လက်ပံတောင်းတောင်မှ နှစ် ၄ဝ စီမံကိန်းတွင် ကြေးနီတန်ချိန် သိန်းပေါင်း ၇၅ သိန်း ထွက်ရှိမည်ဟု ဝမ်ပေါင် ခန့်မှန်း၊ အနောက်နိုင်ငံသား ပညာရှင်များ မပါသော်လည်း သမ္မတကြီး၏ ဆုံးဖြတ်ချက် ကို လေးစားကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီပြောကြား
ဒီဇင်ဘာလ ၀၆၊ ၂၀၁၂
Mr. Dong Yenfei
နိုဝင်ဘာ
၂၉ ရက်တွင် မုံရွာ ခရိုင်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ဆက်လုပ်သင့် မသင့် အပါအဝင် ဆန္ဒ ထုတ်ဖော်မှုများအား အင်အားသုံး နှိမ်နင်း
မှုဖြစ်ပွား ခဲ့သည့် ကိစ္စရပ်များအား စုံစမ်းစစ်ဆေးရန် အတွက် ဒီဇင်ဘာ ၁ ရက်
တွင် နိုင်ငံတော် သမ္မတရုံးမှ ကော်မရှင် ဖွဲ့စည်းပေးမှုနှင့် စပ်လျဉ်း၍
မြန်မာ ဝမ်ပေါင် (Myanmar Wanbao Mining Copper Limited) ကုမ္ပဏီမှ
စီမံခန့်ခွဲမှု မန်နေဂျာ Mr.Dong Yunfei က “ဖြစ်စေချင်တဲ့ အနောက်
နိုင်ငံသား ပညာရှင်တွေ မပါလို့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပုံစံ
မဟုတ်ပေမယ့် သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကို ကုမ္ပဏီ အနေနဲ့ လေးစားပါတယ်” ဟု
မြန်မာအင်ဒီပဲန်ဒင့်သို့ ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။
အဆိုပါ
ကော်မရှင် ဖွဲ့စည်းရခြင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊
ဆားလင်းကြီး မြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်
ဖြစ်ပေါ်လျက် ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်း လုပ်ငန်း
ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၃ နာရီတွင်
ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြမှု ဖြစ်စဉ် များ ထိန်းသိမ်းခြင်း လုပ်ငန်းတို့မှ
အခြေအနေ အမှန် ဖော်ထုတ်ရန်အတွက် ဖြစ်ပြီး ယင်း “စုံစမ်းစစ်ဆေးရေး
ကော်မရှင်” ၏ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင် ဆန်း စုကြည် အပါအဝင် အဖွဲ့ဝင် ၃ဝ
ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ် ကြောင်း၊ ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး အမိန့် ကြော်ငြာစာ အမှတ်
၉၂/၂ဝ၁၂၊ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော်လည်း
ဒီဇင်ဘာ၊ ၃ ရက်တွင် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်အား ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြင်ဆင် သတ်မှတ်ခဲ့ပြီး အပိုဒ် ၂ ပါ စာသား အချို့အား
ပယ်ဖျက်၊ ဖြည့်သွင်းမှုများနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေဖြင့်
လိုအပ်ချက် ရှိပါက လုပ်ငန်း ကျွမ်းကျင်သူများ၊ အသိပညာရှင် အတတ်ပညာရှင်များ
