KIA စစ်သားတစ်ဦး၏ နာရေးအခမ်းအနား မတိုင်မီ တွေ့ရသော KIA စစ်သားနှစ်ဦးအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
(၇)
ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းကျော်ချိန်မှာတော့ တရုတ်နိုင်ငံထဲကို
ရောက်ခဲ့ပါပြီ။ အချိန်တစ်နာရီကျော်လောက် သွားပြီးချိန်မှာ ကူယုံးမြို့ကို
ရောက်ပါတယ်။ ဒီမြို့လွန်ရင်တော့ မှောင်ခိုလမ်းကို အသုံးပြုပြီး လိုင်ဇာကို
ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ကူယုံးမှာ ခဏနားမယ်လို့ တရုတ်ယာဉ်မောင်းက
ပြောပါတယ်။ မှောင်ခိုလမ်းမှာ ရဲတွေရောက်နေလို့ ရဲရှင်းမှ
ဆက်သွားနိုင်မယ်လို့ သူကဆက်ပြောပါတယ်။
ကူယုံးလွန်ပြီး သိပ်မကြာခင်မှာ မှောင်ခိုလမ်းကို ဖြတ်ရပါတယ်။
ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဆိုတာ
ထိန်ချုံး-ရွှေလီ အစရှိတဲ့ တယ်ဟုန်တိုင်းအတွင်းထဲပဲ ဖြတ်သန်းခွင့်ရှိပါတယ်။
ကန်ပိုက်တီးကနေ ရင်ကျန်း၊ ရွှေလီ သွားသူတိုင်း မှောင်ခိုလမ်းကို ဖြတ်ရပါတယ်။
အဝေးပြေးလမ်းမပေါ်မှာ ရှိနေတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို
ကျော်ဖြတ်ဖို့အတွက် မှောင်ခိုလမ်းကို အသုံးပြုခဲ့ရတာပါ။
လူဝင်မှုကြီးကြပ်ရေးရုံးက ပေါက်ဆန်းခရိုင် ဖြတ်သန်းခွင့်ကို စိစစ်တာ
ဖြစ်ပါတယ်။ ပေါက်ဆန်းခရိုင်ကို တရုတ်နိုင်ငံသားတွေပဲ ဖြတ်သန်းခွင့်
ရှိပါတယ်။ ပေါက်ဆန်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို ကျော်နိုင်ဖို့
မှောင်ခိုလမ်းကို သုံးရတာပါ။ မှောင်ခိုလမ်းက နှစ်ခုရှိပါတယ်။ တစ်ခုက သစ်၊
ကျောက်စိမ်း အစရှိတာတွေကို ခိုးထုတ်တဲ့ တောလမ်းဖြစ်ပြီး နောက်တစ်လမ်းက
တရုတ်-ရှမ်းတွေ နေထိုင်တဲ့ ကျေးရွာအတွင်း လမ်းလျှောက်ဖြတ်သန်းရတာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ယာဉ်မောင်းက တောလမ်းကို ရွေးချယ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ည ၇ နာရီကျော်ချိန်မှာ ရင်ကျန်းကို ရောက်ပါတယ်။
လိုင်ဇာကို ဆက်သွားဖို့အတွက် ပုံမှန်ပြေးဆွဲနေတဲ့ လိုင်းကားတွေ မရှိတော့တဲ့
အချိန်မို့ ကားငှားပြီး သွားရပါတယ်။ ည ၁၀ နာရီ ၀န်းကျင်အချိန်မှာ လိုင်ဇာ
(တရုတ်ဘက်ခြမ်း) ကို ရောက်ပါတယ်။ လိုင်ဇာ (တရုတ်ဘက်ခြမ်း) က
တရုတ်လူဝင်မှုကြီးကြပ်ရေးမှူးရုံး ပိတ်သွားပြီမို့ တရုတ်ဘက်ခြမ်းမှာပဲ
တစ်ညအိပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
(၈) ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းမှာတော့ လိုင်ဇာကို
