ဂါဇာ အပစ်ရပ်စဲရေး ခက်ခဲ
ဂါဇာက စွန့်ခွာ ထွက်ပြေးနေကြ
အစ္စရေးက ဂါဇာ ကို ဆက်လက် ဗုံးကြဲ နေတာမို့ အင်္ဂါ နေ့ တနေ့ ထဲမှာပဲ အနည်းဆုံး ပါလက်စတိုင်း လူမျိုး ၂ဝ သေဆုံးရကြောင်း သတင်းရရှိ ပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွ တွေက အစ္စရေး ဘက်ကို ဒုံးကျည် အလက် ၁၅ဝ လောက်နဲ့ တိုက်ခိုက်ခဲ့လို့ အစ္စရေး စစ်သား တဦး ကျသွားတယ်လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။
အစ္စရေး အရပ်သား တဦးလဲ သေဆုံး ခဲ့တာမို့ တိုက်ခိုက်မှုတွေ စတင်ပြီးနောက် အစ္စရေး ဘက်က သေဆုံးသူ ၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
ဂါဇာ မြို့မှာ မျက်နှာဖုံး စွပ်ထားတဲ့ သေနတ် သမား တွေက အစ္စရေး လူလို့ မသင်္ကာသူ ၆ ဦးကို လူအုပ်ထဲမှာ ပစ်သတ် ခဲ့တယ် လို့လဲ သတင်း ရရှိ ပါတယ်။
အပစ်အခတ် ရပ်စဲဖို့ သံတမန် ရေး ကြိုးပမ်းမှု တွေလဲ ဆက်ရှိနေပြီး အပစ်အခတ် ရပ်ရေး အတွက် အီဂျစ်နဲ့ ပူးပေါင်း ဆောင်ရွက် မယ်လို့ အမေရိကန်က ပြောကြား ပါတယ်။
ဂါဇာမှာ တိုက်ပွဲတွေ အမြန်ဆုံး အရှိန်လျော့သွားဖို့ လိုကြောင်း အင်္ဂါ နေ့ညက ဂျေရုဆလင်ကို ရောက်ရှိ လာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြား ခဲ့ပါတယ်။
အီဂျစ် သမ္မတ မော်စီရဲ့ ဦးဆောင် ကြိုးပမ်းမှုကို ကြိုဆိုတယ်၊ ဒီလုပ်ငန်းစဉ်မှာ ဒေသတွင်း ခေါင်းဆောင်နဲ့ အိမ်နီးချင်း ဖြစ်တဲ့ အီဂျစ်ပါဖို့ လိုတယ်လို့ မစ္စက် ကလင်တန်က ပြောပါတယ်။
လာမယ့် ရက်တွေအတွင်း သဘောတူညီမှု ရဖို့ အစ္စရေး ၊အီဂျစ်တို့နဲ့အတူ ကြိုးပမ်း သွားမယ်လို့ သူက ပြောပါတယ်။
မစ္စစ် ကလင်တန်ဟာ အနောက်ဘက် ကမ်းက ရာမာလာမှာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်နဲ့ ဆွေးနွေးပြီး ဗုဒ္ဓဟူးနေ့မှာ ကိုင်ရိုကို သွားမှာပါ။
အီဂျစ်က ကြားဝင် စေ့စပ်ပေးနေသလို အီဂျစ်က စီစဉ်တဲ့ အပစ်ရပ် စာချုပ် မူကြမ်းမှာ ဘာတွေ ပါတယ်ဆိုတာ မသိရပါဘူး။
ဒါပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ တင်ပြတဲ့ အချက်တွေတော့ ပါဝင်တယ်လို့ သိရပါတယ်။
အစ္စရေးဘက်က တောင်းဆိုတာကတော့ ဂါဇာဘက်က ပစ်ခတ်မှုတွေ ရပ်ဖို့၊ နိုင်ငံတကာက ဟားမတ်စ်ကို လက်နက် မတပ်ဆင်ဖို့ တွေ ပါသလို ဟားမတ်စ် ဘက်ကလည်း ဂါဇာကို အစ္စရေး ပိတ်ဆို့ထားတာ ဖယ်ရှားဖို့၊ ပစ်မှတ်ထား သတ်ဖြတ်မှုတွေ မလုပ်ဖို့တွေ ပါပါတယ်။
ဟားမတ်စ်နဲ့ အစ္စရေး အကြား အပစ်ရပ်စဲရေး ကြေညာဖို့ ရှိတယ်လို့ ပါလက်စတိုင်း ဘက်မှာ စောစောပိုင်းက အသံတွေ ထွက်လာခဲ့ပေမယ့် ဘာ သဘော တူညီမှုမှ အပြီးသတ် မရရှိ သေးတဲ့အတွက် စစ်ရေး အရ ဆက်လက် တိုက်ခိုက်သွားမယ်လို့ အစ္စရေး ဘက် ဆိုပါတယ်။
No comments:
Post a Comment