(၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အမှာစကားပြောကြားပြီး ဆုများချီးမြှင့်
Fri, 10/26/2012 - 10:21
နေပြည်တော် အောက်တိုဘာ ၂၆
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကို
ကိုယ်စားပြုသည့် မျက်နှာစာများတွင် ယဉ်ကျေးမှု မျက်နှာစာသည်
တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အဓွန့်ရှည် ခိုင်မာသော ယဉ်ကျေးမှု
သမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံမှာ ကမ္ဘာ့အလယ်တွင် အများ၏
ခံ့ညားလေးစားခြင်း ခံရမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုမျက်နှာစာတွင်
လက်ဆုပ်လက်ကိုင် ပြ၍ရသည့် သမိုင်းဆိုင်ရာ၊ ရှေးဟောင်းဆိုင်ရာ
ရုပ်ဝတ္ထုပစ္စည်းများပါရှိသကဲ့သို့ စိတ်ခံစားမှုဖြင့်သာ တိုင်းတာ၍ရသည့်
အနုသုခုမပညာရပ် များလည်း ပါဝင်ပါကြောင်းဖြင့် ယနေ့နံနက် (၈)နာရီ
(၁ဝ)မိနစ်တွင် ကျင်းပသည့် (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ညီလာခံခန်းမ၌ ကျင်းပသည့် အဆိုပါအခမ်းအနားတွင်
ဒုတိယသမ္မတက ဆက်လက်ပြောကြားရာ၌ အနုသုခုမပညာရပ်များသည် တည်မှီပေါက်ဖွားရာ
ရေမြေသဘာဝကိုအခြေခံ၍ ဖြစ်တည်ထွန်းကားတတ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏
ရေမြေပေါ်တွင် ပေါ်ထွန်းခဲ့သည့် အနုသုခုမ ပညာရပ်များတွင် မြန်မာ့ရေမြေသဘာဝ၏
နူးညံ့သိမ်မွေ့မှု၊ သာယာ ညှင်းပြောင်းမှုများ ထင်ဟပ်နေပါကြောင်း၊ ယင်းမှာ
မိမိတို့၏ လူနေမှုပြယုဂ်၊ တစ်နည်းအားဖြင့် အမျိုးသားရေး စရိုက်လက္ခဏာပင်
ဖြစ်ပါကြောင်း။
'မြိုင်ဆိုင်မှုနှင့် တည်ငြိမ်မှု၊ သွက်လက်မှုနှင့်
သိမ်မွေ့မှု'' များ အချိုးကျကျ ပေါင်းစပ် ဖော်ကျုးထားသည့် မိမိတို့၏ အဆို၊
အတီး၊ အက ပညာရပ်များကို အကောင်းဆုံး ထုတ်ဖော်တင်ပြနိုင်ခဲ့သည့် အားလျော်စွာ
နိုင်ငံတကာ၏ တန်ဖိုးထားလေးစားမှုများကိုလဲ ရရှိခဲ့ကြပါကြောင်း၊
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၏ ထင်ရှားသော အနုပညာ တစ်ခုဖြစ်သည့် ''
ရာမယဏ''ကဇာတ်ဆိုလျှင် ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ ဂုဏ်ယူဖွယ်ရာ
အနုပညာကကြိုးကကွက်တစ်ခုအဖြစ် နိုင်ငံအများက အသိအမှတ်ပြု
ခံထားရဆဲဖြစ်ပါကြောင်း၊
ကျင်းပပြီးစီးခဲ့သည့် (၁၉)ကြိမ်မြောက်
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊
အတီးပြိုင်ပွဲကြီးသည် ရှိခဲ့ပြီးဖြစ်သည့် ဂုဏ်ယူဖွယ်ရာ မြန်မာ
တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကောင်းများ၊ အနုသုခုမ
အစဉ်အလာကောင်းများကို တာဝန်ကျေပွန်စွာ လက်ဆင့်ကမ်း သယ်ဆောင်နိုင်ခဲ့ပြီ
ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတွင် ဆုရရှိခဲ့ကြသူများသည်
