Saturday, October 27, 2012

မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ



မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ 


Arakan Times, 26 October 2012  —-  အောက်တိုဘာလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအကြမ်းဖက်မှုများကြောင့် ယခုအခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာများမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင်အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ ထွက်ပြေးခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက်ဦးမြို့ ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့မှ ပြောသည်။
“အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့်ကျောင်း၊ လက်ကောက်ဈေးကျောင်းနဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေးဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။ မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာက(၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလျှက်ရှိပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း သိရှိရသည်။
“အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေခံနေပြီး လမ်းခရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရမှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။”ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦး(၈)ခု မီးလောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော်ပြထားသည်။
Written by မင်းသွီး

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။