Friday, October 12, 2012

တရားသူကြီးနှင့်ရှေ့နေပေါင်း၍ စာရွက်အလွတ်ပေါ် လက်မှတ်ထိုးခိုင်းခဲ့


တရားသူကြီးနှင့်ရှေ့နေပေါင်း၍ စာရွက်အလွတ်ပေါ် လက်မှတ်ထိုးခိုင်းခဲ့ 

စာဖတ်ပရိသတ်အားလုံး ကျွန်မအဖြစ်ကို သင်ခန်းစာယူပြီး တစ်ပါးသူကို ယုံကြည်မှုဖြင့် ငွေ လက်မလွန်သင့်ကြောင်း တင်ပြပါရစေ။
ကျွန်မနဲ့ ကျွန်မရဲ့အစ်မတို့ထံမှ မြေစာရင်းဝန်ထမ်းတစ်ဦးနှင့် သူ့ဇနီးတို့က ငွေငါးသိန်းချေးယူပြီး တိမ်းရှောင်နေခဲ့ပါတယ်။ ကျွန်မလည်း ကျွန်မ ငွေ ၂ သိန်း ပြန်တောင်း၍ မရသောအခါ ပုဒ်မ (၄၁၇)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရပါတယ်။ အဲဒီမှာ မြို့နယ်ဒု-တရားသူကြီးက ကျွန်မထံမှ ငွေတစ်သောင်းကျပ်တောင်း၍ ရှေ့နေ မမြင့်မြင့်ဦးမှတစ်ဆင့် ပေးခဲ့ရပါ တယ်။ တစ်ဖက်က ၀န်ထမ်းဖြစ်ကာ ငွေကလည်း ၂ သိန်းတည်းဖြစ်၍ အမှုစစ်တရားသူကြီးက ညှိခိုင်းပါတယ်။ နောက်ကျွန်မအမည်၊ အသက်၊ အဖအမည်ပါရှိတဲ့ စာရွက် ပြောင်ပေါ်မှာ လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ တရားခံကို အာမခံပေးပါတယ်။ ရုံးချိန်းတစ်ရက်မှာ သူ့ ဇနီးအားပြန်ခေါ်ပေးရန် အချိန် ၅ ရက်ပေးပါတယ်။ ကျွန်မကို အိမ်ပြန်ခိုင်းပါတယ်။ သူက ဒု-တရား သူကြီးရုံးထဲမှာ ကျန်ခဲ့ပြီး ၁၀မိနစ်ခန့်မှ ပြန်ထွက်လာကာ ““နင်ရှုံးသွားပြီ”” ဟု ကျွန်မနားကပ်ပြီး ပြောသွားပါတယ်။
၁၅-၆-၂၀၁၂ ရက်နေ့တွင် ပုန်းနေသော ၎င်းမြေစာရင်းဝန် ထမ်း၏ဇနီးရှိသည့်နေရာကို သိရသဖြင့် ကျွန်မရှေ့နေထံသွားပြီး ၀ရမ်းထုတ်ရန် ဒုတရားသူကြီး ဆီသို့တင်ပါတယ်။ ဒါပေမဲ့ နောက်အပတ်မှ လာတင်ရန် တရားသူကြီးက ပြောပါတယ်။ ၁၇-၆-၂၀၁၂ ရက်မှာ ပုန်းနေသူမရှိတော့ပါ။ နောက်တစ်ချက်က ၁၂-၇-၂၀၁၂ ရက် ရုံးချိန်းတွင် ကျွန်မလက်မှတ်ထိုးခဲ့သော စာရွက်ပြောင်သည် ၂ ဖက်စလုံး စာလုံးများဖြင့် ပြည့်နေ၍ အကျိုးအကြောင်း ပြောသောအခါ တရားသူကြီးက နင်ကိုယ်တိုင် လက်မှတ်ထိုးခဲ့တာဟု ရန်တွေ့ပြောခဲ့ပါတယ်။၁၃-၇-၂၀၁၂ ရက် ရုံးချိန်းတွင်လည်း ဘာကိစ္စမှန်းမသိရဘဲ အခုချက်ချင်း အမိန့် ချရမလားဟု ပြောဆိုခံခဲ့ရပါသည်။ ယခုအချိန်ထိ မပြီးပြတ်သေးဘဲ ရှိနေပါသည်။ မြေစာရင်းဝန်ထမ်း ကိုယ်တိုင်ကလည်း ““ငါ့ကိုတိုင်လို့ အမြင်ကတ်လို့ မပေးတာ။ ဟိုမှာပေးစားမယ်”” ဟု ကျွန်မကို ပြော ခဲ့ပါသည်။
ကျွန်မသည် တရားရုံးဆိုလျှင် ကြောက်သွားပါပြီ။ ဒု-တရားသူ ကြီးတို့ကြောင့် တရားလိုမှ တရားခံအစစ် ထင်ခံရသလို ဒုက္ခခံစား နေရသည့်အတွက် ကျွန်မကဲ့သို့ သူတစ်ပါးကိုယုံကြည်ပြီး ငွေထုတ် ချေးပေးကြသောသူများ စိတ်ဒုက္ခမခံစားရစေရန် အယ်ဒီတာမှတစ်ဆင့် တင်ပြလိုက်ပါသည်။


မခင်အုန်းမြင့် (ကျိုက်လတ်မြို့နယ်) မြန်မာသံတော်ဆင့်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။