မိမိတို့ ဆောင်ရွက်ရမည့် အမျိုးသားရေး အနုသုခုမ တာဝန်တစ်ရပ်ကို
နိုင်ငံသားတစ်ဦးအနေဖြင့် သာမန်ထက်ပိုပြီး ထူးချွန် ထက်မြက်စွာ
စွမ်းဆောင်နိုင်ခဲ့သဖြင့် အနုသုခုမဆိုင်ရာတွင် နိုင်ငံတော်အဆင့်
စွမ်းရည်ပြည့်မီသူ အဖြစ်ဖြင့် ဆုချီးမြှင့်ခံရခြင်းဖြစ်ပါကြောင်း၊
ရှေ့ဆက်၍လည်း မိမိတို့ရရှိသည့် ဆုနှင့်အတူ ကြီးလေးသည့် အနုပညာ ဆိုင်ရာ
အမျိုးသားရေး သမိုင်းပေးတာဝန်များ မိမိတို့ပုခုံးပေါ်တွင် ရောက်ရှိနေပြီဟု
ခံယူရမည် ဖြစ်ပါကြောင်း၊ ဝါရင့်အနုပညာရှင် အကဲဖြတ် ပုဂ္ဂိုလ်ကြီးများနှင့်
ပြိုင်ပွဲကြီးအောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုး ခဲ့ကြသူများ အနေဖြင့်လည်း
မိမိတို့၏တာဝန်ကို သမိုင်းကွက်လပ် မကျန်ရစ်ခဲ့ရအောင် စွမ်းဆောင်၊ ထမ်းဆောင်
နိုင်ခဲ့ကြသည်ဟု ခံယူယုံကြည်ပြီး အသစ်အသစ်သော တာဝန်များအတွက်
ဂုဏ်ယူစွာထမ်းဆောင်နိုင်ရန် ထာဝရ အဆင်သင့်ဖြစ်နေစေလိုကြောင်းကို
ဆန္ဒပြုတိုက်တွန်းလိုပါကြောင်း။
ယခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ပြည်နယ်အလိုက်
တိုင်းရင်းသားများ၏ အဆို၊အက၊အရေး၊ အတီး တို့အပြင် လာမည့်နှစ်တွင်
မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ အဆို၊
အက၊ အရေး၊ အတီးများကိုပါ ယခုထက် ပိုမိုပြည့်စုံစွာ
ထည့်သွင်းကျင်းပနိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရမည်
ဖြစ်ပါကြောင်း။
အနုသုခုမပညာရပ်များ ပိုမိုအဓွန့်ရှည်
တွင်ကျယ်ပြန့်ပွားစေရန် ဆောင်ရွက်ရာတွင် နိုင်ငံပိုမိုဖွံ့ဖြိုး
တိုးတက်လာရေး၊ တည်ငြိမ်းအေးချမ်းမှုများ ပိုမိုခိုင်မာရေးကို တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများ အပြန်အလှန် နားလည်မှုရှိရှိဖြင့်
စုစည်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အနုသုခုမဆိုသည်မှာ တိုင်းပြည်၏
''ဆည်းလည်းသံ'' ဖြစ်ရာ တိုင်းပြည်စည်ပင်ဝပြော၊ အေးချမ်းသာယာနေမည်ဆိုပါက
အဆိုပါချိုမြသည့် အနု သုခုမ ဆည်းလည်းသံများ နိုင်ငံအဝန်း ချိုလွင်စွာ
ပျံ့နှံ့ပေါ်ထွက်နေမည် ဖြစ်ပါကြောင်း။
ယခုကျင်းပပြီးစီးသွားသည့် ပြိုင်ပွဲကြီးတွင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ပြိုင်ပွဲဝင်များ၏
အားကြိုးမာန်တက်ယှဉ်ပြုင်သွားကြမှု၊ ပြည်နယ်အသီးသီးက တိုင်းရင်းသားများ၏
စွမ်းရည်ပြယဉ်ကျေးမှု ဖလှယ်မှုများသည် မိမိတို့တိုင်းပြည်အတွက်
သာယာငြိမ်းချမ်းသော ဆည်းလည်းသံများ ဖြစ်ပေါ်ခဲ့ပြီဖြစ်ပါကြောင်း၊
မိမိတို့ရဲ့ ရိုးရာ ကျေးလက်သံများ၊ တိုင်းရင်းသားတေးသံများ၊
မဟာဂီတသီချင်းကြီးများ၊ အဆို၊ အက၊ ဇာတ်ထုပ် ဇာတ်လမ်း၊ ကွက်စိပ် အစရှိသည့်
