အစိုးရရဲ့ ထိုးစစ်ဆင်မှု ရပ်ဆိုင်းရန် ကေအိုင်အေ ပြော ကြား
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ကေအိုင်အို၊ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
“ကျနော်တို့ထုတ်ပြန်ချက်ကတော့ ဇန်နဝါရီ ဒုတိယပတ်တုန်းက ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ ဘာလဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်လာတော့မယ်၊ အဲလိုအခြေအနေမျိုးမှာ တိုက်ပွဲတွေကို အရှိန်လျှော့သွားစေချင်တယ်။ နိုင်ငံရေး တွေ့ဆုံမှု ပြုလုပ်တဲ့အခါမှာလည်း ကေအိုင်အိုနဲ့ပဲ သီးခြားတွေ့တာမျိုးမဟုတ်ဘဲ တခြားအဖွဲ့အစည်းတွေရယ်၊ ဖျန်ဖြေပေးတဲ့နေရာမှာ ပါဝင်ကူညီဆောင်ရွက်နိုင်မယ့် နိုင်ငံတွေကို အကူညီတောင်းဖို့ ရှိမှာပါ။ အဲဒီကိစ္စကို အဓိကထားပြီးမှ ထုတ်ပြန်ချက်ထုတ်ရခြင်းဖြစ်ပါတယ်။
“နောက်တခုက သတင်းနဲ့ပတ်သက်ပြီး အစိုးရရဲ့ နိုင်ငံပိုင်မီဒီယာတွေကနေပြီးတော့ ကေအိုင်အိုအဖွဲ့ကို မတရားပုတ်ခတ်စွပ်စွဲတာမျိုး၊ မဆင်မခြင် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်တာမျိုး၊ နိုင်ငံရေးမှာ သိက္ခာလုံးဝကျဆင်းသွားအောင် လုပ်တဲ့ဟာမျိုးကို ကျနော်တို့ဘက်က မလုပ်စေချင်ဘူး။ မှားတဲ့သတင်းကို လွှင့်တဲ့ကိစ္စမှာ ကျနော်တို့ဘက်က သူတို့ သတင်းထုတ်ပြန်ချက်တိုင်းကို တုံ့ပြန်ပြီး ဖြေရှင်းဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုကို အမှန်တကယ်ပဲ ငြင်ငြင်သာသာနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ဆောင်သွားဖို့ ဆိုရင် သတင်းထုတ်ပြန်ချက်ဟာလည်း အစိုးရဘက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သင့်တယ်ဆိုတဲ့ ကိစ္စအပေါ်မှာလည်း သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
“နောက်တခုက နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်တဲ့အခါမှာ ရှေ့တန်းမှာရှိနေတဲ့ တိုက်ပွဲတွေကို လျှော့ချဖို့ဆိုရင် အစိုးရရဲ့ ထိုးစစ်သာ အဓိကပါ။ အစိုးရ ထိုးစစ်သာ ရှိနေရင် ဒီတိုက်ပွဲက ဆက်ပြီးတော့ ဖြစ်နေမှာပါ။ အစိုးရရဲ့ ထိုးစစ်ဆင်မှု၊ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်လိုက်မယ်ဆိုရင် ကေအိုင်အိုအဖွဲ့အစည်းကလည်း ထိုးစစ်အပေါ်မှာ တုံ့ပြန်စရာမလိုတော့ဘဲနဲ့ ဖြစ်နေတဲ့ ပြဿနာအပေါ်မှာ ရှောင်ရှားနိုင်မယ်ဆိုတဲ့အကြောင်း ပြောဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကြေညာချက်က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်တဲ့အခါမှာ ကြိုတင်လိုအပ်တဲ့အချက်အလက်တွေကို အဓိက ဖော်ပြတဲ့ ကြေညာချက်လို့ ပြောလို့ရပါတယ်။”
နိုင်ငံရေးဆွေးနွေးဖို့ သူတို့ဘက်က ကမ်းလှမ်းထားတာမျိုး ရှိလား။ ဥပမာ ဝ ကနေပြီးတော့ သူတို့ဒေသမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပါဝင်ဆောင်ရွက်ပေးတဲ့အပေါ်မှာ အစိုးရဘက်က ဘယ်လိုတုံ့ပြန်မှုမျိုးရှိလဲ။
“တိုက်ပွဲစဖြစ်ကတည်းက ပြောပါတယ်။ ဒီပြဿနာကဖြေရှင်းဖို့အတွက် ကျနော်တို့ လက်နက်ကိုင် ကေအိုင်အိုအဖွဲ့အစည်းနဲ့ မြန်မာအစိုးရ နှစ်ခုပဲ ဖြေရှင်းလို့တော့မဖြစ်နိုင်ဘူး။ လွန်ခဲ့တဲ့အတွေအကြုံတွေအရ အဲလိုပဲ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာကရော၊ ဒါမှမဟုတ် ဂုဏ်သိက္ခာရှိရှိနဲ့ ကြားကနေပြီး သက်သေခံပေးနိုင်မယ့် အဖွဲ့အစည်းတွေကို ပါဝင်စေချင်တာဟာ ကျနော်တို့ ကေအိုင်အိုရဲ့ လိုလားချက်ပါ။ အဲဒီကိစ္စတွေကြောင့်ပဲ နိုင်ငံတကာအတော်များများကိုလည်း အကူညီတောင်းတာမျိုး ရှိခဲ့ဖူးပါတယ်။
