Tuesday, November 27, 2012

ALD စည်းရုံးရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း


ALD စည်းရုံးရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်ရှိ ဒေသခံများနှင့် အခြေအနေအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း 


Arakan Times, 27 November 2012  —  နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ၂၆ ရက်နေ့ထိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်ပြည်အတွင်း မြို့နယ်၊ ကျေးရွာများရှိ ဒေသခံများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ပါတီ၏စည်းရုံးရေးခရီးစဉ်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်များတွင်ရှိသော မြို့နယ်၊ ကျေးရွာများမှ ရခိုင်ပြည်သူများနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများနှင့် ပါတီ၏ လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းပွဲများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းခရီးစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဌ ဦးအေးသာအောင် ဆက်သွယ်မေးမြန်းကြည့်ရာ “ကျွန်တော်နဲ့ ပါတီအဖွဲ့ဝင်တွေက နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၆ ရက်နေ့ထိ မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ဂွမြို့နယ် အစရှိတဲ့ မြို့နယ် ၅ မြို့နယ်ကို စည်းရုံးရေးခရီးစဉ်သွားအဖြစ် သွားရောက်ခဲ့တယ်။ အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နိုင်ငံရေး အခြေအနေတွေ၊ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သွားကြတဲ့ ရခိုင်ပြည်သူတွေရဲ့ အခြေအနေတွေနဲ့ ပါတီရဲ့လုပ်ငန်းစဉ်၊ မူဝါဒတွေကို ပြည်သူလူထုတွေနဲ့ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပွဲတွေ လုပ်ခဲ့ကြတယ်။ အဲဒီမြို့နယ် (၅) မြို့နယ်က မြို့တွေ၊ ကျေးရွာတွေအားလုံးမှာ ဆွေးနွေးပွဲ စုစုပေါင်း (၂၈)ခု ပြုလုပ်ခဲ့ပါတယ်။ “ဟု ပြောသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်ရှိ ဒေသခံများသည် နောက်ထပ်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး ကျူးကျော်ဘင်္ဂလီများနှင့် ဆက်လက်၍ အတူနေထိုင်ရန် မဖြစ်နိုင်သည့်အကြောင်းကို ဒေသခံများမှ ယခုစည်းရုံးရေးခရီးစဉ်တွင် တင်ပြထားကြကြောင်း ဦးအေးသာအောင်မှ ဆက်လက်ပြောကြားသည်။
” အခုလောလောဆယ်တော့ ရခိုင်ပြည်သူတွေရဲ့ ပြဿနာတွေကို ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကျတော့ လုပ်ပိုင်ခွင့်မရှိဘူး၊ အာဏာကလည်းမရှိဆိုတော့ သက်ဆိုင်ရာအစိုးရမှာ လုပ်ပေးဖို့ တာဝန်ရှိတယ်။ ပါတီအနေနဲ့ကတော့ ပြည်သူတွေရဲ့ အသံတွေကို အစိုးရဖက်ကို တင်ပြပေးဖို့လောက်ပဲ တတ်နိုင်သေးတယ်။ ကျွန်တော်တို့ ပါတီက မှတ်ပုံတင်ထားတာ ၅ လ လောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ဘင်္ဂလီ – ရခိုင် ပြဿနာကြောင့် ပါတီစည်းရုံးရေးကို လုပ်ဖို့အချိန်မရ ဖြစ်နေပါတယ်။ အခုမှ ရခိုင်ပြည်နယ်တောင်ပိုင်းကို ပါတီစည်းရုံးရေး ဆင်းပြီးတော့ ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်တာ ဖြစ်ပါတယ်။” ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၉ ခုနှစ်တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ရခိုင်ပြည်တွင် အမတ်နေရာ ၁၁နေရာဖြင့် အနိုင်ရရှိခဲ့သော်လည်း ပါတီဖျက်သိမ်းခြင်းကို ခံခဲ့ရပြီး ယခု ၂၀၁၂ခုနှစ် မေလ ၃၀ရက်နေ့မှစ၍ ALDအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
Written by ခိုင်ခိုင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။