ခြေချနိုင်ခဲ့ပါပြီ။ KIO က ဖွင့်ထားတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန
ရောက်ချိန်မှာ "ခင်ဗျားတို့က ဘယ်သူတွေလဲ" ဆိုတဲ့ မေးခွန်းကို တာဝန်ကျ KIA
စစ်သားတစ်ဦးက မေးပါတယ်။ "ဂျာနယ်လစ်တွေ၊ ရန်ကုန်က လာခဲ့တာပါ။ ဗိုလ်မှူးကြီး
ဂျီးနောင်ဆီကို ဖုန်းဆက်ထားပါတယ်" လို့ ပြောပြီးချိန်မှာ ခဏစောင့်ဖို့
ပြောပါတယ်။ ခဏအကြာမှာ KIA စစ်ဗိုလ်တစ်ဦး ရောက်လာခဲ့ပါတယ်။
ကျွန်တော်တို့ကို ဘယ်သူတွေလဲလို့ ထပ်မေးပါတယ်။ မူလက ပြောခဲ့တဲ့အတိုင်း
ဂျာနယ်လစ်တွေပါ၊ ဗိုလ်မှူးကြီး ဂျီးနောင်ကို အကြောင်းကြားထားပါတယ်လို့
ထပ်ပြောလိုက်ပါတယ်။ "ဗိုလ်မှူးကြီး ဂျီးနောင်တို့ အစည်းအဝေးလုပ်နေတယ်" လို့
သူက ပြန်ပြောပါတယ်။ နောက်ပြီး မြစ်ကြီးနားဟိုတယ်-၂ ကို လိုက်ပို့ပါတယ်။
လိုင်ဇာကို ရောက်ရှိချိန်မှာတော့ လက်နက်ကြီးကျသံတွေကို ဆက်တိုက်နီးပါး
ကြားလာရပါတယ်။
မြစ်ကြီးနားဟိုတယ်ကို ကျွန်တော်တို့ ရောက်သွားချိန်အထိ KIO ဘက်က
ဘာမှတုံ့ပြန်တာ မရှိသေးပါဘူး။ ဟိုတယ်မှာပဲ စောင့်ခိုင်းထားပါတယ်။
လိုင်ဇာမြို့တွင်း အခြေအနေ သိရဖို့ အပြင်ထွက်ခဲ့ပါတယ်။ လိုင်ဇာချောင်းနံဘေး
ရေထွက်ပေါက်တွေမှာ ၀င်ရောက်ခိုလှုံနေတဲ့ လိုင်ဇာမြို့ခံတွေ၊ ကလေးတွေကို
မြင်တွေ့ရပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က လိုင်ဇာမြို့ပေါ် ပျံဝဲပြီး
လဂျားယန်ကို ပစ်ခတ်သွားတဲ့ တပ်မတော်တိုက်လေယာဉ်တွေကို ထိတ်လန့်နေပုံ
ရပါတယ်။ လိုင်ဇာကို လေကြောင်းတိုက်ခိုက်မှု လုပ်လိမ့်မယ်ဆိုတဲ့ ကောလာဟလက
ပျံ့နှံ့နေပါတယ်။
လိုင်ဇာမနောကွင်းနား ရောက်ချိန်မှာ KIO ပြန်ကြားရေးဌာနက ထုတ်ပြန်ထားတဲ့
ကြေညာချက်တွေကို ပြထားတဲ့ ကြော်ငြာဘုတ်တွေကို တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ်
ဇွန်လမှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ခဲ့ရတယ်။ သူတို့ဘာကြောင့်
စစ်တိုက်နေရတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ဘယ်လိုတွေ
လုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘာတွေကို ဆွေးနွေးခဲ့တယ်
အစရှိတာတွေအပြင် ဘိန်းဖြူရောင်းချတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေရဲ့
သတင်း၊ ဓာတ်ပုံတွေကိုလည်း ပြသထားခဲ့ပါတယ်။
လိုင်ဇာဟိုတယ်အနီးကို ပြန်ရောက်ချိန်မှာ KIA ပြန်ကြားရေး အရာရှိတစ်ဦးက
ကျွန်တော်တို့ကိုခေါ်ပြီး တွေ့ပါတယ်။ "ဘာကြောင့် လိုင်ဇာကို ရောက်လာခဲ့သလဲ"
ဆိုတာကို မေးပါတယ်။ "လိုင်ဇာမှာ သတင်းယူဖို့ ဗိုလ်မှူးကြီး ဂျီးနောင်နဲ့
