Friday, January 4, 2013

ဂိတ်အစုံစုံ၊ တောင်းနည်းအဖုံးဖုံးကြားက မြဝတီကုန်သွယ်ရေးလမ်း


4059179548_b3c4f78bf7
နိုင်ငံတော်မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှုများ လျော့ နည်းပပျောက်စေရန် မူဝါဒချမှတ်အကောင်အထည်ဖေါ် ဆောင် ရွက်လျှက်ရှိနေချိန်တွင် ( ၃၀.၁၂.၁၂ ) ရက်နေ့က မြ၀တီ ကုန်သွယ်ရေးဇုန်၌ ကျင်းပသည့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားဝင် ကုန်သွယ်မှုပြုလုပ်ရေး အလုပ်ရုံဆွေးနွေးပွဲ တင်ပြချက်များအရ အောက်ခြေအဆင့်ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များသည် တရားဝင်ကုန်သွယ်မှုပြုနေသော ကုန် သည်များအတွက် နစ်နာမှုများဖြစ်ပေါ်နေရကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။


နိုင်ငံတော်၏ချမှတ်ထားသော ကုန်သွယ်မှုလုပ်နည်းစနစ်အရ မြ၀တီကုန်သွယ်ရေးဇုန်မှတဆင့် တရားဝင်ကုန်သွယ်မှုပြု သည့် ကုန်သည်အနေဖြင့် သတ်မှတ်ညွှန်ကြားချက်အရ ကျပ်ငွေဖြင့် အခွန်ငွေကြေပေးဆောင်ကာ တရားဝင်ယာဉ်စစ် ဆေးမှုခံယူပြီး မြ၀တီမှ ရန်ကုန်သို့ ထွက်ခွါလာသည့် စက်သုံးဆီတင် မော်တော်ယာဉ် (၂) စီးသည် ( ၂၂.၁၂.၁၂ ) ရက် နေ့တွင် ညောင်ခါးရှည်ရှိ Mobile Team ၏ စစ်ဆေးမှုခံယူပြီး ခရီးဆက်လက်ထွက်ခွါရာ ဝေါမြို့ ရထားလမ်းကူးနေရာ အရောက်တွင် တင်ပြပါ Mobile Team မှ ကားဖြင့်လိုက်လာပြီး ကျပ်လိုင်စင်ဖြင့်သွားမရကြောင်း ပြောဆိုတားဆီးခြင်း ခံရပါသည်။
ကုန်သည်များအနေဖြင့် သတ်မှတ်ညွှန်ကြားချက်အား ကျော်လွန်၍ ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေဖြင့် မိမိသဘော ဆန္ဒအလျောက် အခွန်ပေးဆောင်ချင်တိုင်း ပေးဆောင်၍မရပါ။ မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်သည့် နည်းလမ်းဖြင့် သာ အခွန်ပေးဆောင်ရပါသည်။ သို့ပါသော်လည်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတခုတည်းတွင်ပင် မြ၀တီကုန်သွယ်ရေးဇုန်မှ ကျပ်ငွေဖြင့် အခွန်ပေးဆောင်ခွင့်ပြုသော် လည်း Mobile Team တွင် ကျပ်ငွေဖြင့် အခွန်ဆောင်ခြင်းကြောင့် ခွင့်မပြုနိုင်ကြောင်းတားဆီးခြင်းသည် နားလည်ရခက် ခဲသည့် ဌာနတွင်း ၀ိဝါဒကွဲလွဲမှုဖြစ်နေသဖြင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းအမှန်ပေါ်သို့ တက်ရောက်ရန်ကြိုးစား နေသည့် ကုန်သည်များအတွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၏ အမျိုးမျိုးသော ကွဲပြားခြားနားသည့် ညွန်ကြားချက် များအပေါ် ယုံကြည်စိတ်ချစွာ တရားဝင်ကုန်သွယ်မှုပြုနိုင်ရေး အတွက် အဟန့်အတားတခုသဖွယ် ဖြစ်နေပါသည်။
ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှုပြုကြခြင်းအတူတူ အရပ်ဒေသကိုလိုက်ကာ မူဝါဒအမျိုးမျိုးကွဲ ပြားနေမှုအဖြစ် Sea Trade တွင် မပေးဆောင်ရသည့် ပြည်တွင်းအခွန် ၁.၅ ရာခိုင်နှုန်းအား မြ၀တီ ကုန်သွယ်ရေးဇုန်မှ သွင်းကုန်လုပ်ငန်းဆောင်ရွက်ရာတွင် ကြိုတင်ပေးဆောင်ကြရပါသည်။
