Tuesday, August 7, 2012

သင်တကယ်အောင်မြင်လိုလျှင်



သင်တကယ်အောင်မြင်လိုလျှင်

If you really want to succeed by John Anderson

''If you really want to succeed by John Anderson" ကို သစ်အောင် (မန္တလေး) ပြန်ဆိုသော ဆောင်းပါး

by Kyaw San on Monday, August 6, 2012 ·
သင်တကယ်အောင်မြင်လိုလျှင်
Written by Upper Myanmar Journal Monday, 16 Jul 2012 16:20“မည်သည့်နယ်ပယ်တွင်မဆို ထိပ်ဆုံးရောက်ရန် ဘာလုပ်ရမည်နည်း”  အာနိုးသည် ဆယ်ကျော်သက်အရွယ်က ခန္ဓာကိုယ်အားနည်းသော လူဗလံလေး ဖြစ်ခဲ့သည်။ သူ့မိဘ၏ သံသယများကြားမှပင် သူသည် တစ်ပတ်လျှင် သုံးရက်ခန့် အားကစားရုံသို့ သွားရောက်၍ နာရီအတော်များများ ကြာသည်အထိ သူ၏ ခန္ဓာကိုယ်အတွက် အလေးမ လေ့ကျင့်ခဲ့သည်။ ယနေ့ ချန်ပီယံ ကာယဗလမောင်တဖြစ်လဲ ရုပ်ရှင်မင်းသား အာနိုးသည် ရုပ်ရှင်သမိုင်းတွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုကို ရခဲ့၏။နောက်တစ်ယောက်မှာ အင်္ဂလန်နိုင်ငံမှ စီးပွားရေးလောကတွင် အချမ်းသာဆုံးလူ ဒင်နီယယ်ဂရင်းပင် ဖြစ်၏။ ဒင်နီယယ် (၁၇) နှစ်သားအရွယ် ကျောင်းသားဘဝက သူ၏ဆရာက “မင်းဘယ်နေရာမှာမှ သုံးရမယ့်ကောင် မဟုတ်ဘူး” ဟု ဆိုခဲ့၏။ သို့သော် ဒင်နီယယ်သည် အသက် (၂၂) နှစ်တွင် သူ၏ မူပိုင်ဖက်ရှင်ဒီဇိုင်း နမူနာများနှင့် ထိပ်ဆုံး ဖက်ရှင်ဆိုင်ကြီးများသို့ ပြေးလွှားဝင်ထွက်သွားလာနေပြီး သူပိုင်ဆိုင်သော ဆိုင်ပေါင်း (၃၀) ရှိပေပြီ။ သူ၏အိပ်မက်သည် အကောင်အထည်ပေါ်လာလေပြီ။ သူ၏ဆိုင် အမိုးအောက်တွင် ဖက်ရှင်ဒီဇိုင်းနမူနာ အမျိုးမျိုး ရှိသည်။ ယနေ့ အသက် (၂၉) နှစ်အရွယ် ရောက်လာသောအခါ လန်ဒန်မြောက်ပိုင်း အင်ဖာရှိ သူပိုင်ဆိုင်သော ဘရင်းဗဟိုဖက်ရှင်ဒီဇိုင်းဆိုင်ကြီးသည် တစ်နှစ်လျှင် ဝင်ငွေ ပေါင် သန်းပေါင်း ၂၀ ရှိနေ၏။ သူသည် နောက်ထပ် ထိုကဲ့သို့ ဆိုင်ပေါင်း ၅ ဆိုင် ထပ်မံ ပိုင်ဆိုင်ရမည်ဟု မျှော်မှန်းထား၏။