ဆက်သွယ်ထားပါတယ်" လို့ ပြောတော့ သူက "ဗိုလ်မှူးကြီး ဂျီးနောင်နဲ့
တွေ့ပြီးရင် ပြန်မှာလား" လို့ မေးပါတယ်။ "တိုက်ပွဲအခြေအနေတွေကို
သတင်းယူချင်ပါသေးတယ်" လို့ ပြန်ပြောလိုက်ပါတယ်။ ဓာတ်ပုံတစ်ပုံ၊
မှတ်ပုံတင်မိတ္တူနဲ့ သတင်းထောက်ကတ် မိတ္တူလိုချင်ပါတယ်လို့ ပြောပါတယ်။
လိုင်ဇာမြို့ထဲကို ရောက်လာတဲ့ ကျွန်တော်တို့အတွက် သူတို့မှာ တာဝန်ရှိတယ်။
Press Card ထုတ်ပေးမယ်။ လိုအပ်တာတွေ စီစဉ်ပေးမယ်။ သူတို့ ထုတ်ပေးတဲ့ Press
Card မရှိဘူးဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာတွေကို သူတို့ တာဝန်မယူနိုင်ဘူးလို့
ပြောပါတယ်။ Press Card လုပ်ဖို့အတွက် ရှင်းပြတာတွေကို ကျွန်တော်တို့
လက်ခံလိုက်ပါတယ်။ ဟိုတယ်မှာပြန်ပြီး စောင့်နေပါ။ သူပြန်ပြီး ဆက်သွယ်မယ်လို့
ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်ကို ပြန်ခဲ့ကြပါတယ်။ အချိန်တော်တော်
ကြာတဲ့အထိ ကျွန်တော်တို့ကို ပြန်ပြီး ဆက်သွယ်မလာပါဘူး။ ပြဿနာတစ်ခုခု
ဖြစ်နေပြီလားဆိုတဲ့ အတွေးက ၀င်လာပါတယ်။
(၉) ပုံမှန်အားဖြင့်တော့ လိုင်ဇာကိုလာတဲ့ ဂျာနယ်လစ်တိုင်းက ရွှေလီဘက်က
လာကြတာပါ။ မြစ်ကြီးနား-ကန်ပိုက်တီး လမ်းဘက်က လာလေ့မရှိပါဘူး။
မြစ်ကြီးနား-ကန်ပိုက်တီး လမ်းဘက်က ၀င်လာတဲ့ ကျွန်တော်တို့တွေကို သူတို့ဘက်က
ယုံကြည်ပုံ မရှိပါဘူး။ နောက်တစ်ချက်က စစ်ရှိန်မြင့်တဲ့အချိန်မှာ
ရောက်လာခြင်းပါ။ ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာ သိဖို့အတွက် သူတို့ဘက်က
စိစစ်မှုကို အချိန်အတော်ကြာ လုပ်လိုက်ရပါတယ်။
မွန်းလွဲ တစ်နာရီကျော်ချိန်မှာတော့ KIA ပြန်ကြားရေးဗိုလ်ကြီး
ပြန်ရောက်လာခဲ့ပါတယ်။ သူ့လက်ထဲမှာ Press Card တွေ ကိုင်လာပါတယ်။
စိတ်သက်သာရာ ရသွားပါတယ်။ ကျွန်တော်တို့အကြောင်း မြစ်ကြီးနားကိုရော၊
ရန်ကုန်ဘက်ကိုပါ လှမ်းစုံစမ်းပြီးပြီလို့ သူက ထုတ်ပြောခဲ့ပါတယ်။
စောင့်နေရတဲ့အတွက် တောင်းပန်ကြောင်း ပြောပါတယ်။ အခြေအနေတွေက
ပြောင်းလဲသွားပါတယ်။ "မြစ်ကြီးနားမှာ ကင်မရာတောင် ကိုင်ခွင့်မရှိတဲ့အတွက်
ခင်ဗျားတို့ ဒီရောက်လာတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးပါပြီ" လို့
သူကပြောပါတယ်။
"ခင်ဗျားတို့ ဘာလုပ်ချင်တယ်ဆိုတာကို သိချင်ပါတယ်၊ ဒါမှ
စီစဉ်ပေးလို့ရမယ်" ဆိုပြီး သူကဆက်ပြောပါတယ်။ ကျွန်တော်တို့ဘက်က
အချက်သုံးချက် တောင်းဆိုပါတယ်။ ရှေ့တန်းစခန်း သွားချင်တယ်။ ဒုက္ခသည်စခန်းကို
သွားချင်တယ်။ ဗိုလ်ချုပ်ဂွမ်မော် (ဒါမှမဟုတ်) စစ်ပိုင်းဆိုင်ရာ