ကို နိုင်ငံတော် သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် တာဝန်ပေး အပ်နိုင်ကြောင်း၊
ပြင်ဆင် ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာ အမှတ် ၉၅/၂ဝ၁၂ ဖြင့် ထုတ်ပြန်
ကြေညာကာ နိုင်ငံတော် သမ္မတရုံး၏ ၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် ရက်စွဲပါ
အမိန့်ကြော်ငြာစာ အား လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင်
ထုတ်ပြန် ကြေညာသည်။
အဆိုပါ
နိုင်ငံတော် သမ္မတမှ ပြင်ဆင် ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က
အဆိုပါကြေးနီစီမံကိန်း သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ
နိုင်ငံတကာ ပြဋ္ဌာန်းချက်များအား လိုက်နာမှု ရှိ မရှိ ဆောင်ရွက် သင့်သည့်
နည်းပညာ ပစ္စည်းများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်မှုရှိ မရှိ၊ ကြေးနီ
စီမံကိန်း ကြောင့် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်သည့်
ကောင်းကျိုး ဆိုးကျိုးများ၊ ကြေးနီ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့်
နိုင်ငံတော် ၊ ပြည်သူ လူထုနှင့် အနာဂတ် မျိုးဆက်များအတွက် အကျိုးရှိ/
မရှိ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဥပဒေ စိုးမိုးရေး ဆိုင်ရာ
အကြံ ပြုချက်များ၊ ယင်းစီမံကိန်းနှင့် ဆက်နွယ်၍ စိစစ်ရန် လိုအပ်သည်ဟု
ကော်မရှင်က ယူဆသော အကြောင်း အရာများ၊ ကော်မရှင်၏ အထွေထွေ သုံးသပ်
တင်ပြချက်နှင့် အကြံပြုချက်များ အစရှိသည့် ကိစ္စရပ်များ အပေါ် ဖြစ်စဉ် အမှန်
ပေါ်ပေါက်လာစေရေး စုံစမ်း စစ်ဆေးရန်နှင့် ဥပဒေ စိုးမိုးရေးနှင့် အမျိုးသား
အကျိုးစီးပွား တိုးတက်စေရေး တို့အတွက် သုံးသပ်ချက် နှင့်တကွ အကြံပြု
တင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ထုတ် ပြန်ကြေ ညာချက်ထဲတွင်
ဖော်ပြထား သည်။
သို့ဖြစ်ရာ
အဆိုပါ ပြင်ဆင်ဖွဲ့ စည်းသည့် အမိန့်ကြော်ငြာစာအရ စုံစမ်းစစ်ဆေးရေး
ကော်မရှင်အနေ ဖြင့် ကြေးနီ စီမံကိန်း သည် နိုင်ငံတော် အတွက် အကျိုးရှိ
မရှိ၊ ကြေးနီစီမံ ကိန်းရပ်ဆိုင်းရန် ဆန္ဒ ထုတ်ဖော်ရသည့် အကြောင်းရင်းများ၊
ဆန္ဒ ထုတ်ဖော်မှုအပေါ် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ဆန္ဒထုတ်ဖော်သည့်
သံဃာတော်များ ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊ ကြေးနီ စီမံကိန်းအား
ဆက်လက်ဆောင်ရွက် ရန် သင့် မသင့်နှင့် နိုင်ငံခြားရင်းနှီး မြှပ်နှံမှုအား
ရပ်ဆိုင်းရန် သင့်မသင့် စသည့် ကိစ္စရပ်များအား ဖြစ်စဉ် ဖြစ်ရပ်အမှန်
ပေါ်ပေါက် စေရန် စစ်ဆေးမှုပြုရန် ဆိုသည့် ကိစ္စရပ်များ မပါရှိကြောင်း
တွေ့ရသည်။
ယင်းအပြင်