အထက်ပါ နှစ်ယောက် သူတို့၏ နယ်ပယ်အသီးသီးတွင် အဘယ်ကြောင့် ထိပ်ဆုံးထိရောက်အောင် စွမ်းဆောင်ခဲ့ကြသနည်း။ မကြာသေးမီက ရုပ်ရှင်မင်းသား အာနိုးနှင့် တွေ့ဆုံခန်းတွင် အာနိုးက သူအဘယ်ကြောင့် အောင်မြင်ခဲ့ပုံကို ရှင်းပြ၏။ အာနိုးက “ကြိုးကြိုးစားစားလုပ်၊ များပြားလှတဲ့ စည်းမျဉ်းတွေအောက်မှာ အပြုစိတ်နဲ့ ကြိုးကြိုးစားစားလုပ်” ဟူ၍ပင် ဖြစ်သည်။ မည်သည့် နယ်ပယ်တွင်မဆို အောင်မြင်ရန်အတွက် အရေးကြီးဆုံး အရာနှစ်ခုမှာ ဦးတည်ချက်နှင့် တွန်းကန်အားရှိဖို့ပင် ဖြစ်၏။ သို့သော် ကျွန်ုပ်စိတ်ပညာ အတွေ့အကြုံအရ အောင်မြင်သော အားကစားသမားများ၊ အလုပ်အမှုဆောင်များ၊ အနုပညာရှင်များ၊ လူငယ်များတွင် ရှိသည့် အရေးကြီးဆုံး အရာမှာ ကြီးမားသော သဘာဝဗီဇပါရမီကြောင့်ပင် ဖြစ်၏။ သင့်တွင် မူလကရှိသည့် ကြီးမားသော သဘာဝဗီဇပါရမီတွင် ဇွဲထည့်လိုက်ပါ။ ကြိုးကြိုးစားစား လုပ်လိုက်ပါ။၊ ထပ်မံ၍ ကြိုးစားပါက အောင်မြင်မှုသည် မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။ ၁၉၈၈ က ဖလော်ရီဒါပြည်နယ် တက္ကသိုလ်တစ်ခုမှ လူငယ်တယောပညာရှင် (၂၀) ကို အုပ်စုနှစ်စုခွဲ၍ (၁၀) ဦး တစ်အုပ်စုကို နှိုင်းယှဉ်လေ့လာခဲ့၏။ ပထမအုပ်စုသည် အပြည်ပြည်ဆိုင်ရာ တယောဖြေဖျော်မှုတွင် စွမ်းရည်မြင့်မားစွာ အသုံးတော်ခံနိုင်ခဲ့၏။ ဒုတိယအုပ်စုမှာ ကောင်းသည်ဆိုရုံသာ ဖြေဖျော်နိုင်ခဲ့၏။ သူတို့၏ ဒိုင်ယာရီထဲတွင် သူတို့၏ လေ့ကျင့်မှုမှတ်တမ်းများအရ စွမ်းရည်မြင့်မားစွာ အသုံးတော်ခံနိုင်ခဲ့သော ပထမအုပ်စုသည် တစ်နှစ်လျှင် (၇၅၀၀) နာရီခန့် စိတ်ပါလက်ပါ ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ကြ၏။ ကောင်းသည်ဆိုရုံမျှသာ တင်ဆက်နိုင်သော ဒုတိယအုပ်စုသည် တစ်နှစ်လျှင် နာရီပေါင်း (၁၀၀၀၀) လေ့ကျင့်ရာတွင် ပြီးစလွယ်ပင် လေ့ကျင့်ခဲ့ကြ၏။ ဤသည်မှာ စိတ်ပါလက်ပါ ကြိုးကြိုးစားစား လေ့ကျင့်ခြင်းနှင့် စိတ်မပါ့တပါ ပြီးစလွယ် လေ့ကျင့်ခြင်း၏ ခြားနားခြင်းကြောင့် ထွက်ပေါ်လာသော ရလဒ်ပင်ဖြစ်၏။ ကြိုးကြိုးစားစား လုပ်ခြင်းသည် အောင်မြင်မှုကို တကယ်ပေးစွမ်းနိုင်သော စွမ်းအားပင် ဖြစ်ပါ၏။
အိပ်မက်နောက်လိုက်ပါ
