ထွန်းသစ်စနိုင်ငံတွင်းက ရုန်းကန်နေရဆဲ စတုတ္ထမဏ္ဍိုင်၏ မီဒီယာလွတ်လပ်ခွင့်ဟူသည်မှာ…။
from dawnmanhon by than htut
ဂျာနယ်များ တစ်တိုက်ပြီးတစ်တိုက် ပိတ်သိမ်းခံရခြင်းသည် မီဒီယာမဏ္ဍိုင်ကို မပျက်ပျက်အောင် အစီစဉ်တကျ ရိုက်ချိုးနေသည့်
သဘောပင် ဖြစ်နေသည်။ မီဒီယာသမားဟူသည် ရသမျှသတင်းကိုပြည်သူသို့ အသီးအဖျား အသိပေးလိုသည့် ဆန္ဒရှိသည်
ဖြစ်ရာမိမိရသမျှကို ဂျာနယ်မှတစ်ဆင့် တင်ပြကြပေသည်။ ထိုသို့သောမီဒီယာ၏ သဘောတရားကို ထည့်မစဉ်းစားသ၍
မီဒီယာ၏ လွတ်လပ်ခွင့်ဟူသည်မှာ..။
အတွေ့အကြုံ နုနယ်လှသေးသည်ဖြစ်ရာ အစိုးရအနေဖြင့် မီဒီယာကိုရန်သူသဘောမထားသင့်ပါ။ အဆိုပါ မီဒီယာကဏ္ဍ
တိုးတက်အောင်၊ ရှင်သန်အောင် ရေလောင်းပေါင်းသင် ထောက်ပံ့ပေးသင့်ပါသည်။ ယခုကား ထိုသို့မဟုတ်ဘဲ
အကွက်ထောင်ဖမ်းနေသည့်သဘော သက်ရောက် နေသည်။ တစ်နှစ်တာကာလအတွင် မြန်မာဂျာနယ်လောကတွင်
ဂျာနယ်ကြီး(၃)ခုသည် အကန့်အသတ်မရှိ
အပိတ်ခံထားရသည်။
အဆိုပါဂျာနယ်ကြီး
သုံးခုကား လျှပ်တပြက်ဂျာနယ်၊Envoy ဂျာနယ်နှင့် The Voice ဂျာနယ်တို့ပင်တည်း။
နိုင်မော်
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲသစ် လွှတ်တော်သစ် အစိုးရသစ်ဖြင့်
ပြုပြင်ပြောင်းလဲမှုကို စတင်လိုက်သော အရှေ့တောင်အာရှမှ ဒီမိုကရေစီ
နိုင်ငံသစ်တစ်ခုဖြင့်သည်။ ယခုကာလသည် အာဏာရှင်စနစ်မှဒီမိုကရေစီ
နိုင်ငံသစ်ကို ကူးပြောင်းရဆဲ အချိန်ဖြစ်ရာ ဒီမိုကရေစီနိုင်ငံတွင်
ရှိသင့်ရှိအပ် သော ဒီမိုကရေဒီကို ရှင်သန်ဖွံ့ဖြိုးအောင် ထောက်ပံ့ပေးမည့်
မဏ္ဍိုင်တို့သည် အားနည်းလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသော
အဓိကမဏ္ဍိုင်ကြီးသုံးရပ်ဖြင့် တိုင်းပြည်ကို မောင်းနှင်ကြရသည်။ ထို
မောင်းနှင်နေသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် ပြည်သူကို ကြားမှပွင့်လင်းမှု
ရှိအောင် ဆက်သွယ်ပေးသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားတို့၏
အသိဥာဏ်ဖွံ့ဖြိုးရေးတွင် အရေးပါသော မဏ္ဍိုင်တစ်ရပ် ရှိသည်။ အဆိုပါ မဏ္ဍိုင်ကား
နိုင်ငံ၏ မီဒီယာဟူသော စတုတ္ထမဏ္ဍိုင်ပင် ဖြစ်သည်။
မီဒီယာလွတ်လပ်ခွင့်ရှိမှု၊ မရှိမှုသည် ထိုတိုင်းပြည်၏
ဒီမိုကရေစီရေချိန်ကိုတိုင်းတာသည့် ပေတံတစ်ခုဟုပင် ဆိုနိုင်သည်။
ထို့ကြောင့်ပင် ဒီမို ကရေစီ၏ အခြေခံသဘောတွင် ပြည်သူ့လွတ်လပ်ခွင့်နှင့်