ပြင်ဆင်ဖွဲ့စည်း သည့် အမိန့်ကြော်ငြာစာအမှတ် ၉၅/၂ဝ၁၂တွင်
စုံစမ်းစစ်ဆေးရေး ကော်မရှင် သည် “ဆန္ဒပြဖြစ်စဉ်များ
ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက်” ဆိုသည့်
စကားရပ် မပါရှိတော့ သည် ကို တွေ့ရသည်။
၇၈၆၇.၇၈
ဧက(၃၂.၁၆ စတုရန်းကီလိုမီတာ)ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ
သတ္တုသိုက် သည် စစ်ကိုင်း တိုင်း တောင်ဘက်တွင် ရှိသည့် စပယ်တောင်၊
စပယ်တောင် (တောင်)၊ ကြေးစင်တောင် နှင့် လက်ပံတောင်းတောင် စသော သတ္တုသိုက် ၎
ခုရှိသည့် မုံရွာ ကြေးနီစီမံကိန်းတွင် အထက်ပါ လက်ပံတောင်း တောင်
သတ္တုသိုက်သည် ပမာဏ အများဆုံး ဖြစ်ပြီး ယင်းသတ္တုသိုက် ၄ သိုက်ပေါင်းပမာဏ ၏
၇၅% ထွက် ရှိကြောင်း၊ လက်ရှိ ကာလတွင် စီမံကိန်း တည်ဆောက်ဆဲ ကာလဖြစ်ပြီး
၂ဝ၁၃ခုနှစ်၊ စက်တင်ဘာ တွင် စတင်ကာ စမ်းသပ် ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း၊
မုံရွာ ကြေးနီစီမံကိန်းမှ ထုတ်လုပ်သော ကြေးနီ သတ္တုစင် များသည် (LME)
သတ်မှတ် စံနှုန်း အဆင့်(A) ရှိသည့်အပြင် ကြေးနီ သန့်စင်မှု ၉၉.၉၉၃၅%
ရှိကြောင်း မြန်မာဝမ်ပေါင် (Myanmar Wanbao Mining Copper Limited)
ကုမ္ပဏီမှ သိရသည်။
မြန်မာဝမ်ပေါင်(Myanmar
Wanbao Mining Copper Limited) ကုမ္ပဏီ၏ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်း လုပ်ငန်းခွင်အား ယခုနှစ် ဇွန် ၄ ရက်ကတည်းကပင်
ယာယီရပ်ဆိုင်းထားကြောင်း၊ ရပ်ဆိုင်းဆဲ ကာလ တွင်ပင် သက်ဆိုင် ရာ ဒေသခံများ၏
စီးပွားရေးဆိုင်ရာ တောင်းဆိုမှုများအား ညှိနှိုင်းမှုများ လုပ်ဆောင်
ခဲ့ကြောင်း၊ သြဂုတ် ၂၁ ရက်တွင် မိမိတို့ကုမ္ပဏီ၏ လုပ်ငန်းများ
ပြန်လည်စတင်ခဲ့သော်လည်း ဒေသခံများမှ လာရောက် တားဆီးမှု များရှိကြောင်း၊
နိုဝင်ဘာ ၁၉ အမေရိကန် သမ္မတ အိုဘားမား မြန်မာ နိုင်ငံသို့ လာရောက်
ပြီးချိန်မှစကာ မိမိတို့ကုမ္ပဏီအား ကန့်ကွက်ဆန္ဒ ထုတ်ဖော်သည့်အခြေအနေများ
ပိုမိုပြင်းထန် လာကာ သံဃာတော် ၂ဝဝ ခန့်နှင့် ဒေသခံ စုစုပေါင်း ၇ဝဝ ကျော်
၈ဝဝ ဝန်းကျင်ခန့်သည် လူဝင်ပေါက်၊ ကားဝင်ပေါက် များကို ပိတ်ဆို့ထား
ခဲ့ကြောင်း၊ ယခင်က လျော်ကြေး ကဲ့သို့သော စီးပွားရေးဆိုင်ရာ
တောင်းဆိုမှုများသာ တောင်းဆိုကြသော်လည်း နိုင်ငံရေး အဖွဲ့အစည်းများ
ပါဝင်လာသည့် အချိန်တွင် မူ နိုင်ငံ ရေးဆိုင်ရာ တောင်းဆိုချက် အဖြစ်သို့
ပြောင်းလဲသွားသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်ရာ မိမိတို့ ကုမ္ပဏီ အနေဖြင့်
လျော်ကြေးပေးရေး ကဲ့သို့သော စီးပွားရေး ဆိုင်ရာ ညှိနှိုင်းမှုများကို
သာလျှင် ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်း ၂၉ ရက်၊ ညနေတွင် ဒေါ်အောင်ဆန်း
