Wednesday, October 17, 2012

ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးဖြစ်ရေး အကျိုးဆောင်အဖွဲ့ဝင် လိုင်ဇာသွားမည်


ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးဖြစ်ရေး အကျိုးဆောင်အဖွဲ့ဝင် လိုင်ဇာသွားမည်

ဦး အောင် သောင်းဦး ဆောင်သည့် ငြိမ်းချမ်း ရေးအဖွဲ့ နှင့် ပြီး ခဲ့ တဲ့ မတ်လအတွင်း ဆွေး နွေး ခဲ့ စဉ်က
DVB News, 16 October 2012  —  ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရကြား နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ဝင် ၂ ဦး ကေအိုင်အိုဌာနချုပ် လိုင်ဇာကို မနက်ဖြန် သွားဖို့ ရှိနေပါတယ်။
ကေအိုင်အိုနဲ့ ထပ်မံဆွေးနွေးလိုတဲ့အကြောင်း အစိုးရဘက် က အောက်တိုဘာ ၁၀ ရက်နေ့မှာ ကမ်းလှမ်းခဲ့ပြီးတဲ့နောက်  တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် သူတို့အဖွဲ့ဝင် ၂ ဦး လိုင်ဇာ မနက်ဖြန်သွားမယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ဆွေးနွေးပွဲ စနိုင်ဖို့အတွက် ပြည်သူလူထုအတွက် ဒုက္ခဆင်းရဲတွေကို ရှေးရှုပြီး အစိုးရနဲ့ ကေအိုင်အိုကြားမှာ အမြန်ဆုံးတွေ့ဆုံဖို့အတွက် ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ သူတို့ကိုလည်း တွန်းအားပေးဖို့ မနက်ဖြန်သွားဖို့ အစီအစဉ်ရှိတယ်။ သူတို့က အစည်းအဝေးမလုပ်သေးတော့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ မသိသေးတော့ ကျနော်တို့သွားပြီးမှ ဘယ်နေ့ ဘယ်ရက်ဆိုတာ အလွတ်သေဘာသွားတွေ့ဖို့။ ဆွေးနွေးဖို့အတွက် သူတို့အနေနဲ့ ဘယ်လိုအခက်အခဲရှိလဲ၊ ဒီကြားထဲမှာ ဖြစ်နိုင်၊ မဖြစ်နိုင် စုံစမ်းရင်းနဲ့ သွားတွေ့မလို့ပါ။”
အစိုးရက ကေအိုင်အိုနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ် ဒါမှမဟုတ် တရုတ်နယ်စပ် ရွှေလီမြို့မှာ တွေ့ဆုံလိုကြောင်း အောက်တိုဘာ ၁၀ ရက်နေ့က စာပေးပို့ခဲ့ပြီး ကေအိုင်အိုဘက်ကလည်း  အစိုးရဘက်က ပေးပို့တဲ့စာ  လက်ခံရရှိကြောင်း၊  ဗဟိုကော်မတီ အစည်းအေဝးလုပ်ပြီးမှ ဆွေးနွေးပွဲ ရက်နဲ့ နေရာကို ပြောမယ်လို့  ၁၁ ရက်နေ့က အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဟာ ကချင်ပြည်သူတွေအနေနဲ့ အစိုးရနဲ့ ကေအိုင်အိုကြား   နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အကျိုးဆောင်နေတာဖြစ်ပြီး အခုချိန်ထိ ကေအိုင်အို နဲ့အစိုးရကြား အလွတ်သဘော ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုအဆင့် တရားဝင် ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီလို့ ဆိုပါတယ်။
စုစုပေါင်း ၆ ကြိမ်တိုင် တွေ့ဆုံပေမယ့် ဆွေးနွေးပွဲ မအောင်မြင်သေးတာနဲ့ ပတ်သက်ပြီး ဦးလမိုင်ဂွန်ဂျာက သူ့အမြင်ကို ခုလို သုံးသပ်ပြောကြားပါတယ်။
“စစ်ရေးကြောင့်ပါ။ စစ်ဆေးမှာ လာငြိနေတာပါ။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ နှစ်ဦးနှစ်ဖက် ယုံကြည်မှုရှိမှ နိုင်ငံရေးစားပွဲခုံမှာ ဆွေးနွေးဖို့ဖြစ်မယ်။ ယုံကြည်မှုလုပ်ဖို့အတွက် စစ်ရှိန်ကို လျှော့ရေအာင်၊ တပ်တွေကိုလည်း ဆုတ်သင့်သလောက်ဆုတ်ပြီး လုပ်ဆောင်သွားဖို့ ကျနော်တို့ ပြောတယ်။ ဒီငြိမ်းချမ်းရေး အစိုးရအဖွဲ့ကနေပြီး ဒီစစ်ရေးနဲ့ပတ်သက်ပြီး ပြောလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဆုံးဖြတ်လို့ မရတဲ့အပိုင်းမှာ ဖြစ်တော့ နည်းနည်းကြာသွားတာ။ ဒါကြောင့် ဒီတကြိမ်တွေ့ရင် တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အကြီးအကဲတွေ အားလုံးပါဝင်ပြီး ဆွေးနွေးရင် ပြေလည်သွားနိုင်တယ်။ ”
အရင်ဆွေးနွေးပွဲတွေတုန်းကလည်း အစိုးရတပ်တွေ ဆုတ်ခွာပေးဖို့ ဆွေးနွေးခဲ့တာရှိပေမယ့် စစ်တပ်ဘက်ကနေ တကယ်အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ မပါဝင်လာတဲ့အတွက် ဒီနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ သူက ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့တုန်းကလည်း ကချင်ပြည်နယ် ဖားကန့်ဒေသနဲ့ မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းပေါ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

by နန်းမြနဒီ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။