ကျွန်တော် အမေရိကန်စကိတ် အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်စဉ်က နော်ဝေးစကိတ်သမားများ အသင်းကို စောင့်ကြည့်ခဲ့၏။ ၁၉၉၄ ကမ္ဘာ့ စကိတ်စီးပြိုင်ပွဲတွင် နော်ဝေးအသင်း ပထမရခဲ့၏။ ကျွန်တော် အတတ်ပြောရဲသည်။ ၁၉၉၈ ကမ္ဘာ့ စကိတ် ပြိုင်ပွဲတွင်လည်း သူတို့ပင် ပထမရလိမ့်မည်ဟု။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ၁၉၉၄ ခုနှစ်ကတည်းက စံချိန်များကို ကြိုးစား၍ ထိန်းထားနိုင်ခဲ့၏။ အောင်မြင်မှုသည် ဥာဏ်ရည် ဖွံ့ဖြိုးစေပြီး ကြိုးစားခြင်းကိုလည်း တွန်းအားပေး၏။ ကြိုးကြိုးစားစားလုပ်ခြင်းသည် သင့်ကို ဆုရရှိစေ၏။ သင့်တွင် သင့်အလုပ်အတွက် ဦးတည်ရာ ရှိရမည်။ သင်၏ ပန်းတိုင်က အမြန်ဆုံးရောက်ရန် ကြိုးစားရမည်။ ထို့နောက် သင်၏ ပန်းတိုင်ကို ရောက်ရန် သင်၏ စွမ်းအားအားလုံးကို အလုပ်ထဲတွင် မြှုပ်နှံလိုက်ပါ။ အိပ်မက်နောက်သို့ လိုက်ပါ။
အချိန်ကိုစုပါ
စိတ်ရောဂါကုဆရာဝန် ဂရင်းဖော်ရက်သည် စိတ်ပညာ စာအုပ်ပေါင်း ၁၄ အုပ် ရေးသားခဲ့၏။ ထိုကဲ့သို့ ရေးသားရာတွင် သူ၏ ဆေးခန်းကုသမှု ဆောင်ရွက်နေစဉ်တွင် ဖြစ်၏။ သို့သော် သူသည် အဓိက ဆေးခန်းကုသမှုကိုသာ ဆောင်ရွက်မှုလည်းမပျက် သူသည် နေ့စဉ် ၉ နာရီမှ ၁၁း၃၀ နာရီအထိ အချိန်ကိုစု၍ စာရေးခဲ့၏။ ၎င်းနောက် နေ့လယ်စာစားပြီး ညနေ ၄ နာရီတိုင်အောင် ဆေးခန်း ကုသမှုများကို မပျက်ဆောင်ရွက်နိုင်ခဲ့၏။ ကြိုးကြိုးစားစား လုပ်ခြင်းသည် သင့်အား ပုံမှန် အကျိုးအမြတ်ကို ရစေ၏။
သင်၏ အားနည်းချက်ကို ဖြည့်ဆည်းပါ
တစ်ခုတည်းသော အလုပ်ကို ထပ်တလဲလဲ လုပ်ခြင်းမှ ရသော ပျော်ရွှင်မှုကို ယူမည့်အစား ကဏ္ဍနယ်ပယ်မျိုးစုံတွင် စိတ်ဝင်စားမှု ပြသပြုလုပ်ခြင်းဖြင့် သင်၏ တိုးတက်မှုကို ရယူပါ။ သင်သည် မည်သည့်ကဏ္ဍတွင် မည်သည့် အားနည်းချက် ရှိသနည်းဟု သင့်ဘာသာမေး၍ သက်ဆိုင်ရာ ကဏ္ဍနယ်ပယ်တွင် နောက်ကျမကျန်ရစ်ရန် သင်၏ အားနည်းချက်ကို ဖြည့်ဆည်းပါ။
 တစ်ချိန်တွင် ခြေတစ်လှမ်းလှမ်းပါ
အောင်မြင်မှု မှန်သမျှ ပန်းတိုင်ကို ချက်ချင်းလက်ငင်း မရောက်ကြပါ။ ထို့ကြောင့် တစ်ချိန်တွင် ခြေတစ်လှမ်းလှမ်းပါ။ မိုင်ပေါင်းများစွာကို ခြေတစ်လှမ်းနှင့် စခဲ့ရ၏ ဆိုသည့် စကားပုံတစ်ခုလည်း ရှိ၏။
အလုပ်တစ်ခု ပြီးမြောက်တိုင်း ဂုဏ်ပြုပါ
