အိန္ဒိယ ဆေးကျောင်းသူကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ရာတွင် ပါဝင်သူ အဓိက တရားခံ ကြိုးဆွဲချ အဆုံးစီရင်
ဆေးကျောင်းသူ အမျိုးသမီး အတွက် ဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ- အင်တာနက်)
နိရဉ္စရာသတင်းဌာန. ၁၁ရက်နေ့ မတ်လ ၂၀၁၃ —- တကမ္ဘာလုံးကို
တုန်လူပ်ချောက်ချားမူကို ဖြစ်ပေါ်စေ ခဲ့သော အိန္ဒိယ ဆေးကျောင်းသူ
အမျိုးသမီးငယ် တစ်ဦးအား အုပ်စုလိုက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်မူတွင်
ပါဝင်သူဟု အဓိက စွပ်စွဲခံထားရသူ တရားခံသည် ယမန်နေ့ (တနင်္လာနေ့) က
မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့သည်။အဆုံးစီရင် သွားသူမှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မူကို ကျူးလွန်ခဲ့သည့် ကားကို မောင်းနှင်သူ ဒရိုင်ဘာ ရမ်ဆင်း ( Ram Singn) ဆိုသူ ဖြစ်သည်။
၎င်းသည် သူထောင်ကျနေရာ Tihar ထောင်ထဲရှိ အခန်း နံပတ် ၅၊ အဆောင်နံပတ် ၃ တွင် သူ့အ၀တ်အစားနှင့် စောင်ကို ကြိုးအဖြစ် အသုံးပြုကာ တနင်္လာနေ့ နံနက် ၅ နာရီတွင် ကြိုးဆွဲချ အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း အိန္ဒိယက လာသော သတင်းများတွင် ဖေါ်ပြသည်။
သူ့အား ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း ဆေးရုံမှ သေဆုံးမူကို တရားဝင် အတည်ပြုပေးခဲ့သည်။
ရမ်ဆင်းသည် လွန်ခဲ့သောနှစ် ဒီဇင်္ဘာလ ၁၅ ရက်နေ့က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူနှင့် သူမ၏ ယောင်္ကျား အဖေါ် ဖြစ်သူကို ကားပေါ်ကို ဖျားယောင်း တင်ဆောင်ပြီး အမျိုးသမီးငယ်အား တခြား အမျိုးသား ၄ ဦးနှင့် အတူ ကားပေါ်တွင် မုဒိမ်းကျင့် ပြုကျင့်ခဲ့သူဟု အဓိက စွပ်စွဲခံထားရသည်။
အမျိုးသမီးငယ်နှင့် အဖေါ် အမျိုးသားအားလည်း ပြင်းပြင်းထန်ထန် ရိုက်ပုတ်ကာ ကားပေါ်မှ ကန်ကျောက်ချခဲ့သည်။
ဆေးကျောင်းသူ အမျိုးသမီးငယ်အား ဒဏ်ရာ ပြင်းထန်သဖြင့် စင်္ကာပူတွင် ဆေးကုသရန် ပို့ဆောင် ခဲ့သော်လည်း ဒီဇင်္ဘာလ ၂၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ဆေးကျောင်းသူ အမျိုးသမီး သေဆုံးသွားပြီးနောက် အိန္ဒိယ နိုင်ငံ အ၀န်းတွင် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမူများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး ပြစ်မူ ကျူးလွန်သူများကို သေဒဏ်ပေးရန် တောင်းဆိုခဲ့သည်။
ရမ်ဆင်းနှင့် အပေါင်းပါများအား ရက်အနည်းငယ် အကြာတွင် ဖမ်းဆီးခဲ့ပြီး လူသတ်မူ၊ မုဒိမ်းမူ၊ သက်သေ အထောက်အထားဖျက်ဆီးမူ၊ ဓါးပြမူ၊ လူသတ်ရန် ကြံစည်ကြိုးပမ်းမူ စသည့် အမူများဖြင့် တရား စွဲဆိုခဲ့သည်။
သေဆုံးသွားသူ ဆေးကျောင်းသူ အမျိုးသမီးငယ်အား အမေရိကန် နိုင်ငံမှ တစ်ခြား အမျိုးသမီး ၈ ဦးနှင့် အတူ ရဲရင့် သတ္တိရှင် ဆုကို လွန်ခဲ့သော သောကြာနေ့က ချီးမြှင့်ခဲ့သည်။
No comments:
Post a Comment