Monday, March 11, 2013

လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေးနီစီမံကိန်းစာချုပ်အား ပြန်ပြင်ချုပ်ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် စိစစ်တင်ပြထား


လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေးနီစီမံကိန်းစာချုပ်အား ပြန်ပြင်ချုပ်ပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် စိစစ်တင်ပြထား  

AddThis Social Bookmark Button
လက်ပံတောင်းတောင် ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏  မတ်လ ၁၂ရက်နေ့၌ ထုတ်ပြန်သောအပြီးသတ်အစီရင် ခံစာတွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး စီမံကိန်းစာချုပ် အား ပြန်လည်ပြင်ဆင် ချုပ်ဆိုပြီးမှ ဆက်လက်လုပ်ကိုင်သင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စိစစ်တင်ပြထားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီး ဆုံးသော ကြေးနီစီမံကိန်းတစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသောလုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိသည်မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ် ဤအချက်ကို သုံးသပ်၍ အလေးထား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။   

လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်းမရှိသဖြင့် မီးခိုးဗုံး၏အာနိသင်ကို သိရှိခြင်းမရှိကြောင်း၊ ထိုသို့ သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ် သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်အချို့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း'' ဟု အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
  
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်များမှာ ဒေသခံလူထုသည် မြေ ယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးမရရှိခြင်း  ထိုက်သင့်သော အလုပ်အကိုင်အခွင့်အလမ်းများ မရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြောင့် ပြဿနာများ ပိုမိုကြီးထွားလာခဲ့ကြောင်း၊ ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။            