လူ့အခွင့်အရေး ဖြစ်သည်ဟု ဆိုထားသည်။ လွတ်လပ်ခွင့်ဆိုရာတွင် လွတ်လပ်စွာ
ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ရွေးကောက်ပိုင်ခွင့်
စသည့်အချက်များ ပါဝင်နေသည်ဖြစ်ရာ လွတ်လပ်စွာ ရေးသားပိုင်ခွင့် မရှိသေးလျှင်
ထိုနိုင်ငံ၏ ဒီမိုကရေစီကို ခရီးရောက်ဦးမည် မဟုတ်ပေ။
ဤဆောင်းပါးတွင် အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ဆက်လက်၍ တင်ပြသွားပါမည်။
နိုင်ငံတော်တွင် အစိုးရသစ် တက်လာပြီး တစ်နှစ်ကျော် ကာလအတွင်း
မီဒီယာနှင့်ပတ်သတ်၍ ပြန်လည်လေ့လာကြည့်လျှင် မီဒီယာများသည် ယခင်နှင့်စာလျှင်
ပိုမိုရေးသားလာနိုင်ပြီဟု ဆိုရမည်။ ယခင် ထက်တော့
ပိုမိုရေးသားနိုင်ရုံဖြင့်တော့ မီဒီယာလွတ်လပ်ခွင့်ရပြီဟု ကမ္ဘာ့အလည်တွင်
အရှက်မရှိ အော်လို့တော့ မဖြစ်သေးပါ။ အဘယ့်ကြောင့်ဆိုသော် မီဒီယာများတွင်
နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှုဖြင့် ရင်ဆိုင်နေရသောကြောင့်ပင်တည်း။
ဘာ့ကြောင့် ကျွန်တော် ထိုသို့ပြောသနည်း။ ကျွန်တော်တို့ နိုင်ငံတွင်
စာပေစိစစ်ရေး ရှိနေသေးသည်။ (ထုတ်တင်ဟုပြောပြော တင်ထုတ်ဟုပြောပြော
စာပေစိစစ်ရေး တင်နေရတာတော့ သေချာသည်) အစိုးရ ဝန်ကြီးဌာနများကလည်း
ကြောင်ကိုကြွက်ဖမ်းသကဲ့သို့ အပြစ်ကို ချောင်းနေကြသည်ကို တွေ့ရနေသေးသည်။
ပြောရလျှင် ဂျာနယ်တွေမှာ ငွေထုပ်ကို ဆောင်ထားရသည့် သဘောပင်။
အပိတ်ခံမည့်အရေး စောင့်နေရသည့်သဘော ဖြစ်နေသည်။ ဘယ်နေ့ တရားရုံး။
အမှန်အတိုင်း ဝန်ခံရလျှင် နယ်ပယ် ကဏ္ဍအသီးသီးသည် အတွေ့အကြုံနုနယ် နေသေးသည်။
နိုင်ငံရှိ အစိုးရအနေနဲ့သော်လည်းကောင်း၊ ဥပဒေပြု လွှတ်တော်သည်သော်လည်းကောင်း
အတွေ့အကြုံ နုနယ်သေးသည်။ ထိုနည်းတူ စတုတ္ထမဏ္ဍိုင်ဟူသော မီဒီယာပင်လျှင်
နုနယ်သေးသည်။ ဂျာနယ်တွေထွက်တာ ကြာပြီမှန်သည်။ သို့သော်
၂၀၁၁မတိုင်မီကာလများက ဂျာနယ်များသည် အာဏာရှင်အောက်တွင် သူတို့အလိုကျ
ရေးရသည့်သဘော၊ မိမိတို့ မဖော်ပြလိုသည့် အကြောင်း အရာများကို ဖော်ပြရသည့်
အခြေအနေမျိုး ဖြစ်နေခဲ့သည်။
အတွေ့အကြုံ နုနယ်လှသေးသည်ဖြစ်ရာ အစိုးရအနေဖြင့်
မီဒီယာကိုရန်သူသဘောမထားသင့်ပါ။ အဆိုပါ မီဒီယာကဏ္ဍ တိုးတက်အောင်၊ ရှင်သန်အောင်
ရေလောင်းပေါင်းသင် ထောက်ပံ့ပေးသင့်ပါသည်။ ယခုကား ထိုသို့မဟုတ်ဘဲ
အကွက်ထောင်ဖမ်းနေသည့်သဘော သက်ရောက် နေသည်။ တစ်နှစ်တာကာလအတွင်
