Tuesday, November 13, 2012

မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)က အချက် ၁၅ ချက်ပါဝင်သည့် စာနယ်ဇင်းကျင့်ဝတ်များကို ထုတ်ပြန်


မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)က အချက် ၁၅ ချက်ပါဝင်သည့် စာနယ်ဇင်းကျင့်ဝတ်များကို ထုတ်ပြန်   PDF Print
Tuesday, 13 November 2012 21:33
AddThis Social Bookmark Button
မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)က အချက် ၁၅ ချက် ပါဝင်သည့် စာနယ်ဇင်းကျင့်ဝတ်များ ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သတင်းရရှိသည်။ ထုတ်ပြန်ကြေညာခဲ့သော စာနယ်ဇင်းကျင့်ဝတ်များတွင်
(၁)သတင်းမီဒီယာတစ်ခုက ဖော်ပြသော သတင်းတိုင်း အချက်အလက် တိကျမှန်ကန်ရန်နှင့် တတ်နိုင်သမျှ ပြည့်စုံရန်စိစစ်ရမည်။

(၂) တိကျမှန် ကန်မှုမရှိသော သတင်းကိုဖော်ပြမိပါက သက်ဆိုင်ရာမီဒီယာမှ အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖော်ပြရန်နှင့် သတင်းမှန်ဖြေရှင်းချက်အား အဆိုပါသတင်း ထည့်သွင်းဖော်ပြသည့် နေရာနှင့် အနီးစပ်ဆုံးစာမျက်နှာတွင် ထင်ရှားစွာ ဖော်ပြပေးရမည်။
(၃) သတင်းပေးသူ (သို့မဟုတ်)သတင်းရင်းမြစ် (source)၏ အမည်နာမနှင့်စပ်လျဉ်း၍ ကာယကံရှင်၏ ဆန္ဒနှင့်အညီ ထိန်းသိမ်းရန်နှင့် ယုံကြည်၍ထုတ်ဖော် အသိပေးလိုက်သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ လျှို့ဝှက်ထိန်းသိမ်း ထားရမည်။
(၄) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ မီဒီယာတွင် ရေးသားဖော်ပြရာ၌ တရားရုံးတော်က ပြစ်မှုထင်ရှားစီရင်ခြင်း မပြုသေးသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင် သူတစ်ဦးအဖြစ် မှတ်ယူရမည်။
(၅)သတင်းများ ရယူရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာ အမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။
(၆) သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးစသည်တို့ အသွင်ဖြင့် ထည့်သွင်းသော ကြော်ငြာများကို ကြော်ငြာဖြစ်ကြောင်း သိသာထင်ရှားအောင် ဖော်ပြရမည်။
(၇)သတင်းရေးသားရာတွင် ရေးသူ၏ အာဘော်လုံးဝ မပါဝင်စေရန်နှင့် ဘက်လိုက်ရေးသားခြင်း မပြုရ။
(၈)အများပြည်သူ အကျိုးစီးပွားအတွက် ရေးသင့်ရေးထိုက်သည်မှအပ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အရေးအသား၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ထိပါးစေသော အရေးအသားများ ရှောင်ကြဉ်ရမည်။
(၉)သတင်းရေးသားရာတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာရမည်။
(၁၀)ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်လှုံ့ဆော် ရေးသားခြင်း မပြုရ။
(၁၁)စာနယ်ဇင်းသမားများ အားလုံး မည်ကဲ့သို့သော အခွင့်အရေး၊ တံစိုးလက်ဆောင်ကြောင့်မျှ မိမိသို့မဟုတ် အခြားတစ်စုံတစ်ယောက်၏ အကျိုးငှာဘက်လိုက် ရေးသားဖော်ပြ ခြင်းမပြုရ။
(၁၂)စီးပွားရေး၊နိုင်ငံရေး စသည့်အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန်မကန်ရေးသားခြင်း မပြုရ။
(၁၃)သူတစ်ပါးဖန်တီးထား သောသတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ခွင့်ပြုချက် မရဘဲ ကူးယူဖော်ပြခြင်းမပြုရန်နှင့် ခွင့်ပြုချက်ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ်ကို ဖော်ပြပေးရမည်။
(၁၄)အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက်များစသည့် နည်းလမ်းများမှတစ်ဆင့်ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေ အခိုင်အမာမပြနိုင်က ပြန်လည်ကူးယူ ဖြန့်ချိခြင်းမပြုရ။
(၁၅)အများ ပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖော်ပြမှုများ၊ ညစ်ညမ်းမှုများနှင့် ပတ်သက်၍ မည်သည့်သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ။ စသည့် အချက် ၁၅ ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မီဒီယာလောကသားများ အနေဖြင့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အကြံဥာဏ်များ ပေးပို့နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီကို နိုင်ငံတော် သမ္မတရုံးမှဦးဆောင်၍ ဖွဲ့စည်းပေးခဲ့ သော်လည်း ကန့်ကွက်မှုများရှိသဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်အေး (တရားရုံးချုပ် တရားသူကြီး(ငြိမ်း))က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင် (၂၉) ဦးပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် ကော်မတီ(၄)ခု ပါဝင်ပြီး ယင်းကော်မတီလေးခုမှာ စီမံရေး နှင့်ဘဏ္ဍာရေးကော်မတီ၊ ကျင့်ဝတ် နှင့် ဥပဒေရေးဆွဲရေး ကော်မတီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီနှင့် ပြန်ကြားရေးနှင့် ဆက်ဆံရေး ကော်မတီများဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ ရုံးခန်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ ယုဇနတာဝါ အခန်းအမှတ် (၉၀၂)တွင် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။
Comments 
 
