နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ
Thu, 10/11/2012 - 18:12
Printer-friendly versionSend by email
နေပြည်တော် အောက်တိုဘာ ၁၁
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ်က အောက်တိုဘာ (၉) ရက် ဒေသစံတော်ချိန် ညနေ (၆) နာရီခွဲတွင် ဆိုးလ်မြို့ရှိ သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားသမ္မတနိုင်ငံမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌဌများနှင့် အမှုဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆုတောင်းပတ္ထနာ ပြုသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံ တို့သည် (၁၉၇၅) ခုနှစ်မှ စတင်၍ သံတမန် ဆက်ဆံရေးကို ထူထောင်ခဲ့ ပါကြောင်း၊ ယင်းသို့ ထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအကြားတွင်လည်း ချစ်ကြည်ရင်နှီးမှုများ ဖြစ်ထွန်းလာကာ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများ တိုးတက်များပြား လာခဲ့ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် လွန်ခဲ့သည့် (၁၀) စုနှစ်များ အတွင်းတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မှုများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့်အတွက် မြန်မာပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ပြီး နောက်ပိုင်းမှာ ကိုရီးယားသမ္မတ နိုင်ငံ အနေဖြင့် မိမိတို့နိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံကဏ္ဍဍများတွင် ပူးပေါင်းကူညီဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။
အဆွေတော်သမ္မတကြီး မစ္စတာ အီမြောင်ဘတ် အနေဖြင့် နှစ်ပေါင်း (၂၉) နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့ပြီး မိမိအနေဖြင့်လည်း ယခု ကိုရီးယား သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ် လာရောက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ ခရီးစဉ်များသည် နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းတွင် ကမ္ပည်းမော်ကွန်းရေးထိုးနိုင်မည့် ခရီးစဉ်များ ဖြစ်ကြပါကြောင်း၊ ဤခရီးစဉ်များမှ တစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ဆတက်ထမ်းပိုး ဆက်လက်ဖွံ့ဖြိုးတိုးတက် သွားစေလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံသည် အဆွေတော် သမ္မတကြီး အပါအဝင် ကိုရီးယားခေါင်းဆောင် များ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ကိုရီးယားပြည်သူ တစ်ရပ်လုံး၏ ကြိုးပမ်းမှုများကြောင့် အချိန်တို ကာလအတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်မှုနှင့် အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ ယင်းသို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းအပေါ် မိမိအပါအဝင် မြန်မာပြည်သူများ အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တိုးတက်အောင်မြင် ဖြစ်ထွန်းမှုများ ရရှိခဲ့သည့် အတွေ့အကြုံ များကိုလည်း မြန်မာနိုင်ငံသို့ မျှဝေပေးမည် ဖြစ်ကြောင်း သိရှိရသည့်အတွက်လည်း မြန်မာ ပြည်သူတစ်ရပ်လုံး ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအပါအဝင် ကဏ္ဍဍပေါင်းစုံတွင် ပြုပြင် ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ်ထားရှိခဲ့သည့် စီးပွားရေး အရေးယူပိတ်ဆို့မှုများကိုလည်း ဖြေလျော့ပေးခြင်းများ၊ ပယ်ဖျက်ပေးခြင်းများ ပြုလုပ်လာကြပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်း လျှော့ပေါ့သတ်မှတ်ပေးခြင်း ကိုလည်း မကြာမီ ပြန်လည်ကျင့်သုံးတော့မည် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် သယံဇာတ ပစ္စည်းများ ပေါကြွယ်ဝပြီး လုပ်သားအင်အားလည်း လုံလောက်စွာ ရှိနေသည့်အတွက် မြန်မာနိုင်ငံက ထွက်ရှိသည့် သယံဇာတများကို အသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စက်ရုံများ၊ အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးနိုင်မည့် ကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံ၊ အလုပ်ရုံများကို လာရောက်ရင်းနှီးမြှုပ်နှံကြပါရန် ဖိတ်ခေါ်ပါကြောင်း၊ အဆွေတော် သမ္မတကြီး အပါအဝင် ကိုရီးယား မိတ်ဆွေများ အနေဖြင့်လည်း မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံ အားပေးသွားမည်ဟု ယုံကြည်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ယဉ်ကျေးမှု ဆိုင်ရာ ဆက်ဆံမှုများ၊ အတွေ့အကြုံ ဖလှယ်မှုများနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် သွားရောက်ကြခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ချစ်ကြည် ရင်းနှီးမှုများ အဓွန့်ရှည်ကြာစွာ ဆက်လက်တိုးတက်ဖြစ်ထွန်း ခိုင်မာစေရေးအတွက် လည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုရီးယားပြည်သူများ ပိုမိုသာယာဝပြောစေရန်အတွက် လည်းကောင်း၊ အဆွေတော်သမ္မတကြီး မစ္စတာ အီမြောင်ဘတ်၏ လုပ်ငန်းဆောင်တာများ အောင်မြင်ဖြစ်ထွန်းပြီး ကိုယ်စိတ်ကျန်းမာ ချမ်းသာစေရေးအတွက် လည်းကောင်း မိမိနှင့်အတူ ဆုမွန်ကောင်းများ တောင်းပါရန် ဖိတ်ခေါ်အပ်ပါကြောင်းဖြင့် ပြောကြားပြီး ဆုတောင်းပတ္ထနာပြုသည်။
ယင်းနောက် နှစ်နိုင်ငံ အကြီးအကဲများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
No comments:
Post a Comment