မြန်မာဂျာနယ်လောကတွင် ဂျာနယ်ကြီး(၃)ခုသည် အကန့်အသတ်မရှိ အပိတ်ခံထားရသည်။
အဆိုပါဂျာနယ်ကြီး သုံးခုကား လျှပ်တပြက်ဂျာနယ်၊Envoy ဂျာနယ်နှင့် The Voice
ဂျာနယ်တို့ပင်တည်း။
လျှပ်တစ်ပြက်ဂျာနယ်သည် ဇွန်လအတွင်းကဖြစ်ပေါ်ခဲ့သော
ရခိုင်ပြည်နယ်အရေးကိစ္စတွင် အစိုးရမီဒီယာ၏အမှားကို မည်သူတာဝန်ယူမလဲ
ဟူသောကိစ္စဖြင့် အပိတ်ခံရခြင်းဖြစ်သည်။ အဆိုပါကိစ္စကို ရှုမြင်ရလျှင်
အစိုးရပိုင် သတင်းစာက မှာယွင်းမှုများကို ထောက်ပြသည့် သဘောဖြင့် ရေးသားမှုပင်
ဖြစ်သည်။ မှန်ပါသည်။ အဆိုပါ ရခိုင်ပြည်နယ်က လူသတ်မှုတွင် အစိုးရမီဒီယာများက
ကုလားလူမျိုး၊ ရခိုင်လူမျိုးဟူ၍ ခွဲခြားဖော်ပြခဲ့သည်။ အဆိုပါလုပ်ရပ်သည်
နိုင်ငံပိုင်မီဒီယာအနေဖြင့် မလုပ်သင့်၍ သတင်းသမားတို့၏
ရှုထောင့်အရတင်ပြခြင်း ဖြစ်ရာထိုသို့ ဂျာနယ်ကို ပိတ်ထားခြင်းသည်
မမျှတကြောင်း ရှုမြင်မိသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက
ဇွန်လ ၁၀ရက်နေ့က မီဒီယာများကို ရခိုင်ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူ သတိပေးသည်။
သို့သော် လျှပ်တပြက်ဂျာနယ်က အစိုးရအနေနှင့် ကိုယ်ရဲ့မီဒီယာကိုလည်း
ထိန်းသိမ်းဦးဟု သတိပေးလိုက်သည့်သဘော ဖြစ်သည်ဟု
ကျွန်တော့်အနေဖြင့်ရှုမြင်မိသည်။မီဒီယာ၏ ထိုသို့သော ဆိုလိုရင်းကို နားမလည်
ကြပါက မီဒီယာ၏ လွတ်လပ်ခွင့်ဟူသည်မှာ..။
The Voice ဂျာနယ်ကိစ္စတွင် အစိုးရဝန်ကြီးများ ပြောင်းသည့်ကိစ္စကို
မသေချာဘဲထည့်မှု၊ တားမြစ်ထားသည့် သရုပ်ဖော်ကာတွန်းကို ဖော်ပြ မှုတို့
ပါဝင်နေသည်။ အစိုးရဝန်ကြီးများ ပြောင်းမည့်ကိစ္စတွင် မီဒီယာအနေဖြင့်
သတင်းရ၍သာ ထည့်ဖော်ပြခြင်း ဖြစ်နိုင်သည်။ မည်သည့်မီဒီယာကမျှ
လိမ်လည်ရေးခြင်းမဖြစ်နိုင်။သို့သော် သတင်းအရင်းအမြစ် မခိုင်လုံ၍
မှားကောင်းမှားနိုင်သည်။ မီဒီယာသမားဟူသည် ရသမျှသတင်းကိုပြည်သူသို့
အသီးအဖျား အသိပေးလိုသည့် ဆန္ဒရှိသည် ဖြစ်ရာမိမိရသမျှကို ဂျာနယ်မှတစ်ဆင့်
တင်ပြကြပေသည်။ ထိုသို့သောမီဒီယာ၏ သဘောတရားကို ထည့်မစဉ်းစားသ၍ မီဒီယာ၏
လွတ်လပ်ခွင့်ဟူသည်မှာ..။
ပြည်သူများသည် မီဒီယာမှတစ်ဆင့်သာ အသိပညာရရပေသည်။ ၂၀၁၀ရွေးကောက်ပွဲ
အကြိုကာလက မီဒီယာ၏ ကြိုးပမ်းအားထုတ်မှုသည် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့သည်။
မြစ်ဆုံဆည်တည်ဆောက်မှု တားမြစ်ရေးကိစ္စတွင် ပညာရှင်များ အရပ်ဖက်