“နောက်ဆုံးကျေတာ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကနေပဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ ဆုံးဖြတ်ပြီးတဲ့အတိုင်း ကျနော်တို့လည်း စာနဲ့အကြောင်းပြန်ထားတာရှိတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်ပဲ သီးခြား တွေ့ဆုံဆွေးနွေးတာမျိုးမဟုတ်ဘဲ ကြားခံအဖွဲ့အစည်း ကြားနေဆုံးဖြတ်ပေးနိုင်၊ သက်သေခံပေးနိုင်၊ ဖျန်ဖြေပေးနိုင်တဲ့ အဖွဲ့အစည်းလိုအပ်ကြောင်း အမြဲပြောနေတယ်။ အဲအတိုင်း ရှေ့ကိုသွားနေတာပါ။ ယူဒဗလျူအက်စ်အေအနေနနဲ့ကလည်း ဒီကိစ္စကို ကြားနေပြီး ဖျန်ဖြေပးစေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကိုလည်း ကျနော်တို့အနေနဲ့ ဘာမှ ငြင်းချက်ထုတ်စရာမရှိပါဘူး။ ဒါပေမယ့် လောလောဆယ် ယူဒဗလျူအက်စ်အေ ဝ ဒေသ ပန်ဆန်းမှာ တွေ့ဖို့အခြေအနေတာ့ မရှိသေးဘူး။”
နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ဘယ်လောက်ထိ နီးစပ်နေပြီလဲ။
“အဓိကလုပ်ရမှာက နိုင်ငံရေးဆွေးနွေးမှုပါ။ ချက်ချင်းလက်ငင်းကြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာဖို့တော့ အခက်အခဲရှိပါတယ်။ တဆင့်ချင်းတော့ သွားရလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလုပ်ရာမှာတော့ ကြားခံရှိမှပဲ။ အစိုးရကိုရော ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းကိုရော၊ ဒါမှမဟုတ်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လွှမ်းခြုံနိုင်တဲ့၊ ကြားကနေ သက်သေခံပေးနိုင်တဲ့ အဖွဲ့အစည်းတခု ဒါမှမဟုတ် နိုင်ငံကြီးအနေနဲ့ ပါဝင်ဆောင်ရွက်ရမယ်။ ဒီလိုလုပ်တဲ့အခါမှာ ချက်ချင်းကြီးတော့ ဒီနေ့တွေ့တယ်၊ ဒီနေ့ပဲ နိုင်ငံရေးဆွေးနွေးဖို့ လုပ်ကြမယ်ဆိုတာက အခက်အခဲတော့ ရှိပါတယ်။ ဒါပေမယ့် တဆင့်ချင်း သွားရမှာပါ။ ပထမအကြိမ် တွေ့ဆုံမယ်ဆိုတာလည်း ဘယ်လိုသွားကြမယ်၊ ဘယ်လို ဆွေးနွေးကြမယ်ဆိုတဲ့ဟာကို တဆင့်ချင်းညှိနှိုင်းဖို့ လုပ်ရမှာပါ။ ဒါကြောင့် အချိန်ယူရမှာပါ။”
အခုရော အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ရော ရှိနေပြီလား။ စီစဉ်ထားပြီးပြီလား။
“ကျနော်တို့ဘက်ကတော့ ယူအန်အက်ဖ်စီကပဲ နိုင်ငံရေးဆွေးနွေးဖို့ လုပ်ဆောင်ကြဖို့ ဆိုတာ အစောကြီးကတည်းက ပြောပြီးသားပါ။ ဒါကြောင့် လမ်းကြောင်းတခုခုတော့ ဒီအတောအတွင်းမှာ တွေ့ဆုံကောင်းတွေ့ဆုံနိုင်ပါလိမ့်မယ်။ ကျနော်တို့ဘက်ကတော့ မြန်မာနိုင်ငံအစိုးရရဲ့ ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်နဲ့မဆို တွေ့ဖို့ အဆင်သင့်ပါပဲ။ တွေ့တဲ့အခါမှာလည်း နှစ်ဖွဲ့ကြားမှာပဲ သီးခြားတွေ့ဆုံတာမျိုးတော့ ခဲယဉ်းပါလိမ့်မယ်။ ကြားခံအဖွဲ့အစည်းတခုခု ပါတဲ့ အစီစဉ်တိုင်းတော့ သွားရလိမ့်မယ်။”
ထုတ်ပြန်တဲ့ ကြေညာချက်က အစိုးရနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအတွက် ကမ်းလှမ်းချက်တမျိုးလို့ ပြောလို့ရလား။
“ဟုတ်ကဲ့။ ကျနော်တို့ ဇန်နဝါရီလ ဒုတိယပတ်ထဲမှာထုတ်တဲ့ သတင်းကြေညာချက်ထဲမှာလည်း ဒီကိစ္စပါပြီးသားပါ။ ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်ဖို့ ကျနော်တို့ ယုံကြည်တဲ့အကြောင်း အဲ့မှာပါတယ်။ အခုလည်း အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ လမ်းစကို ဖော်ပေးတဲ့ ထုတ်ပြန်ချက်လို့လည်း ပြောလို့ရပါတယ်။”
by ကိုထွေး
No comments:
Post a Comment