အဆုံးအဖြတ်ပေးနိုင်မယ့်သူကို တွေ့ချင်တယ်။ အစရှိတဲ့ သုံးခုကို
ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်။ "လိုင်ဇာမှာ ဓာတ်ပုံရိုက်လို့ မရတဲ့ နေရာဆိုတာ မရှိဘူး။ မေးလို့ မရတဲ့ မေးခွန်းဆိုတာ မရှိပါဘူး"
KIO နှင့် Jade Land ကုမ္ပဏီတို့ ပူးပေါင်းဖောက်လုပ်ထားသည့် မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း စီမံကိန်းမှတ်တိုင်ကို တွေ့ရစဉ်။
KIA ပြန်ကြားရေး အရာရှိက ပြောခဲ့တာပါ။ ဒီအချိန်မှာ မေးခွန်းတစ်ခုကို
မေးလိုက်ပါတယ်။ အများပြည်သူအသုံးပြုနေတဲ့ ရထားလမ်း၊ ကားလမ်းတွေကို KIO က
ဘာကြောင့် ဖျက်ဆီးသလဲဆိုတဲ့ မေးခွန်းပါ။ "ကျွန်တော်တို့ ဖောက်ခဲ့တဲ့
လမ်းတွေ၊ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ တံတားတွေ၊ ကျွန်တော်တို့ အချိန်မရွေး
ပြန်ဆောက်ပေးလို့ ရပါတယ်။ စစ်ရေးအရ ဒါတွေကို မလုပ်ရင် ကျွန်တော်တို့
ဌာနချုပ်ကို အလုံးအရင်းနဲ့ ၀င်တိုက်လိမ့်မယ်"
ဒီလိုအရာတွေကို သူတို့ မလွှဲမရှောင်သာ လုပ်ခဲ့ရတယ်၊ လုပ်တဲ့အခါမှာ
အလုံးစုံ ပျက်စီးအောင် မလုပ်ခဲ့ဘူး။ အစိုးရတပ်ယာဉ်တန်း၊ ရိက္ခာပို့ဆောင်မှု
ရက်အနည်းငယ် အဟန့်အတားဖြစ်အောင် တံတားတစ်ခြမ်းတည်းကို
ပျက်စီးအောင်လုပ်တယ်လို့ သူကပြောပါတယ်။ စစ်ဗျူဟာအရ သူတို့လုပ်ရတယ်လို့
ပြောလာတာကြောင့် စောဒကတက်စရာ မရှိတော့ပါဘူး။ ဆဒုံးလူသတ်မှုကိစ္စ အတွက်လည်း
သူတို့မှာ အဖြေရှိနေခဲ့ပါတယ်။
"ကျွန်တော်တို့ နယ်မြေထဲကို ရောက်လာတဲ့အတွက် ကျွန်တော်တို့ ကောင်းကြောင်းရေးရမယ်လို့ မပြောချင်ဘူး။
ခင်ဗျားတို့ကိုယ်တိုင် လေ့လာပါ။ ခင်ဗျားတို့ကိုယ်တိုင် ကြည့်ပါ။
မီဒီယာဆိုတာ အမှန်တရားကိုပဲ ရေးရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။
သမ္မတကြီးလည်း စတုထ္ထမဏ္ဍိုင်ဆိုပြီး ပြောထားတာပဲ" လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ
ကျွန်တော်တို့ကို လဂျားယန် စစ်မြေပြင် ခေါ်သွားတဲ့ KIA ပြန်ကြားရေး
စစ်ဗိုလ်တစ်ဦးက ပြောခဲ့တာပါ။
လဂျားယန်ကို သိမ်းပြီးဖြစ်လို့ လဂျားယန် စစ်ဆင်ရေးကိုသာ
ရပ်ခြင်းလား။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ဖားကန့်ဘက်မှာ
တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ကချင်ပြည်နယ် တစ်ခုလုံးအတွက် ထိုးစစ်ရပ်ခြင်း
မဟုတ်ဘူးလား။ ဒေသခံတွေက သိချင်နေပါတယ်။ တိုက်ပွဲတွေ
ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ပျံ့လွင့်နေတဲ့ ယမ်းငွေ့တွေဟာ
လွင့်ပြယ်ဦးမှာ မဟုတ်သေးပါဘူး . . .