အလုပ်တစ်ခုပြီးမြောက်တိုင်း သင်၏ ပြီးမြောက်မှုကို ဂုဏ်ပြုပါ။ သင်၏ တစ်နေ့တာ အစီအစဉ်ပြီးပါက သင်၏ စံချိန်ကို မှတ်ထားပါ။ သင်သည် ဆက်လက်၍ ထိုစံချိန်ကို ထိန်းထားပြီး ကျော်လွန်သွားပါက သင်၏ အလုပ်အတွက် လိုအပ်သော အသုံးဆောင်ပစ္စည်းတစ်ခုဝယ်၍ ဂုဏ်ပြုပါ။ ထိုကဲ့သို့ အလုပ်တစ်ခုပြီးတိုင်း ဂုဏ်ပြုခြင်းသည် အလုပ်များကို ကြိုးစားရန်အတွက် တွန်းအားကို ဖြစ်စေပါ၏။
 ပြန်လည်သုံးသပ်ပါ
စီးပွားရေးနယ်ပယ်တွင်ဖြစ်စေ၊ ပညာရေးနယ်ပယ်တွင်ဖြစ်စေ မြင်နိုင်သော မှတ်တမ်းတစ်ခုကို ရေးဆွဲပါ။ တစ်နေ့တာ၏ အဆုံးတွင် သင်၏ အလုပ်တစ်ခု ပြီးလျှင်လည်းကောင်း၊ လေ့လာမှုတစ်ခု ပြီးလျှင်လည်းကောင်း သင့်ဘာသာ သင်ပြန်မေးပါ။ “ငါဒီနေ့ ဘာတွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလဲ” “ငါဘာတွေ လုပ်စရာလိုသေးသလဲ” “ငါမနက်ဖြန်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်သင့်သလဲ” ဟု မေး၍ တစ်နေ့တာ၏ အလုပ်ပြီးဆုံးပါက ပြန်လည်သုံးသပ်ပါ။
နေ့ခင်းတွင် တရေးမှေးပါ
နေ့လယ်ခင်းတွင် တရေးမှေးခြင်းဖြင့် သင်၏ ပင်ပန်းမှုကို အနားပေးရုံသာမက သင်ဆက်လုပ်ရမည့် အလုပ်အတွက် လိုအပ်သော စွမ်းအင်များကို ရသကဲ့သို့ ဖြစ်စေ၏။ ထိုသို့ နေ့လယ်ခင်းတွင် တရေးမမှေးပါက သင်ပင်ပန်းမှုကို ဖြစ်စေလိမ့်မည်။ မောပန်းနွမ်းနွယ်မှုသည် အမှားကို ဖြစ်စေ၏။ ထို့ကြောင့် အနားယူခြင်း၊ အင်အားရခြင်းသဖွယ်ဖြစ်သော နေ့လယ်ခင်း တရေးမှေးခြင်းသည် လိုအပ်ပါ၏။
အားပေးထောက်ခံသူ ရှိပါစေ
ပန်းတိုင်သို့ရောက်ရန် ဘယ်လောက် အရေးကြီးသည်ဖြစ်စေ ပင်ပင်ပန်းပန်း၊ကြမ်းကြမ်းတမ်းတမ်း တစ်ဦးတည်း မလုပ်ပါနှင့်။ သင်သည် သင့်အား “မင်းလုပ်တာ ကောင်းတယ်၊ ဆက်လုပ်” ဟု ပြောမည့်သူ အနည်းဆုံး တစ်ဦးတော့ လိုအပ်ပါ၏။ ကျွန်တော်သည် ကလေးများအား ဘေ့စ်ဘော သင်ပေးစဉ်က ကလေးများ၏ ဘေ့စ်ဘောပြိုင်ပွဲသို့ သူ၏ မိဘများကို လာ၍ ကြည့်ရှုအားပေးစေ၏။ ကလေးများသည် သူတို့၏ မိဘများ၏ အားပေးထောက်ခံသံများသည် အောင်မြင်ရခြင်း၏ အကြောင်းတစ်ခုဖြစ်၏။ အောင်မြင်သော အားကစားသမားတစ်ဦး၏ ပြောစကားအရ သူအောင်မြင်ခြင်းမှာ ကြိုးကြိုးစားစား လုပ်ခြင်းနှင့် သူ့မိဘများ၏ တိုက်တွန်းအားပေး ထောက်ခံမှုကြောင့်ဟု ဆို၏။ သင်၏ချစ်သူ၊ သင်၏ဇနီး၊ ခင်ပွန်း၊ သင်၏မိဘ၊ သင်၏ သူငယ်ချင်း အပေါင်းအသင်းများကို သင်၏ ပန်းတိုင်ကို ပြောပြပါ။ သင်၏ ပန်းတိုင်သို့ ရောက်ရန် သူတို့၏ အားပေးထောက်ခံမှုသည်လည်း လိုအပ်၏။
