Tuesday, November 27, 2012

ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ စိုးရိမ်ပူပန်


ရခိုင်ပဋိပက္ခ ကုလသမဂ္ဂ စိုးရိမ်ပူပန် 


ရခိုင်ပြည်နယ်ရမ်းဗြဲမြို့တွင်အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်
DVB News, 27 November 2012  —-  ကုလသမဂ္ဂက မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြားက အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုလိုက်သလို အာဏာပိုင်တချို့က လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ အစီရင်ခံချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံပေါင်း ၁၉၃ နိုင်ငံ တက်တဲ့ အထွေထွေညီလာခံ တတိယကော်မတီက ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ထဲမှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့အခြေအနေပေါ်မှာ စိုးရိမ်ကြောင်းနဲ့ သူတို့တွေရဲ့ အခြေအနေတွေ တိုးတက်အောင် ဆောင်ကျဉ်းပေးဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်အပါအဝင် သူတို့အားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့က တုံ့ပြန်ရာမှာ မှန်မမှန် အတည်ပြုချက် မရယူခဲ့ဘဲ တိကျမှန်ကျန်မှုမရှိတဲ့ အချက်တွေကို အမှီပြုပြီး သိမ်းကျုံးစွပ်စွဲထားချက်တွေ ပါဝင်နေတယ်လို ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို လက်ခံပေမယ့် ရိုဟင်ဂျာကို လူနည်းစုအဖြစ် သုံးစွဲတဲ့အပေါ်ကိုတော့ မြန်မာကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။
မြန်မာပြည်မှာ ရိုဟင်ဂျာလိုမျိုး တိုင်းရင်းသားအုပ်စု မရှိပါဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က ပြောဆိုခဲ့သလို နိုင်ငံသားနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံဟာ တရားဥပဒေအတိုင်း ဆောင်ရွက်နေပါတယ်လို့ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့အကြမ်းဖက်မှုဟာ အုပ်စု ၂ စု အကြားဖြစ်တဲ့ အကြမ်းဖက်မှုသာဖြစ်ပြီး ဘာသာရေး ဖိနှိပ်မှုမဟုတ်ဘူးလို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။
ကုလသမဂ္ဂ ဆုံးဖြတ်ချက်ထဲမှာ ကချင်ပြည်နယ်တွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ အလေးအနက်စိုးရိမ်မှုကို ထည့်သွင်းဆုံးဖြတ်ခဲ့သလို ခွဲခြားဆက်ဆံမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ နေရာရွှေ့ပြောင်းနေထိုင်ရမှုတွေနဲ့ သက်ရောက်မှုရှိတဲ့ တိုင်းရင်းသားလူနည်းစုဧရိယာတွေမှာ စီးပွားရေး ချို့တဲ့မှုတွေအတွက် အစိုးရက ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ဖို့ တိုက်တွန်းထားပါတယ်။
by ဒီဗွီဘီ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။