အန်အယ်လ်ဒီ ရပ်ကျေးညီလာခံများ စတင်
DVB Nes, 2October 2012 — အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ရပ်ကွက်နဲ့ကျေးရွာအဆင့် ညီလာခံတွေကို ပဲခူးတိုင်းမှာ စတင်ကျင်းပေနေပြီလို့ ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။
“ပဲခူးတိုင်းအတွင်း ကျေးရွာအုပ်စု ၁၀ အုပ်စုမှာ သောကြာနေ့က ရပ်ကျေးညီလာခံတွေ ကျင်းပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း ကျေးရွာဥက္ကဌတွေကို ဒီမိုကေရစီနည်းကျ ရွေးချယ်မယ်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကိုလည်း ပါတီဝင်အချိုးအစားလိုက် ဒီမိုကေရစီနည်းအရ ရွေးချယ် တင်မြှောက်ကြတယ်။ ဗဟိုက ညီလာခံလမ်းညွှန်ချက်ထဲမှာ ဖော်ပြထားတဲ့ အတိုင်း မြို့နယ်ညီလာခံတွေ ကျင်းပဖို့အတွက် ကျေးရွာဥက္ကဋ္ဌ အပါအဝင်၊ မြို့နယ်ညီလာခံ ကိုယ်စားလှယ်၊ တချို့ကလည်း ပါတီဝင်အချိုးအဆလိုက် ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။”
မန္တလေးတိုင်းမှာလည်း လာမယ့်ရက်ပိုင်းမှာ စဖို့ပြင်နေသလို ကျန်တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း ကြိုးပမ်းနေကြတယ် လို့ ပြောပါတယ်။
၁၉၈၈ ခုနှစ်က စထူထောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရလက်ထက် တလျှောက်လုံး ပါတီခေါင်းဆောင်တွေ အများအပြား ထောင်သွင်းအကျဉ်းချခံခဲ့ရတာတွေ ဖြစ်ခဲ့ပြီး ပါတီညီလာခံကို တကြိမ်မှ မကျင်းပနိုင်သေးဘဲ ဖြစ်ခဲ့ပါတယ်။
အခုရပ်ကျေးညီလာခံတွေကို စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း က ဒေသတချို့မှာ ကျင်းပရေးအတွက် နှောင့်နှေးနိုင်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုညီလာခံကိုတော့ ပါတီခေါင်းဆောင်တွေ မျှော်မှန်းတဲ့ကာလအတွင်း အပြီးသတ် ကျင်းပနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
“ပြည်နယ်နဲ့တိုင်း တော်တော်များများက အခုလို နှုန်းနဲ့သာကျင်းပမယ်ဆိုရင် ဒီဇင်ဘာ မဟုတ်တောင်မှ လူကြီးတွေမှန်းထားတဲ့အတိုင်း ၂၀၁၃ ဇန်နဝါရီ၊ ဖေဖ်ာဝါရီလောက်မှာတော့ ဗဟိုညီလာခံကျင်းပနိုင်မယ်လို့ မျှော်လင့်တယ်။ အခု ညီလာခံကျင်းပဖို့အတွက် ကချင်ကလည်း သူတို့ဆီလာပြီး အနီးကပ်ရှင်းလင်းမှုတွေလုပ်ပါလို့ ဖိတ်ထားလို့ ဒီအပတ်ထဲပဲ မိုးကောင်း၊ မိုးညှင်း၊ နမ္မတီး၊ မြစ်ကြီးနားတို့ကို ဗဟိုကော်မရှင်ကပုဂ္ဂိုလ်တွေ သွားကြလိမ့်မယ်။”
by အေးနိုင်
No comments:
Post a Comment