သင်၏ ပန်းတိုင်ကို မျက်ခြည်ပြတ်မခံပါနှင့်
ကျွန်တော် လော့စ်အိန်ဂျလိစ်မြို့ ကယ်လီဖိုးနီးယား တက္ကသိုလ်တွင် ဒေါက်တာဘွဲ့အတွက် သင်ယူနေစဉ်က စနေ၊ တနင်္ဂနွေ အားလပ်ရက်တိုင်းတွင်လည်း ကျွန်တော် မနားဘဲ တစ်ပတ်လုံး သင်ခဲ့ရသော သင်ခန်းစာများကို ပြန်လည်လေ့လာခြင်းဖြင့်သာ အချိန်ကို ကုန်ဆုံးစေခဲ့၏။ တစ်ခုသော တနင်္ဂနွေနေ့တွင် သူငယ်ချင်းတစ်ယောက်က ကျွန်တော်၏ မိသားစုကို ဒစ္စနေးလန်းသို့ ခေါ်သွားခဲ့၏။ ထို့နောက် သူတို့က ဒစ္စနေးလန်းမှနေ၍ ဖုန်းဆက်ခဲ့၏။ “ဂျွန် ငါလောင်းရဲတယ်၊ မင်း ဒစ္စနေးလန်းကို တို့နှင့်အတူ လိုက်ခဲ့ချင်တယ် မဟုတ်လား”။ ကျွန်တော် ညဉ်းတွားလိုက်၏။ မင်းနဲ့သွားလို့လည်း ခဏမျှသာ ခံစားရ၏။ တခြားသူတွေ ပျော်ရွှင်နေစဉ်တွင် ကျွန်တော်က ပူအိုက်လှသော ကားဂိုဒေါင်ထဲတွင် စားပွဲတစ်လုံးချ၍ ကျွန်တော်၏ ဒေါက်တာဘွဲ့အတွက် လေ့လာနေ၏။ ကျွန်တော် ကျွန်တော့်ဘာသာ သတိပေးလိုက်၏။ ငါဘာကြောင့် ဒစ္စနေးလန်းမှာ ပျော်ချင်ရမှာလဲ၊ ငါ ဒေါက်တာဘွဲ့ လိုချင်တယ် မဟုတ်လား၊ ငါ့ပန်းတိုင်က ပျော်ဖို့မဟုတ်ဘူး။ ဒေါက်တာဘွဲ့ရရန်အတွက်ဟူ၍။ စာရေးဆရာ ဂျိုးဇက်ကိုနတ်၏ “အလုပ်ထဲတွင်” ဟူသော စာအုပ်တွင် ရေးထား၏။ “သင့်ဘာသာ အခွင့်အရေး တစ်ခု ရရှိသည် ဆိုပါစို့။ သင်၏ အလုပ်ထဲတွင် သင်၏ တာဝန်မကျေပွန်မှုကြောင့် အပြစ်ပေးခံရပါက သင်သည် သင်၏ ပန်းတိုင်ကို ဘယ်တော့မှ မရောက်နိုင်တော့” ဟု ဆို၏။ အလုပ်ထဲတွင် ကြိုးကြိုးစားစား တာဝန်ကျေကျေ လုပ်ရန်အတွက် ခဏတဖြုတ်တော့ အပျော်အပါးလျှော့ပြီး သည်းခံရပေလိမ့်မည်။ အနာခံမှုတိုင်းတွင် အသာစံမှုတစ်ခုတော့ ရှိစမြဲပင်။ အောင်မြင်မှု၏ လမ်းဆုံးသည် ကြိုးစားခြင်းပင်ဖြစ်၏။

သစ်အောင် (မန္တလေး)
Ref: Reater Digest (1996) Tune rS ''If you really want to succeed by John Anderson" ကို ပြန်ဆိုပါသည်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။