ယဉ်ကျေးမှု အနုသုခုမများသည် လူထုလူတန်းစား အလွှာအသီးသီး ကြားတွင် နှုတ်တက်ရွရွ
သီဆိုတီးမှုတ်မှုအဆင့်မှ အသံလွှင့် ရေဒီယိုခေတ်၊ ဓာတ်ပြားခေတ်၊
တိပ်ရီကော်ဒါခေတ်၊ ကက်ဆက်ခေတ်၊ စီဒီ၊ ဗွီစီဒီခေတ်မှတစ်ဆင့် ယခုဆိုလျှင်
Electronic Web site များတွင်ပင် ရှာဖွေကြည့်ရှု နားထောင်၍ ရသည့်
အင်တာနက်ခေတ်အဆင့်အထိ မှတ်တမ်းဝင် မှတ်တမ်းတင် ခံနေရဆဲ ဖြစ်ပါကြောင်း။
ယနေ့အချိန်တွင် ကမ္ဘာကြီးမှာ ဘက်စုံထောင့်စုံမှ
အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိရာ ယင်း ပြောင်းလဲမှုတိုင်းကို
တိုးတက်မှုဟူ၍ ပုံသေမှတ်ယူ၍ မရသသကဲ့သို့ ရိုးရာတစ်ခုတည်းကို
မျက်စိမှိတ်ဖက်တွယ်ပြီး ပတ်ဝန်းကျင်ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို
မျက်ကွယ်ပြုထား၍လည်း မဖြစ်ပါကြောင်း၊ ရိုးရာတေးသီချင်း၊ ရိုးရာဂီတ၊
ရိုးရာအဆိုအကများ'' အင်တာနက်'' ပေါ်တွင် ယနေ့အထိ ဖတ်ရှုမြင်တွေ့နေရခြင်းသည်
ခေတ်ပြိုင် နည်းပညာနှင့် ရိုးရာအနုပညာကို သဟဇာတဖြစ်အောင် ချိန်ညှိနိုင်ခဲ့၍
ဖြစ်ပါကြောင်း၊ ယင်းသို့ ချိန်ညှိနိုင်ရန် အတွက် မြင်အောင်ကြည့်ပြီး
သိအောင်လုပ်ရမည့် နည်းပညာများ အတွေးအခေါ်အမြော်အမြင်များမှာ များပြား
လှပါကြောင်း၊ ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက်ပြိုင်ပွဲတွင် အခမ်းအနား၊
ဆက်တင်၊ အထူးပြုလုပ်ချက် စသည့် ပညာရပ်ဆိုင်ရာ ပံ့ပိုးမှုများကို
အမှတ်ပေးစည်းမျဉ်းတွင် ထည့်သွင်း အသိအမှတ်ပြုရခြင်းသည် ယင်းသဘော တရားပင်
ဖြစ်ပါကြောင်း၊ ''အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်''
များဖွင့်လှစ်ပြီး တက္ကသိုလ်အဆင့် စာပေပညာရပ်များနှင့် အနုပညာကို
ပေါင်းစပ်သင်ကြားပေးခြင်း၊ ဘွဲ့များသတ်မှတ် ချီးမြှင့်ပေးခြင်း၊ ''
ပန်တျာကျောင်း၊ ပန်းချီပန်းပုကျောင်း'' များကို အခြေခံပညာ
အထက်တန်းပညာရပ်များပါ တွဲဖက်သင်ကြားပေးသည့် '' အနုပညာ အထက်တန်းကျောင်း ''
များအဖြစ် တိုးမြှင့်ဖွင့်လှစ် သင်ကြားပေးနေခြင်းတို့သည် ရိုးရာယဉ်ကျေးမှု
အနုပညာနှင့် ခေတ်မီနည်းပညာများ ဟန်ချက်ညီအောင် ထိန်းညှိနိုင်ရန်
အခြေခံလိုအပ်ချက်ဖြစ်သည့် '' ပညာ'' အဆောက်အအုံကို အုတ်မြစ်ချပေးခြင်းပင်
ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် အဆိုပြိုင်ပွဲ မဟာဂီတဘာသာရပ်
အခြေခံ အဆင့်ပြိုင်ပွဲတွင် အတန်းအလိုက် ပထမ၊ ဒုတိယနှင့် တတိယ
ဆုရရှိကြသူများအား ဆုများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးများနှင့် ဒုတိယဝန်ကြီးများက
အဆိုပြိုင်ပွဲ၏ ခေတ်ဟောင်း/ ကာလပေါ် ဘာသာရပ် နှင့်
ခေတ်အကြိုက်တေးဘာသာရပ်တို့တွင် အတန်းအလိုက် ဆုရရှိကြသူများ၊
အကပြိုင်ပွဲနှင့် ကွက်စိပ်ပြိုင်ပွဲတွင် အတန်းအလိုက် ဆုရရှိကြ သူများ၊
