ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
DVB News, 26 October 2012 —- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ
စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး
ပန်းတေန်ာမြို့နယ်က ဦးမောင်မောင်ဉာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့
အရေးကြီးအဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက လွှတ်တော်က
မှတ်တမ်းတင်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဥာဏ်က “အောက်တိုဘာ ၂၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် လူသေဆုံး ဒဏ်ရာရရှိမှုနဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးပြီး မြောက်ဦးမြို့နယ် လုံခြုံရေးတာဝန်ရှိသူတွေ ကျဆုံးတာကို ကြားနေရကြောင်း။ မင်းပြား၊ ကျောက်ဖြူတို့မှာလည်း တဖက်နဲ့တဖက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိတယ်လို့ ကြားနေရကြောင်း— သို့ဖြစ်သောကြောင့် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ပဋိပက္ခ ဖြစ်ပွားနေတဲ့၊ ဖြစ်နိုင်ခြေရှိတဲ့ မြို့နယ်တွေမှာ လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျင်အမြန် ဆောင်ရွက်ဖို့နဲ့ ဥပဒေ ချိုးဖောက်ခြင်း၊ အခြေခံ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် ပတ်သက်ပြီး တရားဥပေဒ စိုးမိုးရေးနှင့် ညီညွတ်စွာ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီရင်ဆုံးဖြတ်ဖို့” လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ကန်ပက်လက်မြို့နယ်က သူရဦးအောင်ကို၊ ရွှေပြည်သာက ဦးတင်မောင်ဦး၊ ဘားအံက ဒေါ်နန်းစေအွာ၊ ဘူးသီးတောင်က ဦးရွှေမာင်၊ ကျောက်တော်က ဦးသာစိန်၊ ကျောက်ပန်းတောင်းက ဒေါက်တာဇော်မြင့်မောင်၊ ပုဏ္ဏားကျွန်းက ဦးထွန်းအောင်ကျော်၊ အလုံက ဦးခိုင်မောင်ရည်၊ လဲချားက ဦးစိုင်းမောင်တင်တို့ က တခဲနက်ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
အဆိုကို အမတ်တွေအားလုံး တခဲနက် ထောက်ခံပေမယ့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတာမျိုး မလုပ်ဘဲ ဥက္ကဋ္ဌသူရ ဦးရွှေမန်းက “အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း” သာ အတည်ပြုကြေညာခဲ့ပါတယ်။
by ဒီဗွီဘီ

No comments:
Post a Comment