|
ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ လဂျားယန် စစ်မြေပြင်ကို ရောက်ခဲ့ပါတယ်။
တပ်မတော် ဂျက်တိုက်လေယာဉ်တွေရဲ့ ပစ်ခတ်မှုကိုလည်း မြင်ခဲ့ကြရပါတယ်။
အဲဒီနေ့မှာပဲ KIA ရဲ့ ရှေ့တန်းတပ်စခန်း ပွိုင့် ၇၇၁ ကို တပ်မတော်တပ်တွေက
သိမ်းယူခဲ့ပါတယ်။ ပွိုင့် ၇၇၁ လက်လွှတ်လိုက်ခြင်းက လိုင်ဇာလုံခြုံရေးအတွက်
စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီစိုးရိမ်မှုက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ
ကျွန်တော်တို့ကို လိုင်ဇာကနေ ထွက်ခွာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
"ကိုယ့်အသက်ကိုယ် အာမခံပြီး နေမယ်ဆိုရင်တောင် ကျွန်တော်တို့ နယ်မြေထဲမှာ
ဖြစ်နေတဲ့အတွက် ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်။ အခုချိန်က စိုးရိမ်ရတဲ့
အခြေအနေ ဖြစ်သွားပါပြီ။ ခင်ဗျားတို့အတွက် ဆက်ပြီး မကူညီနိုင်တာကို
ကျွန်တော်တို့ တောင်းပန်ပါတယ်။ မီဒီယာကို အားကိုးပါတယ်။ ကျွန်တော်တို့
ငြိမ်းချမ်းရေးရဖို့ မီဒီယာတစ်ခုတည်းကပဲ လုပ်ဆောင်နိုင်တော့မယ်ဆိုတာ
သိနေပါတယ်။ နောင်တစ်ချိန်မှာ ပြန်ဆုံချင်ပါသေးတယ်" လို့ KIO
ပြန်ကြားရေးအရာရှိက ထပ်ခါတလဲလဲ တောင်းပန်ရင်း ပြောကြားခဲ့ပါတယ်။
အစိုးရဘက်က တိုက်ပွဲသတင်းတွေကို ဘာမှမပြောတဲ့အချိန်မှာ လိုင်ဇာဘက်ကို
သတင်းထောက်တွေ ရောက်ခဲ့ပါတယ်။ သတင်းရေးခဲ့ကြပါတယ်။ ကိုယ်တိုင်လည်း
အခြေအနေတွေကို ထိတွေ့ခဲ့ရတယ်။ ရေးတဲ့သတင်းတွေက ဘက်လိုက်ခဲ့ကြတာ မဟုတ်ပါဘူး။
"မမှား သို့သော် မမှန်" ဆိုတဲ့ အခြေအနေတစ်ရပ်မှာ ဘက်နှစ်ဖက်စလုံးက
အမှန်တကယ် ပွင့်လင်းမြင်သာမှုရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရေးသားမှုတွေက
ပိုပြီး သက်ရောက်မှု ရှိမှာပါ။ တစ်ဖက်က ပွင့်လင်းမြင်သာမှုရှိပြီး တစ်ဖက်က
ပွင့်လင်းမြင်သာမှု မရှိရင်တော့ ဒါဟာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့
အခြေအနေပါပဲ။ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ တပ်မတော်တပ်တွေက လဂျားယန်ကို သိမ်းနိုင်ခဲ့ပါတယ်။ ညပိုင်းမှာတော့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကချင်စစ်ပွဲ စစ်ရှိန်မြင့်တဲ့နေရာမှာ လဂျားယန်၊ ပန်ဝါ၊ ဖားကန့်
စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ လဂျားယန်နဲ့ ပန်ဝါဘက်မှာဖြစ်တဲ့
တိုက်ပွဲတွေက ပိုပြီး အရှိန်မြင့်ခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ
ပါဝင်ခဲ့တယ်။
လဂျားယန်ကို သိမ်းပြီးချိန်မှာ လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု
စစ်ဆင်ရေးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှာ ရပ်ဆိုင်းမယ်လို့
ပြောခဲ့ပါတယ်။ လဂျားယန်ကို သိမ်းပြီးဖြစ်လို့ လဂျားယန်စစ်ဆင်ရေးကိုသာ
ရပ်ခြင်းလား။ ပန်ဝါဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ဖားကန့်ဘက်မှာ
တိုက်ပွဲတွေ ဆက်ဖြစ်နေမလား။ ကချင်ပြည်နယ်တစ်ခုလုံးအတွက် ထိုးစစ်ရပ်ခြင်း
မဟုတ်ဘူးလား။ ဒေသခံတွေက သိချင်နေပါတယ်။ တိုက်ပွဲတွေ
ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ ကချင်ပြည်နယ်မှာ ပျံ့လွင့်နေတဲ့ ယမ်းငွေ့တွေဟာ
လွင့်ပြယ်ဦးမှာ မဟုတ်သေးပါဘူး။
|
No comments:
Post a Comment