မြ၀တီကုန်သွယ်ရေးဇုန်မှ သတ်မှတ်အခွန်ထမ်းဆောင်ပြီး တရာဝင်ယာဉ်အစစ်ဆေးခံကာ ခရီးဆက်လာသည့် ကုန်တင် ယာဉ်များအား ဒေါနတောင်ခြေ (မြ၀တီဘက်အခြမ်း) ရှိ တံတားကျိုးဂိတ်တွင် အကြောင်းမရှိအကြောင်းရှာ စစ်ဆေးခြင်း၊ အခကြေး (တောင်းသမျှ) ငွေပေးဆောင်ပြီးမှ ယာဉ်ဖြတ်သန်းခွင့်ပြုခြင်းများ ပြုလုပ်နေသောကြောင့် အခွန်ထမ်းကုန် သည်များအပေါ် အခွန်ပေါ်အတုပ်ဆင့်နေခြင်းနှင့် တိုင်းပြည်နယ်မြေအေးချမ်း သာယာနေပြီဖြစ်သောကြောင့် ၎င်းဂိတ် အား ရုပ်သိမ်းပေးပါရန် (၁၇.၁၁.၁၂) ရက်နေ့တွင် မြ၀တီကုန်သွယ်ရေးဇုန်၌ ကျင်းပသည့် Mobile Team စစ်ဆေးမည့် လုပ်ငန်းစဉ် ရှင်းလင်းသည့် အစည်းအဝေးကျင်းပစဉ် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များထံ ကုန်သည်အများမှ တင်ပြခဲ့ သော်လည်း ယခုအချိန်အထိ ရုပ်သိမ်းပေးခြင်းမရှိသေးသဖြင့် တရားဝင် ကုန်သည်များသည် အခွန်ပေါ် အခွန်ဆင့်ပြီး ရင်းဆင့်ကာ အပိုငွေကြေးပေးဆောင်နေကြရပါသည် ။
ကုန်သည်များ အနေဖြင့် တိုင်းပြည်နယ်မြေ အေးချမ်းသာယာနေပါလျှက်နှင့် အလားတူ ကော့ကရိတ်မြို့ဝင်ဂိတ်သည် ည (၆) နာရီမှ နံနက် (၆) နာရီအထိလည်းကောင်း၊ ဂျိုင်းတံတားဂိတ်သည် ည (၈) နာရီ မှ နံနက် (၆) နာရီအထိလည်း ကောင်း ဖားအံ သံလွင်တံတားဂိတ်သည် ည (၁၀) နာရီခွဲမှ နံနက် (၃) နာရီအထိ လည်းကောင်း ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန် လွယ်ကူချောမွေ့စေရေးအတွက် အဟန့်အတား တရပ်ဖြစ်နေပါသည်။
ကုန်တင်ယာဉ်များအတွက် တံတားကြေးအနေဖြင့် ဘားအံသံလွင်တံတားသည် သင့်လျော်သောနှုန်းထားဖြင့် ကောက်ခံ သော်လည်း မြ၀တီကုန်သွယ်ရေးဇုန်မှ ထွက်ခွါပြီးနောက် သင်္ကန်းညီနောင်ရှိ ထိုင်းနိုင်ငံမှ ဆောက်လုပ်ပေးထားသည့် သင်္ကန်းညီနောင်တံတားကြေး၊ လမ်းမပြုပြင်ဘဲ မတရားကောက်ခံနေသည့်လမ်းကြေး၊ ကိုယ်ပိုင်ခြံဝင်းအတွင်း အိပ်စက် ရပ်နားသော်လည်း ဓါးပြတိုက်သကဲ့သို့တောင်းခံသည့် ညအိပ်ခွန်၊ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေးတာဝန် ထမ်းဆောင်ခြင်းမရှိသော်လည်း မထသ ကြေးကောက်ခံခြင်း၊ ကော့ကရိတ်ဂိတ် စစ်ဆေးရေး တာဝန်ရှိသူများမှအပ ဓါးပြတိုက်သကဲ့သို့ စိတ်ထင်သလို ငွေကြေးကောက်ခံနေသည့် ကတ္တား၊ နယ်မြေအေးချမ်းနေသော်လည်း ကုန်တင် ယာဉ်တိုင်းသူခိုးထင် နှစ်ထပ်မောင်းတံခါးဆင်ကာ ငွေကြေးရယူလိုသည့် ဂျိုင်းတံတား တပ်မတော်သားများရဲ့ ဖွင့်ချင်သ လို မဖွင့်ချင်သလို မောင်းတက်ဂိတ်များသည် နိုင်ငံတော်မှကြိုဆိုသည့် တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ် ရောက် ရှိလာရေး ရည်မှန်းချက်အား ကြီးစွာသော အနှောက်အယှက်ဖြစ်နေရပါသည်။
တရားဝင်ကုန်သွယ်မှုဖြစ်စေရန် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကြပ်မတ်စစ်ဆေးလျှက် သတ်မှတ် ကုန်တင်ဆောင် လာသည့် မော်တော်ယာဉ်များအား Mobile Team မှ ထပ်ဆင့်စစ်ဆေးဆောင်ရွက်ပြီးပါလျှက်နှင့် အင်းတကော်အဖွဲ့စုံ ဂိတ်မှ မော်တော်ယာဉ်များမှ အခကြေးငွေတောင်းခံနေသည်မှာလည်း တရားဝင်ကုန်သွယ်သူများအနေဖြင့် အခွန်၊ အတုပ်နှင့် အကောက်ကြေးမျိုးစုံ ပေးဆောင်နေရသည်မှာ တရားမျှတမှုမရှိပါ။
မိမိကြိုးပမ်းရှာဖွေထားသည့် အကျိုးစီးပွားထဲမှ မည်သူမျှ အလကားမပေးချင်ပါ။ သို့သော် အခွင့်အာဏာ အမျိုးမျိုးသုံး တောင်းသည့်ငွေအား မပေးလျှင် ခရီးကြန့်ကြာအောင် ပညာပြခြင်းများသည် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်နှင့် ကိုက်ညီမှုမရှိလင့်ကစား ကုန်သည်များမှ အမှန်တကယ်ပေးဆောင်နေရပါသည်။
ယင်းကဲ့သို့သော မသမာမှု ဖြစ်စဉ်များအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနိုင်ပါရန် ကုန်သည်များကိုယ်စား အကူအညီ တောင်းခံ တင်ပြအပ်ပါသည်။
အောင်နေကြည်အောင်
photo from .. http://www.flickriver.com/photos/tags/rivermoei/interesting/

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။