Friday, February 1, 2013

လိုင်ဇာမြို့အဝင်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်



လိုင်ဇာမြို့အဝင်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက်

လိုင်ဇာ မြင်ကွင်း
DVB News, 1 February 2013  —-  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)  ဌာနချုပ်အနီး   လိုင်ဇာမြို့အဝင်ဝ မုခ်ဦးနေရာထိ အစိုးရတပ်တွေက သိမ်းယူတပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ကတည်းက  လဂျားယန်ဒေသကို   အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင် ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်စဉ်မှာ လိုင်ဇာမြို့အဝင် ဆိုင်းဘုတ်အထိ  အစိုးရတပ်တွေက သိမ်းယူခဲ့တာလို့ ကေအိုင်အေ  ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

“ဇန်နဝါရီ ၁၈ ရက်မှာ သူတို့ လက်နက်ကြီးတွေနဲ့ရော၊ လေယာဉ်တွေနဲ့ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့အတွက် အဲဒီ ဆိုင်းဘုတ်ရဲ့ အပြင်ဘက်မှာ ကျနော်တို့ရဲ့ ကေအိုင်အေ ဆက်ဆံရေးရုံးရှိတယ်။ အဲကနေ နောက်ဆုတ်ပေးလိုက်ရတယ်။ မုခ်ဝအပါအဝင်ပေါ့။ အဲဒီနေ့ကတော့ လဂျားယန်ဒေသအတွက် အပြင်းထန်ဆုံးတိုက်ပွဲလို့ ပြောရမယ်။ လိုင်ဇာမှကြိုဆိုပါ၏ မုခ်ဝမှာ အခုသူတို့ တပ်စခန်းတွေ အထိုင်ရှိတယ်။”
ဒါပေမယ့် ကေအိုင်အေရဲ့ လိုင်ဇာဌာနချုပ်ကတော့ အစိုးရစစ်တပ် လက်ထဲ ကျဖို့ အခြေအနေ မရှိသေးဘူးလို့  ဦးလနန်းက  ပြောပါတယ်။
လိုင်ဇာမြို့အဝင်ဝ ဆိုင်းဘုတ်ရှိတဲ့နေရာဟာ  လိုင်ဇာမြို့နဲ့ ၃ မိုင် ကျော်လောက်သာ ဝေးကြောင်း၊ လက်ရှိအချိန်အထိတော့ အစိုးရတပ်တွေ လိုင်ဇာမြို့ထဲကို ဝင်ရောက်မလာသေးဘဲ ခုရက်ပိုင်းအတွင်း လိုင်ဇာဒေသမှာ အခြေအနေ တည်ငြိမ်မှု ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လိုင်ဇာမြို့ဒေသခံတဦးက “မြို့တော်ရဲ့အခြေအနေက နည်းနည်းတော့ တည်ငြိမ်နေတာ လေးငါးရက်လောက်ရှိပြီ။ ပစ်ခတ်တာလည်းမရှိဘူး။ ဝင်လာတာလည်း မရှိဘူး။ မြို့ဝင်လာဖို့က သူတို့လည်း အလွယ်တကူ ဝင်လို့ မရဘူး” လို့ ပြောပါတယ်။
လိုင်ဇာမြို့ခံတွေကတော့ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေပြီး  အစိုးရတပ်တွေ မြို့ထဲဝင်လာရင် တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံဖို့ ပြင်ဆင်နေကြပါတယ်။
ဒါပေမယ့် ခုရက်ပိုင်းအတွင်း လိုင်ဇာမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားမှု မရှိတော့ပေမယ့် ဖားကန့်ဒေသဘက်မှာတော့ အစိုးရစစ်ကြောင်းတွေနဲ့ ကေအိုင်အိုတပ်ဖွဲ့တွေ အကြား တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

by ပီတာအောင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။