0 #6 ewin 2012-11-14 09:14
အရင်ကအစိုးရသတင်းစာတွေမှာ "ကိုးကား အင်တာနက်" ဆိုပြီးပေါက်ကရ သတင်းတိုတွေ ပါပါနေခဲ့တာ။ :lol:

(၁၄)အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ရက်များစသည့် နည်းလမ်းများမှတစ်ဆင့်ရသော သတင်းများသည် မှန်ကန်ကြောင်း သက်သေ အခိုင်အမာမပြနိုင်က ပြန်လည်ကူးယူ ဖြန့်ချိခြင်းမပြုရ။
 
+1 #5 Mr.talkative11 2012-11-14 09:03
နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ကျင့်ဝတ်တွေ လေ့လာပြီး ထုတ်ပြန်လိုက်လို့ မဆိုးဘူး ထင်ပါတယ်။ နံပတ် ၈ တချက်ပဲ အငြင်းပွါးဖွယ် ဖြစ်လာနိုင်ပါတယ်။
နောက်တခု ရှိတာက သတင်းသမားတွေ သတင်းယူရင် on the record နဲ့ off the record ခွဲခြားတဲ့ အလေ့အကျင့်လေးရှိရင် ပိုကောင်းမယ်ထင်ပါတယ်။
မီဒီယာရဲ့ အရေးပါမှုဟာ ဘာတေးလစ်တနာပြောသွားသလိုပဲ "ဘီးတွေဟာ လည်နေပြီဆိုရင် ရပ်တန်ဖို့ မလွယ်ပါဘူး။ အင်္ဂလိပ် စကားပုံအရဆိုရင်တော့ မီးခွက်စောင့်နတ်ကို မီးခွက်ထဲကထုတ်ပြီးရင် ပြန်ထည့်ဖို့ မလွယ်တော့ပါဘူး။ အခုပြောင်းလဲခြင်းတွေကြောင့် မြန်မာနိုင်ငံဟာ တစ်ခုခုဖြစ်လာနိုင်ပါတယ်။ အမြဲတမ်း သတိထားရမယ့်အချက်ကတော့ နောက်ပြန်မလှည့် ရမယ့်အချက်ပါပဲ။ နောက်ပြန်လှည့်လေ့ရှိလို့ပါ။ ဒါက ကျွန်တော်တို့အားလုံး သတိထားရမည့် အချက်ဖြစ်ပါတယ်။ သူတို့နောက်ပြန်လှည့်သွားမလားဆိုတာကို ကျွန်တော်စိုးရိမ်ပါတယ်။ ဒါပေမယ့် အင်အားကောင်းကောင်းရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ရှိနေတယ်ဆိုရင် နောက်ပြန်လှည့်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ မီဒီယာတွေက အရေးပါလာပါပြီ။ အခုချိန်မှာ ကျွန်တော်မြင်တာက မီဒီယာပြောင်းလဲခြင်းက အကောင်းဆုံးတိုးတက်မှုနဲ့ ဂုဏ်ယူစရာတစ်ရပ်ပါ။ မီဒီယာဟာ နိုင်ငံရေးပါတီတွေရဲ့ အတိုက်အခံတစ်ခုဖြစ်ပြီး ပြည်သူတွေဘက်က ရပ်တည်ပေးနိုင်တဲ့ အင်အားကြီးတစ်ခုဖြစ်ပါတယ်။ မီဒီယာတွေပိုပြီးတော့ ခိုင်မာအားကောင်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ရပိုင်ခွင့်တွေကို ပိုပြီးတော့ ကာကွယ်စောင့်ရှောက်လာနိုင်မှာပါ။"
 
