ကချင်ဒုက္ခသည် များကို ထောက်ပံ့ရန် UN တောင်းဆိုမှု ခွင့်ပြုချက် မရ
ကချင်ဒုက္ခသည်စခန်း
The Voice Weekly , 8 December 2012 —- ရန်ကုန်၊ ဒီဇင်ဘာ ၈မြန်မာ အစိုးရ ထိန်းချုပ် နယ်မြေ ပြင်ပရှိ ကချင် ဒုက္ခသည် လေးသောင်း နီးပါးကို အရေးပေါ် ထောက်ပံ့မှု ပေးရေး အတွက် UN တောင်းဆိုမှု အား ငါးလကျော် ကြာမြင့် သည့်တိုင် အစိုးရက ခွင့်ပြုချက် မပေးသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အ
ကူအညီ ပေးရေးရုံး (UNOCHA) လက်ထောက် အတွင်း ရေးမှူး Ms. Baroness
Valerie Amos က ပြောကြားသည်။ “ဇူလှိုင်လ ကတည်းက တောင်းဆို ထားတာ ခုချိန်ထိ
မရသေးဘူး” ဟု ၄င်းက ဆိုသည်။
အဆိုပါ နယ်မြေတွင် ပြည်တွင်းက မိတ်ဖက် အဖွဲ့အစည်း များက အစား အသောက်
နှင့် အခြား ထောက်ပံ့မှုများ ပေးအပ် ထားသော်လည်း ရန်ပုံငွေ လိုအပ်ချက် များ
နှင့် ဆောင်းရာသီ အကူးအပြောင်း တွင် အခြား လိုအပ်ချက်များ ရှိနေ သေးကြောင်း
၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ အစိုးရ အနေဖြင့် လုံခြုံရေး အရ အားနည်းသော ဒေသများရှိ ဒုက္ခသည် များထံ သွားရောက် ကူညီမှု များကို ခွင့်မပြု ခဲ့ပေ။ အစိုးရ အနေနှင့် ကုလသမဂ္ဂ ဝန်ထမ်း များ၏ လုံခြုံရေးကို တာဝန်ရှိပြီး ကချင် ဘက်တွင် ရှိသည် စခန်းများ ဖြစ်သည့် အတွက် ထိုသို့ ခွင့်မပြုခြင်း ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice Weekly သို့ ပြောကြားသည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး KIA နဲ့ Peace Center ဆွေးနွေးဖို့ ရှိတယ်” ဟု ၄င်းက ဆိုသည်။
ကုလသမဂ္ဂ အဖွဲ့အနေနှင့် လုံခြုံမှု မရှိသော ဒေသများတွင် လုပ်ကိုင် ခဲ့သည့် အတွေ့အကြုံ ရှိသည့် အပြင် ယခုထက် ပိုမို ဆိုးရွားသည့် နေရာ များတွင် စီမံကိန်းများ ရေးဆွဲကာ လုပ်ကိုင်လျက် ရှိပြီး အရေးပေါ် အကူအညီ လိုအပ်နေသော ယင်းဒေသများတွင် ထောက်ပံ့ရေး အကူအညီများ ပြုလုပ်ရန် အစိုးရက ခွင့်ပြုချက် ပေးမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြောင်း (UNOCHA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူး Ms. Baroness Valerie Amos သည် မြန်မာနိုင်ငံ သို့ ပထမဆုံး အကြိမ် အဖြစ် ဒီဇင်ဘာ လဆန်းတွင် ရောက်ရှိ ခဲ့ပြီး ရခိုင် နှင့် ကချင်ပြည်နယ် တို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှု လေ့လာ ခဲ့ကြောင်း UN က သတင်း ထုတ်ပြန် ခဲ့သည်။
ကချင် ပြည်နယ်တွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် နေရပ် စွန့်ခွာ ဒုက္ခသည်ပေါင်း တစ်သိန်း နီးပါး ရှိကြောင်း လူမှု ကူညီရေး အဖွဲ့အစည်း များ၏ စာရင်းများ အရ သိရသည်။
တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲ ဖြစ်ပွား နေသည်မှာ တစ်နှစ်ခွဲ ရှိပြီ ဖြစ်ပြီး ယင်းကာလ အတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း နစ်ထောင်ကျော် ဖြစ်ပွား ခဲ့ကြောင်း ကေအိုင်အေ၏ ထုတ်ပြန်ချက် အရ သိရသည်။

No comments:
Post a Comment