Tuesday, August 7, 2012

သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား




သြဂုတ်လ ၈ ရက်တွင် ကျရောက်မည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား 

Tuesday, 07 August 2012 19:49

88soethein
ပြည်ထောင်စုဝန်ကြီး နှစ်ဦးဖြစ်သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့သည် ယနေ့( သြဂုတ်လ ၇ ရက်) ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၏ facebook စာမျက်နှာတွင် ပုံနှင့်တစ်ကွ ဖော်ပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သြဂုတ်လ ၈ ရက် မနက်ဖြန်တွင် ပြုလုပ်မည့် ရှစ်လေးလုံး အခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်မှ ပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
 

Comments 

+8 #7 myanmayatanar 2012-08-08 09:00
မြန်မာနိုင်ငံကို လှပသော အနာဂတ်ဆီသို့ ခေါ်ဆောင်သွားနိုင်ကြပါစေ။
+20 #6 nga shwe 2012-08-08 08:26
ကျနော်တို့ တိုင်းပြည်တိုးတက်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်
NLD နဲ့ ၈၈တို့ သဘောထားကြီးသလို၊သမ္မတကြီးလဲသဘောထားကြီးပါတယ်
ဝန်ကြီးတွေနဲ့ တပ်ကသဘောထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဘဲလိုတာပါ
တိုင်းပြည်တခုလုံးတိုးတက်ဖို့ ပါတီစွဲ၊ဌာနအဖွဲ့ အစည်းစွဲကင်းဖို့ လိုပါတယ်
စစ်တပ်မှ၊DSA ဆင်းမှစတဲ့ အဖွဲ့ အစည်းတခုထဲလောက်ကွက်ပြီး ဦးစားပေးချင်ရင်
ကိုယ့်ရဲဆင့်နဲ့ တန်တဲ့အဲဒီအဖွဲ့ အစည့်း အဆင့်မှာဘဲနေပါ
နိင်ငံတော်အဆင့်တာဝန်မယူပါနဲ့ 


အဂတိလိုက်စားတယ်ဆိုတာ ဆန္ဒဂတိနဲ့ ကိုယ့်လူဘဲ နေရာပေးတာပါ ပါပါတယ်
လူမှန်နေရာမှန်၊အရည်အချင်းနဲ့ တန်ရာ တန်ရာ တာဝန်ယူမှ ကျနော်တို့ တိုင်းပြည်တိုးတက် မှာပါ
သဘောထားကြီးတဲ့လူအားလုံးကို လေးစားပါတယ်
+40 #5 Mg Dee 2012-08-08 07:29
အပြန်ပြန်အလှန်လှန်
မုန်းပြီးရင်း မုန်းနေခဲ့ကြတဲ့
အမုန်းစက်ဝန်းကြီးထဲ၊

ဖြူစင်ပြီး ပညာအမြင်ရှိသူတွေက
ချစ်ခြင်းမေတ္တာတွေကို
အစားထိုး ပျိုးကြဲလိုက်တဲ့အခါ

ချစ်ခြင်းမေတ္တာဟာ
အမုန်းစက်ဝန်းထဲမှာ
အစားထိုး လည်လာတယ်။

‘မုန်းစကို တိုစေ၊ ချစ်စကိုရှည်စေ’
‘တစ်ဦးမေတ္တာ၊တစ်ဦးမှာ’
‘မေတ္တာခြုံမှ လုံနိုင်စွမ်းရှိသတဲ့’
တို့မြန်မာတွေ နားမဝေးခဲ့ပါဘူး။

သံသရာစက်ဝန်းလို
အတောမသတ်နိုင်တဲ့ စက်ဝန်းတစ်ခုသာ
ဟောဒီလောကမှာ ထပ်ရှိနေခဲ့ဦးမယ်ဆိုရင်
ဒီစက်ဝန်းဟာ
မေတ္တာစက်ဝန်းသာ ဖြစ်ပါစေ။
+26 #4 Moe Pyae 2012-08-08 07:20
ဘာဖြစ်လို့များ အကောင်းမမြင်ကြတာလဲဗျာ။ ခင်ဗျားတို့ ထက်တကယ် ခံ ခဲ့ရတဲ့သူတွေတောင် လက်ခံနိုင်သေးတာဘဲ။ သူတို့တွေကို လှည့်ဖျားမယ် ဆိုရင် အရှေ့ကခံ ရမှာ ၈၈ ပါဗျာ။ ခင်ဗျားတို့က အဝေးကြီးဘဲ။
-53 #3 magicpowerman 2012-08-08 00:08
ဘာ................. ဆယ့်နှစ်သိန်း.. ဟုတ်စ........... အော် .. ဆယ်နှစ်သိန်း.........ဟုတ်လား........... အော် ............ခင်ဗျားတို့အပြစ်တွေက ... ဆယ့်နှစ်သိန်းပဲတန်တယ်လို့ ထင်နေလို့လား. အေးဗျာ. ဆုတောင်းပေးလိုက်ပါတယ်.. ခင်ဗျားတို့အပြစ်တွေ ဆယ့်နှစ်နှစ်လောက် ငရဲမှာ မခံရပါစေနဲ့လို့. .. အဲဒီတုန်းက သေခဲ့တဲ့ကလေးတွေရဲ့ မျက်နှာတွေ ခင်ဗျားတို့အိမ်မက်ထဲ ခုချိန်ထိ မနှောင့်ယှက်ပါစေနဲ့လို့ဆုတောင်းရင်း..........
+24 #2 composer 2012-08-07 22:11
The deep healing has started. I for one am very elated. Nothing bad to say. :-)
-46 #1 Change 2012-08-07 22:00
Tom and Jerry ကမတဲ့ကြဘူး....
တည့်တဲ့အခါလည်းရှိတယ်....
Tom ကလှည့်စားတာမျိုးပေါ့....
သိပ်ကြည့်လို့ကောင်းတယ်.....

တစ်ကယ်ပဲချစ်ကြ တည့်ကြတဲ့အခါလည်းရှိတယ်....
ကောင်းပါတယ်....

ဒါပေမဲ့ Jerry သူ့စရိုက်နဲ့သူရှိတာပဲကြိုက်တယ်.....

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။