+4 #4 smart_grid 2012-11-14 08:16
ယနေ့ ပြောင်းလဲမှု အချို့ ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်း၊ စီးပွားရေး ဆိုလျင်လည်း ပွင့်လင်းမှု နည်းနည်းပါးပါး၊ လူမှုရေးပုံစံ တွေမှာ သတင်းမီဒီယာဟာ နှစ်နှစ်တာ ရေစီးအတွင်း အဓိက ဇာတ်ကောင် ဖြစ်နေပါတယ်။ နိုင်ငံရေးသမား၊ အာဏာသုံးရပ်က သက်ဆိုင်သူအသီးသီး၊ ပြည်သူ့ဝန်ထမ်းနဲ့ အနုပညာရှင်တွေထက် ပြည်သူရဲ့ ယုံကြည်မှုကို သတင်းမီဒီယာတွေက ရရှိနေတာ ဖြစ်ပါတယ်။
ပြည်သူမှာ စာနယ်ဇင်းသမား တစ်ဦးချင်းစီကို မှတ်ချက်ပေးစရာ မရှိပေမယ့် သတင်းမီဒီယာကိုတော့ ယုံကြည်ချက် ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ သတင်းမီဒီယာရဲ့ ဝင်သက်ထွက်သက်တိုင်းဟာ ပြည်သူအပေါ် လိပ်ပြာသန့် နေဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။
အလွှာအသီးသီးမှာ ရှိနေမယ့် ကျင့်ဝတ်အသီးသီးကို သူ့ဆိုင်ရာ ဆိုင်ရာ အလိုက် စောင့်ထိန်းကြရမယ့်အရေးမှာ စာနယ်ဇင်းသမားတွေကသာ စံပြ (စံပြ) အဖြစ် ဦးဆောင် စောင့်ထိန်း သွားနိုင်မယ်ဆိုရင် မြန်မာ့ရေမြေ လေထုထဲက အမျိုးသားရေး စရိုက်လက္ခဏာ တစ်ခုဖြစ်တဲ့ အပြန်အလှန် လေးစားမှုရှိခြင်း ဆိုတဲ့ အချက်နဲ့အညီ ကျင့်ဝတ်လိုက်နာမှု အားနည်းတတ်တဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို ဖယ်ရှားသွားနိုင်ဖို့ ရှိပါတယ်။
 
+7 #3 peterhuaqiang 2012-11-14 07:51
သတင်းရေးသားသူသည် ကျင့်ဝတ်နှင့် အညီ ရေးသားသောသူများ ရှိသကဲ့သို့ ၀ါဒဖြန့်ရန် သက်သက် ရေးသားသော သတင်းသမားများ လည်း ရောနှောရှိနေပါသည်၊ မြန်မာနိုင်ငံသား အများစုသည် စည်းကမ်းနှင့် ပတ်သက်လျင် လိုက်နာမှု အားနည်းပါသည်၊ စည်းကမ်း နှင့် တကွ ပြစ်ဒဏ်များပါ ပူးတွဲပါရှိမှ ဖြစ်နိုင်ပါသည်၊ ပြစ်ဒဏ်များအတိုင်း အ ရေးယူရာတွင်လည်း ဘက်လိုက်မှုကင်းစင် စေရန်မှာ အထူးလိုအပ်ပါသည်၊ ဂျာနယ်များနှင့်ပတ်သက်ပြီး ပြင်ပတွင် ကြားနေရသည်များမှာ ဂျာနယ်ထဲထည့်လိုက်ရမလား ဆိုသည့် စကားများသည် တွင်ကျယ်စွာသုံးနေကြပါသည်၊ ၄င်းအတွက် သေချာစွာ စိစစ်ရန် လိုအပ်နေပါသည်။
 
+3 #2 kinglakeshore 2012-11-14 07:35
စည်းကျော်ရင် ပူမှာလား အေးမှာလား…မပူမအေး ခပ်နွေးနွေးလားး :-*
 
+25 #1 salamander 2012-11-13 22:50
ကျင့်ဝတ်တွေ ဥပဒေတွေဆိုတာ ဘယ်နေရာမှမဆို ရှိသင့်ပါတယ်။ ဒါပေမယ့် ချမှတ်ထားပြီး လိုက်နာမှုအားနည်းတယ်ဆိုရင်တော့ စိတ်ပျက်စရာပဲ။ မြန်မာပြည်မှာ ဒီလိုမျိုးတွေဖြစ်နေတာများတာတော့ ၀မ်းနည်းစရာပဲ။ ခက်တာက ကိုယ်ကိုယ်တိုင်လည်း အများနဲ.ရောပြီး မကြာခဏ ဥပဒေတွေ စည်းကမ်းမလိုက်နာတဲ.အထဲ ပါနေမိတယ်။ ကားမောင်းတဲ့အချိန် အဆိုးဆုံးပဲ။ ကံကောင်းလို. ခုထိဘာမှ မဖြစ်သေးတာ။ :D

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။