ကွက်စိပ် ပံ့ပိုးဆိုင်းနှင့် ကွက်စိပ် ဇာတ်ညွှန်း ထူးချွန်ဆုရရှိကြသူများ၊
'' သုဝဏ္ဏသာမ ဇာတ်တော်ကြီး'' ပြိုင်ပွဲနှင့် ရုပ်စုံသဘင်ပြိုင်ပွဲတို့တွင်
ထူးချွန်ဆုရရှိကြသူများ၊ ရုပ်သေးပြိုင်ပွဲတွင် အတန်းအလိုက် ဆုရရှိကြသူများ၊
'' မွေခံထိုက်စေ ရိုးရာအမွေ '' ပြဇာတ်ပြိုင်ပွဲတွင်
ထူးချွန်ဆုရရှိကြသူများ၊ အရေးပြိုင်ပွဲတွင် အတန်းအလိုက် ဆုရရှိကြသူများ၊
အတီးပြိုင်ပွဲ၏ စောင်း၊ ပတ္တလား၊ စန္ဒယား၊ ဂီတာ၊ မယ်ဒလင်၊ ဒုံမင်း၊ နှဲ၊
တယော၊ ဆိုင်းတစ်ဦးချင်းနှင့် ဆိုင်းအဖွဲ့လိုက် ပြိုင်ပွဲများတွင်
ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယသမ္မတက ကချင်၊ ကယား၊ ကရင်၊ ချင်း၊
မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့မှ ဖိတ်ကြားထားသော
ဆုရတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဖလှယ်ရေး အဖွဲ့များအား
ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ဇာတ်တော်ကြီး၊ ရုပ်စုံသဘင်နှင့်
ပြဇာတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသည့် အဖွဲ့များနှင့်
ဆုတံဆိပ် အများဆုံးရရှိသည့် ရန်ကုန်တိုင်းဒေသကြီးတို့အား ဆုများနှင့်
တံခွန်စိုက်ဆု တို့ကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ
အနုပညာရှင်များက '' စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်'' တေးသီချင်းကို
စုပေါင်းသီဆို ဖျော်ဖြေတင်ဆက်ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို
အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊
ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊
အကဲဖြတ် အမှတ်ပေး ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ
အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များ၊ ပြည်နယ်များမှ
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဖလှယ်ရေး အဖွဲ့ဝင်များ၊ ဆုရရှိကြသူများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဆုချီးမြှင့်နေစဉ်အတွင်း အဆို၊ အက၊
အရေး၊ အတီး ဘာသာရပ်အလိုက် ရွှေတံဆိပ် ဆု ရရှိကြသူများ၊ ယခင်ကျင်းပခဲ့သည့်
ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြပြီး အနုပညာလောကတွင်
အောင်မြင်ထင်ရှားနေကြသော အနုပညာရှင်များက အဆို၊ အတီး၊ အကများဖြင့် တင်ဆက်
ဖျော်ဖြေခဲ့ကြပြီး ပြည်နယ်အသီးသီးမှ တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှုအဖွဲ့များကလည်း ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့်
ယဉ်ကျေးမှုဖလှယ် စွမ်းရည်ပြသခဲ့ကြသည်။
No comments:
Post a Comment