နိုင်ငံတော် တည်ငြိမ်မှုရှိစေရန် ပြည်သူလူထုက ဥပဒေကို လေးစားလိုက်နာရန် လိုအပ်သကဲ့သို့ ဥပဒေကို ထိန်းကျောင်းရသော နိုင်ငံတော်အဖွဲ့အစည်းများကလည်း ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စတွင် အချို့သော ဒေသခံပြည်သူများက ဥပဒေကို ချိုးဖောက်မှုများရှိခဲ့ကြောင်း၊ ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် ပြည်သူလူထုသည် ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ချမှတ်ထားသော ဥပဒေသည် ခေတ်ကာလနှင့် ညီညွှတ်ရန် လိုအပ်သည်ဖြစ်ရာ ပြင်ဆင်သင့်သည့် ဥပဒေကိုလည်း ပြင်ဆင်ရမည်ဖြစ်ကြောင်း အစရှိသည်တို့ကိုလည်း ဖော်ပြခဲ့သည်။   
အဆိုပါ အပြီးသတ်အစီရင်ခံစာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ဆောင်ချက်များကို ဖော်ပြရာ၌ ထေရ၀ါဒ သက်တော်ရှည် ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများအား လျောက်ထားမေးမြန်းချက်အရ ဆရာတော်ကြီးများသည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်နှင့် စပ်လျဉ်း၍များစွာနှလုံး စိတ်ဝမ်းမငြိမ်းချမ်းကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်းရှင်လူများအား အမြန်ဆုံး သက်သာပျောက်ကင်းအောင် အထူးကြပ်မတ်၍ ကုသစေလိုကြောင်း၊ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် သာသနိက အဆောက်အအုံများကို မထိခိုက်စေလိုကြောင်း၊ ရဟန်းပျိုများအား ဆန္ဒပြပွဲ /ဖော်ထုတ်ပွဲများတွင် မပါဝင်ကြစေရန် သြ၀ါဒပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။   
ကော်မရှင် စီးပွားရေးပညာရှင်၏ အကျိုးရှိမှု တွက်ချက်ခြင်း (Benefit Calculation)  အရ ယခုလုပ်ငန်းတွင် နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ ရရှိသည့် အကျိုး စီးပွားသည် ၀မ်ပေါင်ကုမ္ပဏီရရှိသည့် အကျိုးစီးပွားထက် ပိုမိုကြောင်း တွက်ချက်ဖော်ပြထားသည်။ စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသော်လည်း အနာဂတ်မျိုးဆက်များအတွက် အကျိုးကျေးဇူးရှိရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများကို လိုအပ်ကြောင်း ဖော်ပြထားသည်။   
ဆက်လက်၍ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နည်းလမ်းသုံးသွယ်ကို တင်ပြခဲ့ရာ လက်ရှိအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့် နည်းလမ်းအား စီမံကိန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက်များ စနစ်တကျပြုလုပ်ထားခြင်း မရှိကြောင်း၊ စီမံကိန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာချိန်တွင် ပတ်ဝန်းကျင် ထိခိုက်မှုများ ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း၊ ဤစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအချို့ ရရှိသော်လည်း ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းမှ ယခုထက်ပိုမို၍ အကျိုးကျေးဇူး ရရှိသင့်ကြောင်း၊ ထို့ကြောင့် ဤနည်းလမ်းကို ရွေးချယ်ရန်မသင့်ဟု ယူဆ ကြောင်းဖော်ပြခဲ့သည်။   
ကြေးနီစီမံကိန်းအား ဆက်လက် လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်းတွင် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံပိုင် ကုမ္ပဏီနှင့် မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ရာ ၄၀ ရာခိုင်နှုန်းပါဝင် သည့် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းဖြစ်ရာ ယင်းလုပ်ငန်းကို ဖျက်သိမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထားသော စာချုပ်ကို လေးစားလိုက်နာခြင်းမရှိ ဟု ယူဆမှုများ ပေါ်လာနိုင်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး ရှုထောင့်မှ ကြည့်လျင် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်မှုမရှိသည့် အခြေအနေများ ပေါ်ပေါက်လာနိုင်သောကြောင့် အခက်အခဲများစွာ ရှိလာနိုင်သည်ဟု သုံးသပ်ထားသည်။   
ထို့ကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ အနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာရရှိစေရန် အစီအမံများ ချမှတ်ပြီး ဆက်လက်လုပ်ဆောင် စေမည့် နည်းလမ်းတွင် မြေသိမ်းဆည်းခံ ဒေသခံများအား ပေးအပ်ထားသည့် မြေလျော်ကြေးအား ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးမြှင့်ပေးရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန် စသည့် အချက်များပါဝင်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့၏ စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း စိစစ်တင်ပြထားသည်။   
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ ၂၀၇၂ ခုနှစ်အထိ နှစ် ၆၀ မြေငှားဂရံကို မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးခဲ့ကြောင်း သိရသည်။

Comments  

 
+2 # Sun Ko Ko 2013-03-12 12:26
[ တစ်ဖက် စာချုပ်ရှင် ကလဲ အချောင်သမား သူခိုးဂျပိုး ဘဲဟာ...
တစ်ကမ္ဘာလုံး ပါတ်ပီး အချောင်နှိုက် ခိုးဝှက်နေတဲ့ တရုတ် နဲ့ ကတိပျက်လို့ ဗမာတွေ ရုပ်ပိုဆိုးသွားစရာ မရှိပါဘူး...]

သိပ်ကို မှန်ပါတယ်...
ဟီလာရီ ကလင်တန်ကတောင် ( ရှင်တို့တွေ ကိုယ့်စီးပွားဖြစ်မယ့် အလုပ်မျိုးတွေပဲ လိုက်လုပ် အချောင်နှိုက်မနေပါနဲ့ ၊ ကိုယ်ဒေသတွင်းမှာ ပရဟိတ စိတ်လေးထားပြီး နံဘေးက နိုင်ငံလေးတွေ အတွက်လည်း ကူညီဖို့ စဉ်းစားပါအုံး...) လို့ ပေါ်တင် သတိပေး ခဲ့ရတာပါ။

