ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Friday, January 4, 2013
မဆုံးမရမည့်သူနှင့် ဆုံးမ မရမည့်အကျိုးစီးပွား (မျိုးမြင့်ချို)
ကနေဒါနိုင်ငံ၊ တိုရွန်တိုးမြို့က ကိုသာအေးထွန်းအိမ်တွင်ရှိနေခိုက် ဆုံခဲ့သည့်မိတ်ဆွေသစ်များအနက် ဒေါက်တာ တိုး တိုးလွင်နှင့် ဒေါက်တာ မိုးဝင်းသာတို့ ဆရာဝန်ဇနီးမောင်နှံလည်းပါ၏။ တဦးနှင့်တဦးမိတ်ဆက်ကြ ပဋိသန္ဓာရစကား ဆို ကြပြီးနောက် စကားဦးက (၁၃၅ဝ) ပြည့်အရေးတော်ပုံကြီးဆီတည်မိ၏။ ထိုစဉ်က သူတို့နှစ်ဦးလုံး ရန်ကုန်ဆင်ခြေဖုံးရှိ ဆေးရုံတခုတွင် အလုပ်သင်ဆရာဝန်များ။ ထိုကာလ သူတို့ ကြုံခဲ့ရသည့် ထိတ်စရာကြားက ရယ်စရာအဖြစ်တွေကို ပြန် ပြောပြရင်းရယ်ရယ်မောမော။ ခုတော့…ပေါ့ပေါ့ပါးပါး။
ထို့နောက် စကားအရွေ့က ဒီမိုကရေစီရေးဘက်လှည့်လာ၏။
ဒေါက်တာတိုးတိုးလွင်က ဒီဘက်ဒီမိုကရေစီနိုင်ငံ တချို့က စံတချို့အား ခေါင်းခေါက်ရွေးဥပမာလေးတွေနှင့်ချပြဆွေးနွေး၏။ ဒီမိုကရေစီဆန်မှု၊ သဘောထားကြီးခြင်းနှင့် လူကြီးလူ ကောင်းအပြုအမူတို့အကြောင်းရောက်တော့ သူက (အိုဘားမား ပထမသက်တမ်းအတွက် ပါတီတွင်း သမ္မတလောင်း ပြိုင်ချိန်၊ ဟီလာရီနှင့်ဆိုင်မိပြီး ကက်ကက်မလန့်တလန် အပြန်အလှန်ခတ်ကြပုံများ၊ သည့်နောက် ဟီလာရီက ဆုတ်ပေး လိုက်မှ အိုဘားမား သမ္မတဖြစ်လာပြီး နိုင်ငံခြားရေးဝန်အဖြစ် ကြည်ဖြူစွာပေးသည်တွင် ကျေကျေနပ်နပ်ယူကာ ကျေ ကျေပွန်ပွန် ထမ်းဆောင်ခဲ့ပုံ၊ ဒါကို “ဒီမိုကရက်ချင်းမို့ ဤသို့ရင်းကြတာပါ” ဟုဆိုလျှင် ခု အိုဘားမား ဒုတိယ သက်တမ်း က ပိုလှသည့် ဥပမာလိုဖြစ်ပုံ၊ မဲဆွယ်ပွဲတွေမှာ မစ်ရွမ်းနီနှင့်အိုဘားမား အကြီးအကျယ်ချဲခဲ့ကြသလို စကားစစ်ထိုးပွဲတွေ မှာလည်း လက်သီးလက်မောင်းတန်းခဲ့ကြကြောင်း၊ တကယ်တမ်း အိုဘားမားနိုင်တော့ မစ်ရွမ်းနီတမိသားစုလုံး သမ္မတ ၏ အောင်ပွဲခံဂုဏ်ပြုစင် မြင့်ပေါ်တက်လာပြီး ဟိုစဉ်က တန်းခဲ့သည့်လက်များ ခုတော့ ဖက်လှဲတကင်း ရင်းရင်း နှီးနှီး၊ ပြုံးပြုံးရွှင်ရွှင် “ရီပတ်ဘလီကင်န်မရှိ၊ ဒီမိုကရက်မရှိ”) ဆိုကာ ရှည်ရှည်လျားလျားဆွေးနွေးလာ၏။ ဤသည်ပင် ဒီမိုကရေ စီဆန်မှုဟု သူဆိုချင်သလားတော့ ကျနော် မပြောတတ်။
