စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် စားပွဲပိုင်းမှာလာဆွေးနွေးဖို့ သမ္မတတိုက်တွန်း
DVB TV News, 1 February 2013 —- စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ စားပွဲဝိုင်းမှာ အားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာရမယ့် အချိန်ရောက်နေပြီဖြစ်လို့ သက်ဆိုင်တဲ့ခေါင်းဆောင်တွေအားလုံး စားပွဲဝိုင်းကိုလာပြီး ဆွေးနွေးညှိနှိုင်းကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ အသံ၊ ပိတောက်မြေရေဒီယိုတွေနဲ့ FM ရေဒီယိုတွေကနေ ဖေဖော်ဝါရီလ ၁ ရက် ကစပြီး တရက် ၄ ကြိမ်ထုတ်လွှင့်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး ရေဒီယိုမိန့်ခွန်း မှာပြောကြားလိုက်တာပါ။
သမ္မတ ဦးသိန်းစိန်က ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှူံးမှုတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေဟာ မြန်မာ့လူအဖွဲ့အစည်းတခုလုံးရဲ့ ဆုံးရှူံးနစ်နာမှုတွေဖြစ်တယ်။ နစ်နာဆုံးရှူံးမှုတွေ ရပ်ဖို့နဲ့ အများလိုလားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အားလုံး စားပွဲဝိုင်းမှာလာပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာရမယ့် အချိန်ရောက်နေပြီဖြစ်တယ်လို့ ပြောပါတယ်။
သက်ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေအားလုံး စားပွဲဝိုင်းသို့လာပြီး ဆွေးနွေးညှိနှိုင်းကြဖို့ နိုင်ငံတော်သမ္မတက အလေးအနက်တိုက်တွန်းပေမယ့် တကယ်တမ်း ဆွေးနွေးပွဲစကားဝိုင်းတွေ စနိုင်အောင် ဘာတွေလုပ်ဖို့ လိုအပ်နေပါသလဲ။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ယုံကြည်မှုတည်ဆောက်ရေး အရေးပါတယ်လို့ ပြောပါတယ်။
“တယောက်နဲ့တယောက် ယုံကြည်မှုပျက်ပြီး အပစ်ခတ်ရပ်စဲရေးလည်း ပျက်သွားတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ နောက်ကလိုက်လာတယ်။ ပဋိပက္ခတွေများလာတော့ ယုံကြည်မှုတည်ဆောက်ရခက်တယ်။ အဲတော့ စကားဝိုင်းပေါ်ပြန်မရောက်ဘူး။ မုန့်လုံးရေပေါ်စက္ကူကပ်ဖြစ်နေတာပေါ့။ လောလောဆယ် ယုံကြည်မှုပြန်တည်ဆောက်ဖို့က အပစ်အခတ်အရင်ရပ်ဖို့လိုတယ်။ အပစ်အခတ်ရပ်စဲရုံနဲ့လည်း မလုံလောက်ဘူး။ သမ္မတကြီးပြောသလို ငြိမ်းချမ်းရေးကိစ္စကို စားပွဲပေါ်မှာဆွေးနွေးပြီး နိုင်ငံရေးအရအဖြေရှာတာလုပ်နိုင်မှ ပိုပြီးတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရနိုင်မယ်။ အဓိကက ယုံကြည်မှုပြန်တည်ဆောက်ဖို့ကလည်း အပစ်အခတ် တိုက်ခိုက်နေတာတွေ အရင်လျော့အောင်လုပ်ဖို့လိုတာပေါ့။”
တခါ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲတွေကျင်းပပေးရုံနဲ့ မလုံလောက်ဘူး။ အသိကြွယ်တဲ့ ပြည်သူတရပ်လုံးက ပြည်သူတွေ ဘ၀အတွက် ရွေးချယ်မှုတွေကို ဖိနှိပ်ချုပ်ချယ်မှုမရှိဘဲ ဆုံးဖြတ်နိုင်ခြင်းဖြစ်တယ်။ သိပ်သည်းကျစ်လစ်ပြီး စည်းကမ်းရှိတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ အလွန်အရေးကြီးတယ်။ ဒါ့ကြောင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတက ပြောကြားသွားပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး ပြည်တွင်း အန်ဂျီအိုတခုဖြစ်တဲ့ မင်္ဂလာမြန်မာ အမှုဆောင်ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းကတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့အရေးက အရပ်ဖက် အဖွဲ့အစည်းတွေဟာ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ ပါဝင်ခွင့်ရဖို့ လိုတယ်လို့ ပြောပါတယ်။
“အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းဖို့ဆိုရင် ကျနော်တို့တွေ့နေတဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေ၊ ဖိုရမ်တွေမှာပြောတာအပြင် ဆုံးဖြတ်ချက်လုပ်တဲ့ အစီအစဉ်မှာကို ပါခွင့်ရှိဖို့လိုတယ်။ ဒါမှပဲ မြန်မာ လူ့အဖွဲ့အစည်းတွေ အားကောင်းမှာလေ။ နိုင်ငံခြားလူ့အဖွဲ့အစည်းတွေက အဲလိုလုပ်ငန်းစဉ်တွေမှာ ပါခွင့်ရှိပေမယ့် မြန်မာအဖွဲ့အစည်းတွေက ပါခွင့်မရသေးဘူး။ ဥပမာ ဆင်းရဲမှုတိုက်ဖျက်ရေး။ ဆင်းရဲမှုတိုက်ဖျက်ရေးအစီအစဉ်မှာ နိုင်ငံခြားက အလှူရှင်တွေလိုမျိုးတွေပါမယ်။ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့ ပါခွင့်ရတယ်။ မြန်မာအဖွဲ့အစည်းတွေက ပါခွင့်ရတာမရှိသေးဘူး။ မြန်မာအဖွဲ့အစည်းတွေပါခွင့်ရတာက ရပ်ရွာတွေမှာ လုပ်တာလောက်ပဲ ပါခွင့်ရှိတယ်။ ဒါမှမဟုတ်ရင် အစည်းအဝေးရှိရင်သွားတက်၊ ဖိုရမ်လုပ်ရင်သွားတက်၊ ဒီလောက်ပဲရှိတယ်။ ဘယ်လိုဖိုရမ်မျိုး၊ ဘယ်လိုညီလာခံလိုမျိုး၊ ဘယ်လိုအစီအစဉ်မျိုးတွေ ကျေးရွာမှာလုပ်သင့်သလဲ။ ဘယ်လိုအစီအစဉ်မျိုးတွေ အခြေခံလူတန်းစားတွေလုပ်သင့်လဲ ဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့ မြန်မာ့လူမှုအဖွဲ့အစည်းတွေပါဝင်ရရှိမှု နည်းနေသေးတယ်။”
စီးပွားရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြောကြားရာမှာတော့ ခေတ်အဆက်ဆက် တင်ကျန်နေတဲ့ နိုင်ငံတကာကြွေးမြီတွေထဲက ဒေါ်လာသန်း ၆ ထောင်ကျော် လျော့ချနိုင်ခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့ဟာ မြန်မာနိုင်ငံ နိုင်ငံတကာငွေကြေးဈေးကွက်နဲ့ စီးပွားရေးအသိုက်အ၀န်းထဲမှာ ပြန်ဝင်နိုင်ဖို့ အရေးကြီးတဲ့ခြေလှမ်း စတင်နိုင်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံစီးပွားရေး သမိုင်းမှာ အရေးပါတဲ့ နေ့တနေ့ ဖြစ်တယ်လို့ဆိုပါတယ်။
ပြန်လည်ရရှိနေပြီဖြစ်တဲ့ နိုင်ငံတကာအကူအညီတွေနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ စာသင်ကျောင်း၊ လမ်းတံတား၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားနဲ့ ရေရရှိရေးတွေမှာ အသုံးပြုမှာဖြစ်ပြီး တိုင်းပြည်ကို အဆင်းရဲဆုံးနိုင်ငံ (အယ်လ်စီဒီ)စာရင်းကနေ ရုန်းထွက်ဖို့ ပထမခြေလှမ်း အဖြစ် ရရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။
ယူအန်ဒီပီဌာနေ ညှိနှိုင်းရေးမှူးလည်းဖြစ် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်းပါးတွေရေးနေတဲ့ ဒေါက်တာအောင်ထွန်းသက်ကလည်း ကြွေးမြီ ၀န်ထုပ်ဝန်ပိုးတွေ လျော့သွားတဲ့အတွက် လာမယ့်နှစ် အနည်းငယ်အတွင်း အဆင်းရဲဆုံးနိုင်ငံအဖြစ်ကနေ လွတ်ကင်းလာနိုင်တယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေကတော့ ရှိနေတုန်းပဲလို့ ပြောပါတယ်။
“အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ လွတ်ကင်းနိုင်ဖို့က ၂၀၁၅ မတိုင်ခင်ဖြစ်နိုင်တယ်။ ဒါနဲ့ဆက်နွယ်ပြီး အကြွေးလျော်တာ၊ ကြွေးမြီကင်းရင် နိုင်ငံတွေတိုးတက်လာတာပဲ။ နိုင်ငံတွေမှာ ဒုက္ခရောက်တာ အကြွေးများနေလို့။ အကြွေးလည်ပင်းခိုက်နေရင် တော်တော်ပင်ပန်းတာလေ။ အခုလို အောင်အောင်မြင်မြင်ဖြစ်တာ ၀မ်းသာစရာပါ။ အကြွေးဝန်ထုတ်ဝန်ပိုး များများလျော့လေ အခြေခံအဆောက်အဦတွေ၊ ပညာရေးနဲ့ ကျန်းမာရေး စရိတ်တွေပိုသုံးနိုင်ရင် အဆင်းရဲဆုံးနိုင်ငံစာရင်းအတွက်က ချက်ချင်းဖြေရှင်းနိုင်မယ်။ အခုအကြွေးဆပ်စရာမလိုဘဲ ရှိလာမယ့်ငွေတွေကို သက်သာလာတဲ့ငွေတွေကို အကျိုးရှိရှိအသုံးချဖို့က အစီအစဉ်တွေလုပ်ရမယ်။ စီမံခန့်ခွဲမှုအင်အားတွေ ပိုမှရမယ်။”
ဦးသိန်းစိန်အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံအဖြစ်ကနေ လွတ်မြောက်ရုံတင်မက ၀င်ငွေ အလယ်အလတ်ရှိတဲ့နိုင်ငံ ဖြစ်လာအောင် ရည်မှန်းချက်ထားပြီး ကြိုးစားဖို့ လိုတယ်လို့လည်း ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ ခုချိန်ဟာ နိုင်ငံအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး နှစ်ပေါင်း ၆၀ အတွင်း မရဖူးတဲ့ အခွင့်အလမ်းတွေ ရနေတဲ့အကြောင်းနဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူတဦးချင်းစီက ပူးပေါင်းပါဝင်ဖို့ သူရဲ့ မိန့်ခွန်းမှာ တိုက်တွန်းပြောကြားသွားပါတယ်။
ပီတာအောင်- DVB
No comments:
Post a Comment