စုကြည်နှင့် မိမိတို့ ကုမ္ပဏီ ဆွေးနွေးခဲ့ ရာတွင်လည်း ယင်းအချက်များ
ပါဝင်ကြောင်း မြန်မာအင်ဒီပဲန်ဒင့်သို့ မြန်မာဝမ်ပေါင် ကုမ္ပဏီမှ Mr.Dong
Yunfei က ပြောသည်။
၂ဝ၁ဝခုနှစ်၊
ဇွန်လတွင် မုံရွာ ကြေးနီ စီမံကိန်းအား ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း
တစ်ရပ်အနေဖြင့် ဆောင်ရွက် သွားရန်နှင့် ထုတ်လုပ်မှုများအား အချိုးကျ
ခွဲဝေမှု သဘောတူညီချက် Production Sharing Contract (PSC) စနစ်ဖြင့်
ဆောင်ရွက်သွားရန် Myanmar Economic Holding Ltd. (မြန်မာ့ စီးပွားရေး
ဦးပိုင် လီမိတက်) နှင့် Wanbao Mining တို့သည် စာချုပ် ချုပ်ဆိုခဲ့ကြပြီး
၂ဝ၁၁ ခုနှစ်၊ ဧပြီလမှစတင်ကာ မုံရွာ ကြေးနီ စီမံကိန်းရှိ စပယ်တောင်နှင့်
ကြေး စင်တောင် စီမံကိန်း (S&K Project) များအား ထို အချိုးကျ ခွဲဝေမှု
သဘော တူညီချက် Production Sharing Contract (PSC) စနစ်ဖြင့်ပင်
လုပ်ဆောင်ရန် လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။
စပယ်တောင်နှင့်
ကြေးစင်တောင် စီမံကိန်း (S & K Project) များ၏ တိုးချဲ့စီမံကိန်း
အဖြစ် ထိုလက်ပံတောင်း တောင် စီမံကိန်းအား Wanbao Mining ၏
မြန်မာနိုင်ငံရှိ တရားဝင် လီမိတက်တစ်ခုဖြစ်သည့် မြန်မာ ဝမ်ပေါင် (Myanmar
Wanbao Mining Copper Limited) ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်
ဖော်လျက်ရှိပြီး ယင်း လက်ပံတောင်းတောင်အား ဘူမိသဘောအရ ကြေးနီ ထွက်ရှိမှုကို
တွက်ချက်ခဲ့ရာ တစ်တောင်လုံးတွင် သန့်စင်ပြီးသား ကြေးနီတန်ချိန်
သိန်းပေါင်း ၇၅ သိန်းခန့် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ ထိုတောင်မှ ထုတ်ကုန်
စွမ်းအားပြည့် နှစ်စဉ်တန်ချိန် ၁ သိန်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း
မြန်မာဝမ်ပေါင် (Myanmar Wanbao Mining Copper Limited) ကုမ္ပဏီမှ Mr. Dong
Yunfei ၏ ပြောကြားချက်အရ သိရသည်။
အထက်ပါ
စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသခံများနှင့် ယခုကဲ့သို့ ကိစ္စရပ်များ
မည်သည့်အတွက်ကြောင့် ဖြစ်ပွား ရကြောင်း၊ မြန်မာအင်ဒီပဲန်ဒင့်မှ
မေးမြန်းခဲ့ရာ “ကိုယ့်စီမံကိန်းနဲ့ ပတ်သတ်ပြီး ပွင့်လင်း မြင်သာမှု ရှိဖို့
လိုအပ်လို့ ဖြစ် ရတယ်လို့ မြင်ပါတယ်” ဟု Mr. Dong Yunfei က သုံးသပ်
ပြောကြားကာ ယခုအခါတွင်မူ မိမိတို့ အနေဖြင့် စီမံကိန်းနှင့် ပတ်သက်သည့်
သတင်း အချက်အလက်များကို ပြည်သူများအား ပွင့်လင်း မြင်သာမှုရှိစွာဖြင့်
လုပ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း ပြောသည်။
ဒေသခံများမှ
စတင်ကန့်ကွက် လာကြသည့် ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ကပင် မိမိတို့မိခင်အစိုးရ