လူ့အဖွဲ့အစည်းများက ပြည်သူသို့ ဆော်သြပေးမှုပါသကဲ့သို့
မီဒီယာ၏ဆော်သြပေးမှုလည်း ပါသည်။ ထို့ကြောင့်ပင် ပြည်သူများ၏အသံသည်
အရာထင်ခဲ့သည်။ တိုင်းပြည်၏ ဖြစ်ပေါ် ပြောင်းလဲမှုများကို မီဒီယာရှိနေ၍သာ
ပြည်သူများ အသိအမြင် ပွင့်လင်းလာရသည် ဖြစ်သည်။
ထိုကဲ့သို့ပြည်သူများကို အကျိုးရှိစေသော မီဒီယာကို မကြာသေးမီက
သတ္ထုတွင်းဝန်ကြီးဌာနနှင့် The Voice Weekly တို့အမှုတွင် တရားလိုပြ
အစိုးရအရာရှိတစ်ဦးက ရုံးချိန်းတွင် ပြည်သူတွေ အကျိုးရှိအောင်
ရေးတယ်ဆိုပြီး ဘာမှလည်းအကျိုးမရှိဟု ဆင်ခြင်တုံတရာမရှိ အမြောအမြင်
ကင်းမဲ့စွာ ဖြေကြားခဲ့သည်။ ဤကဲ့သို့သော မီဒီယာကို အဆိုးမြင်သော
မီဒီယာ၏အကျိုးများမှုကို နားမလည်သော အမှုထမ်းများရှိနေသ၍ မီဒီယာ၏ လွတ်လပ်ခွင်
့ဟူသည်မှာ…။
သမ္မတကြီးက C.N.Aရုပ်သံလိုင်းနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်စုကြည်တို့
အဖွဲ့ထဲမှာရော အစိုးရအဖွဲ့မှာရော ရှေးရိုးစွဲအမြင် ရှိသည်ဟု ဖြေထားသည်။
မှန်ပါသည်။ ရှေးရိုးစွဲအမြင်ရှိသူများ ရှိနေသော နိုင်ငံတွင်
မီဒီယာလွတ်လပ်ခွင့် ဟူသည်မှာ..။
ဤသို့ဆိုလျှင် ပြန်ကြားရေးဝန်ကြီးဌာနမှာရော စာပေစိစစ်ရေးမှာပါထိုသို့သော
အမြင်ဟောင်း အယူအဆဟောင်းများ ရှိနေလျှင် မီဒီယာ လွတ်လပ်ခွင့်ဟူသည်မှာ..။
ယနေ့အချိန်တွင် မြန်မာနိုင်ငံအစိုးရအပါအဝင် လွှတ်တော်အမတ်များကပါ အမေရိကန်၏
စီးပွားရေးပိတ်ဆို့မှုကို အပြီးတိုင်ဖယ်ရှားလိုသည်။ အမေရိကန်မှ၏ “BURMESE
FREEDOM AND DEMOCRACY ACT OF 2003” တွင် မြန်မာ နိုင်ငံကို
လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဟူသော
တွေ့ရှိချက်များဖြင့် ချမှတ်အရေးယူထားသည်။ မြန်မာနိုင်ငံ မီဒီယာလောကတွင်
လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ မီဒီယာ လွတ်လပ်ခွင့်ဟူသည်။
လွတ်လပ်ခွင့်ဟုပြောလျှင် တွဲပါလာသော မီဒီယာလွတ်လပ်ခွင့်မရှိလျှင်
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ အပြီးတိုင် စီးပွားရေး ပိတ်ဆို့မှု ဖယ်
ရှားရေးကြိုးပမ်းမှုသည် မည်သို့ဖြစ်မည်ကိုစဉ်းစားဖို့လိုပေသည်။
ဂျာနယ်များ တစ်တိုက်ပြီးတစ်တိုက် ပိတ်သိမ်းခံရခြင်းသည် မီဒီယာမဏ္ဍိုင်ကို
မပျက်ပျက်အောင် အစီစဉ်တကျ ရိုက်ချိုးနေသည့် သဘောပင် ဖြစ်နေသည်။ အထက်တွင်