နောက်တော့ ဆွေးနွေးညှိနှိုင်းအဖြေရှာတတ်မှု။
ညှိနှိုင်းမှုအတတ်(သို့မဟုတ်)ဆွေးနွေးပွဲယဉ်ကျေးမှုအကြောင်းဟု ဆိုရမည်ထင်၏။ သူက (ကျနော်တို့သည် သူ့အဆိုအရ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ရောက်ရှိနေထိုင်သူများဖြစ်သည့်အလျှောက် ဒီမိုကရေစီနိုင်ငံကြီးသားတို့၏ ပြဿနာဖြေရှင်း ပုံများအားလေ့လာရင်း ကျင့်သုံးမှဖြစ်မည်ဖြစ်ကြောင်း၊ ဗမာပြည်သားတွေအကြား ကိစ္စကြီးငယ်ရှိတိုင်း တယောက်နှင့် တယောက် ဆွေးနွေးငြင်းခုန်၊ သဘောထားကြီး၊ စိတ်ရှည်သီးခံအဖြေရှာပြီး အများစုသဘော အကောင်အထည်ဖော်ကြ သည့် အလေ့အကျင့်မျိုးရှိပြီး၊ အလေ့အထဖြစ်သည်အထိ ပျိုးထောင်ယူနိုင်ကကောင်းမည်)ဟု သူမြင်ကြောင်းဆို၏။ ဤသည်ကို ဒီမိုကရေစီယဉ်ကျေးမှုဟု သူ ဆိုချင်ပုံပေါ်၏။ တိတိကျကျတော့မပြောခဲ့။ ချုပ်၍ဆိုသော် “ဒီမိုကရေစီဆန် မှုနှင့် ဒီမိုကရေစီယဉ်ကျေးမှု” ဟု ဆိုရမည်ထင်၏။ ထို (၂) ခုလုံး ကျနော်တို့လိုချင်သည့်အရာများဖြစ်သလို ထိုအရာ တွေအတွက်လည်း ခုထက်တိုင် တိုးနေတိုက်နေရဆဲ။ ထို့ကြောင့် ဝေဘန်ချေဖျက်စရာ အကြောင်းဘာမျှမရှိသော်လည်း တွေးစရာနှင့်ပြောစရာတချို့ကား ပေါ်လာ၏။ သို့နှင့် ပြောဖြစ်ကြ၏။
ကျနော်တို့ဆီတွင်နှင့် ကျနော်တို့ဆီကဲ့သိုလူ့အဖွဲ့အစည်းများ တိုင်းပြည်များတွင်မူ အထက်ကဆိုခဲ့သည့် (ဆန်မှုနှင့် ယဉ် ကျေးမှု) များ မရှိသလောက်နည်းသည်ဟုဆိုသည်ကို ငြင်းစရာမရှိ။ ဘာ့ကြောင့် ဤသည်များ မထွန်းကားနိုင်ရသနည်း ဆိုသည်ကို စောကြောကြည့်ရာတွင် တဦးနှင့်တဦး ကွဲလွဲချင်ကွဲလွဲလိမ့်မည်ဖြစ်သော်လည်း အကျိုးများမည်ထင်၏။ ကျနော့် အနေနှင့် ထိုသို့စောကြောရလျှင် အမေရိကန်ကိုပဲ စံထားချင်၏။ “ဘာ့ကြောင့်” ဆို ကမ္ဘာ့နိုင်ငံအချို့နှင့် အမေရိ ကန်ကိုယ်၌က သူ့ကိုယ်သူ ဒီမိုကရေစီခေါင်းကိုင်ဖခင် As the God Father of Liberal Democracy သဖွယ်စံပြုမှုရှိခြင်း ကြောင့်ဖြစ်၏။ ထို့ကြောင့် အမေရိကန်ပေတံဖြင့် တိုင်းရပါမည်။ ထိုပေတံနှင့်တိုင်းမည်ဆိုက အမေရိကန်၏ နှုန်းစံတန်ဖိုး ကိုသိမှတ်စရာ လိုပါလိမ့်မည်။လူ့အဖွဲ့အစည်းတခု၏ နှုန်းစံတန်ဖိုးဆိုသည်မှာ အမျိုးသားအကျိုးစီးပွားဖြစ်၏။ထိုတန်ဖိုးကို ထိပါးခြင်းသည် အမျိုးသားအကျိုးစီးပွားကိုထိပါးခြင်းမည်၏။ ထိုကိစ္စသည် အကဲဆတ်သလောက် အရေးလည်းကြီး၏။ နိုင်ငံနှင့်ချီ၊ ကမ္ဘာနှင့်ချီ ဖြစ်ကြသည့် ပဋိပက္ခတိုင်းသည် ထိုနေရာမှပေါက်ထွက်လာခြင်းဖြစ်၏။ ဤသို့ဖြစ်လျှင် အမေရိ ကန်၏ နှုန်းစံတန်ဖိုး(ဝါ)အကျိုးစီးပွားကို စေ့ငုကြည့်ပါမည်။ အမေရိကန်၏နှုန်းစံတန်ဖိုးက အရင်းရှင်(သို့) ဈေးကွက်စီး ပွားရေးစနစ်၊ လစ်ဘရယ်လ်ဒီမိုကရေစီနှင့် တသီးပုဂ္ဂလဆန်မှုတို့ ဖြစ်သည်ဟု အကြမ်းဖျဉ်းဆိုနိုင်မည်ဖြစ်၏။ ဤသည်တို့ ကိုပင် အမေရိကန်အကျိုးစီးပွားဟု ယေဘုယျသဘောပိုက်ပြီး ဆက်တွေးကြည့်ပါမည်။
မှန်၏။ ယခုအမေရိကန်တို့ ယခုအမေရိကန်နိုင်ငံရေးသမားတို့ အထက်ကဆိုခဲ့သည့် (ဆန်မှုနှင့်ယဉ်ကျေးမှု)တို့ကို ပါတီ တွင်းနှင့် ပါတီချင်း၊ ပြည်တွင်းနှင့်ပြည်ပတို့တွင် အကန့်အသတ်ဖြင့်တိုးချဲ့ယူ၍ ကျင့်သုံးနေနိုင်သည်မှာ အထင်အရှားဖြစ် ၏။ ဘာ့ကြောင့်ဤသို့ နေနိုင် ရသနည်း၊ နေနိုင်ကြသနည်းဆိုရသော် အကျိုးစီးပွားကြောင့်ဟုသာ အဖြေထွက်မည် ထင် ၏။ အကျိုးစီးပွားဆိုရာ၌လည်း တူခြင်း/မတူခြင်း အပြင်၊ တူသည့်တိုင်အောင် ကြီးခြင်း/သေးခြင်းလည်း ထပ်မံရှိရဦးမည်။ ထိုအကျိုးစီးပွားတို့တူခြင်း/မတူခြင်း၊ ကြီးခြင်း/သေးခြင်းအပေါ်လိုက်ကာ (ဆန်မှုနှင့်ယဉ်ကျေးမှု) တို့၏ ရေချိန်အတက်အ ကျနှင့်အနိမ့်အမြင့်ဖြစ်ရ၏။ အကျိုးစီးပွားကြောင့်ထွက်လာသည့် အဖြေနှစ်ခုသာရှိ၏။ ထို့အတူ အကျိုးစီးပွားတွင် ရွေး လမ်းလည်း (၂) လမ်းသာရှိ၏။ တခုက စစ်ပွဲ(ဝါ)ပဋိပက္ခ။ နောက်တခုက လက်တွဲပြီးနန်းသိမ်းခြင်း။ အကျိုးစီးပွားကြီး လည်းကြီး၊ တူလည်းတူလျှင် (ဆန်မှုနှင့်ယဉ်ကျေးမှု) ပိုကိုပိုရပေမည်။ မပိုလို့မရ။ မပိုလျှင် ထိပ်တိုက်တိုးမိပြီး လုယက်မှု တွေဖြစ်ကာ ထချကြလိမ့်မည်။ ယခု အမေရိကန်တို့ အမျိုးသားအကျိုးစီးပွားတူကြ၏။ ကြီးလည်းအလွန်ကြီး၏။ အချင်း ချင်းပြန်ချလို့မဖြစ်။ ထိပ်တိုက်ပြန်တိုးလို့မရ။ ဥသျှစ်သီး (၂) လုံး ကိုင်ရိုက်လျှင် ဘာဖြစ်တတ်သည်ကို သူတို့ ကောင်းစွာ နားလည်၏။ အချင်းချင်းရန်ဖြစ်လို့ရ၏။ ရန်သူဖြစ်လို့မရ ဆိုသည်ကို သဘောပေါက်၏။ နိုင်ငံ့သမ္မတဘယ်သူဖြစ်ဖြစ်၊ ကွန်ဂရက်စ်တွင် ဘယ်သူအများစုနေရာရရ တူသောအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်သာဖြစ်၏။ ဤတွင် ဒီမိုကရေစီဆန်လာရ၊ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်လာရ၏။ သို့နှင့်တိုင် အစဉ် ဆန်နေယဉ်ကျေးနေသည်ဟု ဆိုလို့မရ။ တချက်တချက် အကျိုးစီးပွားခတ်သေးသေးတွေ ထိပ်တိုက်တိုးမိပြီး မဆန်နိုင် မယဉ်မကျေးနိုင် ဖြစ်ခဲ့သည်များရှိ၏။ အမေရိကန်ပြည်တွင်းစစ်ကြီး၊ အေဗရာဟင်မ်လင်ကွန်းနှင့် ကနေဒီတို့ကြုံခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုများက ထို တချက် တချက်တို့အတွက် သက်သေဖြစ်၏။
ကမ္ဘာကြီးကို ပြန်ကြည့်လျှင်လည်း အကျိုးစီးပွားကြောင့်ဖြစ်ခဲ့သည့် စစ်ကြီး (၂) ခု အထင်အရှားရှိခဲ့၏။ တိုက်ရာပါတွေ ဝေစုခွဲရာက အဝေမတည့်လုယက်ရင်း ထိပ်တိုက်တိုးကာ (ဆန်မှုယဉ်ကျေးမှု) မျက်နှာဖုံးကျွတ်ကြခြင်းပင်။
နောက်တမျိုးက တူတော့တူ၏ သို့သော်သေး၏။ ဆိုရလျှင် ထိုအသေးစားတို့ကြောင့် ဒေသတွင်း၊ အုပ်စုချင်း၊ နိုင်ငံခြင်း ပဋိပက္ခတို့ ဖြစ်ထွန်းရ၏။ နှစ်ပြည်ထောင်မင်းတို့၏ ဒေသတွင်းအကန့်အသတ်စစ်ပွဲများကို သာဓကပြုနိုင်မည်ထင်၏။ ထိုသို့ ဒေသတွင်းအကန့်အသတ် စစ်ပွဲတို့ကား ထုတ်ပြစရာမလိုအောင်ပင်များလှ၏။ ထားတော့။
နောက်ဆုံးတခုက တူလည်းတူ၏။ သေးလည်းသေး၏။ သို့သော် ကမ္ဘာချီ၊ ဒေသချီပြဿနာထိ ရောက်မလာဘဲ ပြည် တွင်း၌သာ ထိပ် တိုက်တိုးမိမှု။ ထိုအမျိုးအစားက “အတန်းအစားအုပ်စုလိုက်အကျိုးစီးပွား”ဟု ဆိုရမည်ထင်၏။ တိုင်း ပြည်တခုခြင်းစီအတွင်း၌ အဓိကအခြေ တည်၏။ နိုင်ငံရေးအာဏာကိုကိုင်ထားနိုင်ပြီး ထိုအာဏာအားကိုးဖြင့် သူ့အုပ်စု အကျိုးစီးပွားကိုတည်ဆောက်ကာကွယ်သူနှင့် ထိုအဆောက်အဦအား ဖြိုချတွန်းလှန်သည့် အင်အားစုကြားက ပဋိပက္ခ ဖြစ်၏။ အပေါ်ယံရှပ်ကြည့်လျှင် (သို့) ကမ္ဘာနှင့်ချီကြည့်လျှင် စာမဖွဲ့လောက်ဟုဆိုရ သော်လည်း တိုင်းပြည်တခုအတွက်၊ လူ့အဖွဲ့အစည်းတခုအတွက်တော့ အလွန်ကြီး၏။ သည်းသန်ပြင်းထန်၏။ အာဏာကိုင်ထားသူကလည်း အာဏာလက် လွတ်လျှင် အကျိုးစီးပွားအကုန်လက်လွှတ်ရမည်မို့ ကျားကုပ်ကျားခဲကာကွယ်၏။ လူဘယ်လောက် သတ်ရသတ်ရ သတ် မည်။ လူဘယ်လောက်ဖမ်းရဖမ်းရ ဖမ်းမည်။ တွန်းလှန်ဖြိုချသူကလည်း ထိုအာဏာကိုဖြိုချနိုင်မှ နောက်အာဏာတခုကို တည်ဆောက်နိုင်မည်မို့ ဘယ်လောက်စွန့်ရစွန့်ရ စွန့်မည်။ ဘာမှမကျန်သည်အထိပင် စွန့်လိမ့်မည်။ ဤတွင် အာဏာပြ ဿနာ၊ အကျိုးစီးပွားပြဿနာနှင့် ပဋိပက္ခတွေ ဖြစ်လာ၏။ ဤတွင် ဒီမိုကရေစီမဆန်နိုင်တော့။ ဤတွင် ဒီမိုကရေစီ ယဉ် ကျေးမှု မထွန်းကားတော့။ ဤတွင် စေ့စပ်ညှိနှိုင်းသည့်အလေ့အထ နောက်တန်းရောက်ရတော့၏။ ကျနော်တို့ဆီတွင် ဖြစ်နေသည့်ပြဿနာက ထို ပြဿနာ။ ထို ကိစ္စ။
ပြန်တွေးရန်လိုသည်က ဤသို့ မဆန်ချင်မဆန်သူ မည်သူနည်း။ မည်သူ့ဘက်က စ မဆန်ရ စ မယဉ်ကျေးရ၍ ပြဿနာ တို့ဖြစ်လာရ သနည်း။ ဆန်ခြင်းဆန် ယဉ်ကျေးခြင်းယဉ်ကျေးလျှင် မည်သူက စ ဆန်ရ စ ယဉ်ကျေးရမည်နည်း။ မည်သူ့ ဘက်က စ ရန်လိုသနည်း။ မည်သူ့က အဓိကနည်း။ နှစ်ဘက်လုံး မဆန်လို့မယဉ်ကျေးလို့ဟု ဆိုလျှင်ပင်တောင် အတော် လွဲနေပြီဖြစ်၏။ ထို့ထက်ဆိုးသည့်အလွဲကား စ ဆန်ရမည့် စ ယဉ်ကျေးရမည့်အာဏာပိုင်သူအား မသိကျိုးကျင်ပြုကာ၊ ဆန်ခွင့်ယဉ်ကျေးခွင့်မရှိသူတို့အား၊ ဆန်ပါရစေ ယဉ်ကျေးပါရစေဟု တောင်းခံသူတို့အား “မဆန်ရကောင်းလား မယဉ် ကျေးရကောင်းလား” ဆိုကာ လူမျိုးနှင့်ချီပြီး သိမ်းကြုံးဆုံးမနေသူတို့ ကိုယ်တိုင်ပင် ဤဆန်မှု ဤယဉ်ကျေးမှုတို့ ရကြပါ ပြီလား။ စဉ်းစားစရာကောင်း၏။
ဤသို့ ဒီမိုကရေစီဆန်ခြင်း/မဆန်ခြင်း၊ ဒီမိုကရေစီယဉ်ကျေးမှုရှိခြင်း/မရှိခြင်း၊ ဤအလေ့အထများ ထွန်းကားခြင်း/ မထွန်းကားခြင်း၊ အားကောင်းခြင်း/မကောင်းခြင်းတို့သည် လူမျိုးနှင့်မဆိုင်။ လူနှင့်မဆိုင်။ အကျိုးစီးပွားနှင့်သာဆိုင်၏။
မျိုးမြင့်ချို
ဒီဇင်ဘာ ၃၁၊ ၂ဝ၁၂
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။
Powered By Blogger Widgets
No comments:
Post a Comment