တယုတ်တွေရဲ့ အရှေ့တောင်အာရှမှာထားတဲ့ မဟာဗျူဟာ က တကယ်တော့ ဘေးပတ်လည် နိုင်ငံလေးများဟာ တယုတ်ပြည်မကြီးကို အသက်သွေးကြောအဖြစ် အထောက်အပံ့ ပေးရမယ့် နယ်မြေတွေလို့ သတ်မှတ်ထားပါတယ်...ရသမျှ အဆီအနှစ်တွေကို တယုတ်ဘက်ကို ပဲအားလုံးစုပ်ယူတာပါ...ဒီနိုင်ငံတွေမှာ ငတ်လေ သူတို့က ပိုကြိုက်လေပါပဲ...
 
 
+13 # Zawtika 2013-03-12 10:59
ဒါမှမဟုတ် နာမယ်ကောင်းလိုချင်သပ ဆိုလဲ ရှိတဲ့ စာချုပ် အတိုင်းသာ ဆက်လုပ်ပါ....
စာချုပ်လဲ ပြင်ချုပ် မနေပါနဲ့..
စာချုပ်မှာ ဗမာ က မြတ်တယ် လို့ပြောပေမဲ့ မမြင်ရတဲ့ ဆုံးရှုံးမှုတွေ မပါရင်သာ မြတ်တာပါ။
ဗမာတွေ လည်တာလောက်တော့ တရုတ် က ပျင်းတောင် ပျင်းသေးတယ်...
တခုဘဲရှိတယ်... လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြောင်း သူငယ်တန်းကနေ ဘွဲ့လွန် ပါမောက္ခတန်းအထိ သမိုင်းသင်ရိုးတွေမှာ အရှိကို အရှိအတိုင်း ထည့်ရေး ထည့်သင်ဘို့ပါဘဲ...
စားထားတဲ့အကောင်တွေ စားပီးမှ ရူးချင်ယောင် ဆောင် မနေနဲ့...
 
 
-5 # Zawtika 2013-03-12 10:47
စာချုပ် ပြင်ချုပ်တာဟာ ရှေ့က စာချုပ်ကို ဖျက်တာနဲ့ အတူတူ ပါဘဲ...
နာမယ်ပျက်မဲ့အတူတူ စာချုပ် ပြင်ချုပ်မနေဘဲ စီမံကိန်းကို တစ်ခါထဲ လက်စတုံး ရုပ်သိမ်း ရပ်စဲ ဖျက်သိမ်းလိုက်ပါ...
တစ်ဖက် စာချုပ်ရှင် ကလဲ အချောင်သမား သူခိုးဂျပိုး ဘဲဟာ...
တစ်ကမ္ဘာလုံး ပါတ်ပီး အချောင်နှိုက် ခိုးဝှက်နေတဲ့ တရုတ် နဲ့ ကတိပျက်လို့ ဗမာတွေ ရုပ်ပိုဆိုးသွားစရာ မရှိပါဘူး...
 
 
-20 # Zawtika 2013-03-12 10:39
ကော်မရှင် အစီရင်ခံစာက ခြုံကြည့်ရင် ရွှေပြည်အေး တရားသာသာ ပါဘဲ...
နောက်ဆုံးတော့ အာဏာ ရှိရာ အာဏာ စု သွားတဲ့သဘောပါ...
ပြောထားပီးသားဘဲ... လူ့အလို ကော်မရှင် မလိုက်နိုင် ဆိုပီးတော့...
Quote:
ဥပဒေကို ထိန်းကျောင်းရသော နိုင်ငံတော်အဖွဲ့အစည်းများကလည်း ဥပဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စတွင် အချို့သော ဒေသခံပြည်သူများက ဥပဒေကို ချိုးဖောက်မှုများရှိခဲ့ကြောင်း၊
ဥပဒေက ရှုံ့ချည်နှပ်ချည် ဆိုတော့ လွတ်တဲ့လူက လွတ်ပီး ညှပ်တဲ့ လူကလဲ ညှပ်တာပါဘဲ...

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။