ဟာ အခွင့်ထူးမခံဘူး။ ပြည်သူတွေရွေးကောက်တဲ့ အစိုးရရဲ့အမိန့်ကိုနာခံတယ်။ စစ်ဦးစီးချုပ်ကို ပြည်သူတင်မြောက်ထားတဲ့ အစိုးရအဖွဲ့ရဲ့ကာကွယ်ရေးဝန်ကြီးအောက်မှာထားတယ်။ ဒါဆိုဂျူးစစ်ဗိုလ်ချုပ်တွေကရော နိုင်ငံရေးမလုပ်ဘူးလားဆိုတော့၊ လုပ်တယ်။ ဒါပေမဲ့ သူတို့က စစ်တပ်ကနေအငြိမ်းစားယူပြီးမှ နိုင်ငံရေးထဲဝင်တယ်။ အဲဒီစစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း နိုင်ငံရေးသမားတွေနဲ့အပြိုင် ပြည်သူတွေရဲ့ထောက်ခံမှုကိုရတယ်။ ၀န်ကြီးချုပ်တွေဖြစ်တယ်။ (မှတ်ချက်။ ။လိမ်မဲ၊ ကြိုတင်မဲ၊ ဘယ်သူမှမထည့်ဘဲရတဲ့မဲနဲ့မဟုတ်)
လက်ရှိစစ်တပ်ကတော့ နိုင်ငံရေးထဲလဲဝင်ပါချင်တယ်။ စစ်တပ်အာဏာလဲမစွန့်ချင်ဘူး။ ရွေးကောက်ပွဲလဲမ၀င်ဘူး။ ခပ်တည်တည်နဲ့ အဓိကနေရာတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စတဲ့ဝန်ကြီးတွေအပြင် ဒုသမ္မတ တစ်ယောက်ကိုပါ စစ်တပ်ကတင်သွင်းခန့်အပ်သေးတယ်။ လွှတ်တော်ထဲမှာလည်း (၂၅%)ကို ဘယ်သူမှမရွေးကောက်ဘဲ အခွင့်ထူးခံပြီးနေရာဝင်ယူတယ်။
တကယ်တော့ စစ်တပ်အနေနဲ့နိုင်ငံရေးမှာဝင်ပါချင်တယ်ဆိုရင်လည်း ၀င်ပါပါ။ သို့သော် တစ်ခြားသူတွေနဲ့တန်းတူညီမျှရွေးကောက်ပွဲဝင်ပြိုင်။ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေတောင် အပြိုင်ကြဲနေကြတာ။ ရဲရဲတောက်တွေ၊ သတ္တိခဲတွေလို့ခံယူထားတဲ့ တပ်မတော်သားစစ်ဗိုလ်ချုပ်တွေဝင်ပြိုင်ပါ။ နိုင်ရင်လွှတ်တော်ထဲဝင်။ နိုင်ငံရေးလုပ်။ မနိုင်မှာကြောက်ရင်လည်း သေခြာပေါက်နိုင်မယ့် စစ်တပ်နယ်မြေတွေကနေရွေးကောက်ပွဲဝင်ပါ။ စစ်တပ်ရဲ့အခုလုပ်ရပ်ကတော့ ရွေးကောက်ပွဲလဲမ၀င်ရဲ။ အာဏာကလည်းလိုချင်။ တော်တော်ကိုသူရဲဘောကြောင်တဲ့သူတွေဖြစ်နေတယ်။
လွှတ်တော်ထဲမှာထိုင်နေတဲ့စစ်တပ်အမတ်တွေနဲ့ ရွေးကောက်ပွဲမပြိုင်ရဘဲ ၀န်ကြီးဖြစ်နေတဲ့သူတွေကိုပြောချင်တယ်။ လက်ရှိနေရာမှာဘဲဆက်နေချင်တယ်၊ ပြည်သူကလည်းလက်ခံစေချင်တယ်ဆိုရင် ဒီအတိုင်းတော့မရဘူး။ ထမီဝတ်ပြီး လွှတ်တော်တက်ပါ။ ထမီဝတ်ပြီး ၀န်ကြီးလုပ်လိုက်ပါ။ ရဲရဲတောက်စိတ်ဓာတ်မျိုးတကယ်ရှိတယ်ဆိုရင်၊ ပြည်သူဘက်ကတပ်မတော်ဆိုရင် ၂၀၀၈အခြေခံဥပဒေကိုပြင်ဖို့အဆိုကို စစ်တပ်ဘက်ကလွှတ်တော်မှာတင်သွင်းလိုက်ပါ။
လုံးလုံးမဆိုင်ပါဘူး။ဖွဲ့စည်းပုံဥပဒေကိုမြန်မြန်ပြင်သင့်ပါတယ်။
မောရင် ရပ်ကွက်လူမိုက်ကြီးက 'ဘူးထွားထွားထွား' ဆိုပြီး ရယ်လိမ့်မယ်။
ကျနော်တို့မှာ ခေါင်းဆောင်ကောင်းရှိတယ် အိုဘားမားလို နိုင်ငံတကာကလဲ ဝိုင်းအားပေးနေကြတယ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုတဲ့ ကဗျာလို
စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ကျနော်တို့မခံစားရရင်တောင် နောင်လာမဲ့ မျိုးဆက်တွေ ခံစားနိုင်အောင် ဆက်ပြီး ကြိုးပမ်းကြပါစို့။