ကျွန်တော်ဖော်ပြခဲ့သည့် အတိုင်းမီဒီယာကဏ္ဍသည် အတွေ့ အကြုံ နုနယ်သေးသဖြင့်
ဂျာနယ်များကို ချုပ်စည်းမှု ပြုထားလျှင် အစိုးရမှပြောနေသော
မီဒီယာလွတ်လပ်ခွင့်ကို မည်ကဲ့သို့ နားလည်ရမည်နည်း။ဂျာနယ်တစ်ခုကို
ပိတ်ရန်အမိန့်ထုတ်ခြင်းသည် ပြည်သူတို့၏ နား မျက်စိတို့ကို
ထိုးဖောက်ပိတ်ဆို့ လိုက်သည်နှင့် တူပေလိမ့်မည်။ မီဒီယာတို့သည်
လူသားအရင်းအနှီး၊ ငွေကြေးအရင်းအနှီး၊ ဂုဏ်သိက္ခာ အရင်းအနှီးတို့ဖြင့်
သူတို့၏ ဂျာနယ်ကိုတည်ဆောက်ကာ ပြည်သူများအား မျက်စိပွင့်နားပွင့်ဖြစ်စေရန်
ရသမျှသတင်းကို ပြည်သူသို့ တင်ပြကြ သည် ဖြစ်ရာယခုကဲ့သို့သော ပြင်းထန်သည့်
လုပ်ရပ်များက မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ပြည်သူတို့အကြား နေ့စဉ်နှင့်အမျှ
အမြင်ကျယ်ရေးတို့မှာ အဟန့်အတားများစွာ ရှိနေကြောင်းနှင့် မီဒီယာကဏ္ဍ
လွတ်လပ်ခွင့်ဟူသည် မြန်မာနိုင်ငံတွင် မပီပြင်သေးဟု ဆိုရပေလိမ့်မည်။
အချို့က၂၀၁၂ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ
တွေ့ဆုံပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း မီဒီယာတွင်
ရေးကြပြောကြနိုင်လာသည်။ သို့သော် ထိုသို့ရေးနိုင်ရုံဖြင့်
မီဒီယာလွတ်လပ်ခွင့်ရှိပြီဟု ဆိုနိုင်ပါမည်လော။ နိုင်ငံရေးပါတီများ၏
ဆောင်ရွက် ချက်များ ဖော်ပြခွင့်ရရုံဖြင့် မီဒီယာလွတ်လပ်ခွင့်ရှိပြီဟု
ဆိုနိုင်မည်လော။ နိုင်ငံရေးရာအိုင်ဒီရော်လော်ဂျီများတင်ပြခွင့်ပြုရုံဖြင့်
မီဒီယာလွတ်လပ်ခွင့်ဟု ဆိုနိုင်မည်လော။
ကျွန်တော့်အမြင်အရပြောရလျှင် မီဒီယာများအနေဖြင့် ဘက်လိုက်မှုမပါဘဲ
မိမိတို့ရရှိလာသမျှ သတင်းများ၊ ပြည်သူပရိတ်သတ်တို့ သိသင့်သော
အတွေးအခေါ်များစသော သတင်းထွက်ကုန်များကို တင်ပြနိုင်မှသာ
မီဒီယာလွတ်လပ်ခွင့် ရှိသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ တိုင်းပြည်ကလည်း နုနယ်
သည်၊ စတုတ္ထမဏ္ဍိုင်လည်း နုနယ်သည်၊ နိုင်ငံရေးအတွေ့အကြုံလည်း နုနယ်သည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် မီဒီယကဏ္ဍနှင့်ပတ်သက်၍ ကိုင် တွယ်ရာတွင်
တနည်းအားဖြင့် မီဒီယာ လွတ်လပ်ခွင့်ကို ဖော်ဆောင်ရာတွင်
ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်သင့်ကြောင်း တာဝန်ရှိသူများအား သိစေ ရန်
တင်ပြလိုက်ရပေသည်။
မီဒီယာလွတ်လပ်ခွင့်ဟူသည်မှာ………………………………………………….။
Yangonchronicle