တောင်ကိုရီးယား အာဏာရှင်ဟောင်း ပတ်ချုံဟီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်းအတွက် သမီးဖြစ်သူ ပြန်တောင်းပန်
ရွှေဟင်္သာသတင်းဌာန. ၂ရက်နေ့ အောက်တိုဘာ ၂၀၁၂ —- တောင်ကိုးရီးယား သမ္မတ ရွေးကောက်ပွဲတွင် အာဏာရ ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ယခင် တောင်ကိုးရီးယား စစ်အာဏာရှင်ဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သူ ပတ်ဂျန်ဟေးသည် ကွယ်လွန်သူ ဖခင်၏ အုပ်စိုးမှု ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များအတွက် ပြည်သူ များအား တောင်းပန်ခဲ့သည်။ မစ္စက်ပတ်သည် ယခု တောင်းပန်စကားကို သူမ၏ ကွန်ဆာဗေး တစ်ပါတီ New Frontier မှ တိုက်ရိုက် ထုတ်လွှင့်သော ရုပ်သံ အစီအစဉ် တစ်ခုတွင် သတင်းထောက် များသို့ တောင်းပန်ပြောကြား ခဲ့ခြင်း ဖြစ်သည်။
မစ္စက်ပတ်သည် ပြီးခဲ့သည့် တစ်လခန့် အထိ ပြိုင်ဘက် သမ္မတလောင်းများဖြစ်သော မွန်းဂျေအင်နှင့် အန်ချိုးလ်ဆူတို့ကို ကျော်ဖြတ်ကာ တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာရန် ရေပန်းစား ခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် အတွင်းကမူ ဖခင်၏ အရိပ်ကြောင့် လူထု သဘောထား စစ်တမ်းများတွင် လူကြိုက်များမှု လျော့ကျလာသည်။ သူမ၏ ဖခင် ပတ်ချုံဟီးသည် ၁၉၆၁ တွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့ကာ ၁၉၇၉ တွင် လုပ်ကြံခံခဲ့ရသည်။
သို့သော် ၎င်းကိုထောက်ခံသူများက ပတ်ချုံဟီးသည် တောင်ကိုရီးယား စီးပွားရေး တိုးတက်မှုအတွက် အခြေခံကောင်းများ ချမှတ်ပေးခဲ့ကြောင်း ဆိုသည်။ သို့သော် ဝေဖန်သူများက ပတ်ချုံဟီးသည် ၎င်းအာဏာရ စဉ်အတွင်း အတိုက်အခံ များကို နှိပ်ကွပ်ခဲ့ကာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် မစ္စက်ပတ်ဂျန်ဟေးက ရုပ်သံက လွှင့်ခဲ့သော ၁၀ မိနစ်စာ မိန့်ခွန်းတွင် သူမ၏ ဖခင်နှင့် ပတ်သက်၍ အမြင်များကို ညှိနှိုင်းပေးရန် ကြိုးစားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် တောင်းပန်ခဲ့သည်။
“ကျွန်မ အဖေအတွက်က စီးပွားရေး တိုးတက်ရေးနဲ့ အမျိုးသား လုံခြုံရေးဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့တာပါ။ စီးပွားရေး တိုးတက်မှု နောက်ကွယ်မှာ လုပ်သားတွေဟာ ဖိနှိပ်တဲ့ လုပ်ငန်းခွင် ဝန်းကျင်အောက်မှာ ဒုက္ခ ခံစားပြီး ပေးဆပ်ခဲ့ရပါတယ်။ မြောက်ကိုရီးယားရန်ကနေ အမျိုးသား လုံခြုံရေးကို ကာကွယ်ပေးဖို့အတွက် ကြိုးစားမှုတွေ နောက်ကွယ်မှာ နိုင်ငံတော်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို ခံစားခဲ့ရပါတယ်” ဟု သူမက ပြောကြားသည်။
Written by AFP
No comments:
Post a Comment