(တရုတ် အစိုးရ) မှ ဆန္ဒ ထုတ်ဖော်သူများနှင့် တိုက်ရိုက် ပဋိပက္ခ
မဖြစ်ပွားရန် ညွှန် ကြား ထားကြောင်း၊ ဆန္ဒထုတ်ဖော် ကြသည့် သံဃာတော်
များနှင့် ပြည်သူများသည် စီမံကိန်းစခန်းများ၏ လူဝင်ပေါက်များ၊
ကားဝင်ပေါက်များ ကို ပိတ်ဆို့ ထားကြခြင်းကြောင့် စီမံကိန်းအတွင်းတွင်
ပိတ်မိနေကြသည့် အတွက် ပိတ်မိချိန် ကြာမြင့်လာပါက အသက် အန္တရာယ်
ရှိနိုင်သည်ကို သက်ဆိုင်ရာ အစိုးရသို့ တင်ပြခဲ့ကြောင်း၊ ထို့အပြင်
လက်ပံတောင်းတောင် စီမံကိန်း အား ကန့်ကွက်ဆန္ဒ ထုတ်ဖော်ကြသည့်
သံဃာတော်များနှင့် ပြည်သူများကို နိုဝင်ဘာ၊ ၂၉ရက်၊ နံနက် ၃ နာရီခန့်တွင်
တပ်ဖွဲ့ဝင်များမှ လူစုကွဲစေရန် ဆောင်ရွက်မှုမှ သံဃာတော်အပါး ၂ဝ ခန့်နှင့်
ပြည်သူအချို့ ထိခိုက်မှုများ ရှိခဲ့သည့် အတွက်ကြောင့် ကုမ္ပဏီ အနေဖြင့်
လွန်စွာ ဝမ်းနည်းမိပါကြောင်း Mr.Dong Yunfei က ပြောသည်။
လက်ရှိအချိန်တွင်
ယာယီရပ် ဆိုင်းထားသည့် အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်
စပ်လျဉ်း၍ ကုမ္ပဏီ အနေဖြင့် “ ဥပဒေနှင့် ကိုက်ညီစွာ စာချုပ် ချုပ်ဆို
ထားသောကြောင့် ဥပဒေနှင့် ကိုက်ညီအောင် အကောင်အထည် ဖော် မည်ဖြစ်ကြောင်း” ၊
စီမံကိန်းသည် နှစ် ၃ဝ+၅+၅ စီမံကိန်း ဖြစ် သည့်အပြင် စီမံကိန်းမှ ထုတ်ယူရ
ရှိသည့် ကြေးနီထွက်ကုန် ပမာဏ၏ ၁ဝဝ% လျှင် ၄% အား Royalty
အဖြစ်သော်လည်းကောင်း၊ ၈% အား Commercial Tax အနေဖြင့် သော် လည်းကောင်း
ပေးအပ် ရမည် ဖြစ်ကြောင်း၊ ဝင်ငွေ၏ ၁၅% ကို ဝင်ငွေခွန် အဖြစ် အစိုးရအား
ပေးအပ်ရမည်ဖြစ်ပြီး အစိုးရသို့ ပေး အပ်ရမည့် အခွန်များနှင့် စီမံကိန်း
တူးဖော် ထုတ်လုပ်မှု၏ ကုန်ကျစရိတ်များကို နုတ်ပယ်ကာ နောက်ဆုံး ဝင်ငွေ၏ ၅၁%
အား Myanma Economic Holding Ltd. (မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်)
နှင့် ကျန်ရှိမည့် ၄၉%ကိုသာလျှင် မြန်မာဝမ်ပေါင် (Myanmar Wanbao Mining
Copper Limited) ကုမ္ပဏီမှ ရရှိမည် ဖြစ်ကြောင်း Mr.Dong Yunfei က ဆိုသည်။
ကြေးနီတူးဖော်မှု
ယာယီရပ်ဆိုင်း ထားခြင်းကြောင့် တစ်လလျှင် အမေရိကန်ဒေါ်လာ သိန်း ၂ဝ
ကျော်ခန့် ဆုံးရှုံးကြောင်း၊ လက်ရှိ အချိန်တွင် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းကိုသာ ယာယီ ရပ်ဆိုင်းထားပြီး စပယ်တောင်နှင့် ကြေး
စင်တောင်စီမံကိန်း (S & K Project) များကို ရပ်ဆိုင်းထားခြင်း
မရှိကြောင်း သိရသည်။
စီမံကိန်းနှင့်ပတ်သတ်သည့်
လျော်ကြေးငွေသတ်မှတ်မှုများနှင့် စီမံကိန်းနယ်မြေအတွင်းရှိ အဆောက်အအုံ
များနှင့် ပတ်သတ်သည့် ကိစ္စရပ်များအား Myanmar Economic Holding Ltd.
(မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်)မှ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊
မိမိတို့ ကုမ္ပဏီအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို လိုလားသည့် အပြင်
ထိုသို့ တရားဥပဒေ စိုးမိုးမှုရှိမှသာလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီများ အနေဖြင့် တရားဝင် ခံစားခွင့် များအား ခံစားနိုင်မည့်
အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်ကြောင်း မြန်မာဝမ်ပေါင် (Myanmar Wanbao
Mining Copper Limited) ကုမ္ပဏီမှ စီမံခန့်ခွဲမှု မန်နေဂျာ က ပြောသည်။
လက်ပံတောင်းတောင်
ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်းသည့် ယခုကဲ့သို့ ပဋိပက္ခများသည် နိုင်ငံတကာ
မှ ရင်းနှီး မြှုပ်နှံ လိုသူများ အပေါ် မည်သို့ သက်ရောက် သွားနိုင်ကြောင်း
Mr.Dong Yunfei အား မေးမြန်းခဲ့ရာ “ရင်းနှီး မြှုပ်နှံမှု လုပ်မယ့်သူတွေက
စောင့်ကြည့်နေကြမှာ သေချာတယ်။ အထူးသဖြင့်တော့ အနောက်နိုင်ငံ တွေက ရင်းနှီး
မြှုပ်နှံမယ့် သူတွေပဲ။ သူတို့က ပုဂ္ဂလိက စီးပွားရေးအနေနဲ့ လာမှာ။
မမြတ်ဘဲနဲ့တော့ လာမှာ မဟုတ်ဘူး” ဟု သုံးသပ်ပြောကြား ကာ
ပြည်သူများအနေဖြင့်လည်း ဥပဒေကို လိုက်နာသင့်ကြောင်း၊ ဒီမိုကရေစီ
နိုင်ငံများ တွင် ပြည်သူများ၏ ဥပဒေ လေးစား လိုက်နာမှု များသည်
ပိုမိုလိုအပ်ကြောင်း ယင်းက ဆိုသည်။
ဆက်လက်၍
မည်သည့် အတွက်ကြောင့် “စုံစမ်းစစ်ဆေးရေး ကော်မရှင်”တွင် နိုင်ငံခြားမှ
ကျွမ်းကျင် ပညာရှင် များ ပါဝင်ရန် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ လိုလား သည်ကို
မေးမြန်းခဲ့ရာ မိမိတို့မိခင် နိုင်ငံ (တရုတ်နိုင်ငံ) တွင်လည်း ထိုကဲ့သို့
ပဋိပက္ခ ကိစ္စရပ်များ ဖြေရှင်းရာတွင် ပဋိပက္ခတွင် ပါဝင်ခြင်း မရှိသည့်
အခြားသူ (Third Party) အဖြစ် နိုင်ငံရပ်ခြားမှ ပညာရှင်များကိုပါ
ပါဝင်ဖြေရှင်းစေလေ့ ရှိသည့်အတွက်ကြောင့် ဖြစ်ကြောင်း၊ သို့သော် သမ္မတကြီး၏
ဆုံးဖြတ်မှုကို မိမိတို့ အနေဖြင့် လေးစားပါကြောင်း Mr. Dong Yunfei က
ဖြေကြား သည်။
အဆိုပါ
လက်ပံတောင်းတောင် ပဋိပက္ခနှင့် စပ်လျဉ်း၍ စုံစမ်းစစ်
ဆေးရေးကော်မရှင်အနေဖြင့် စုံစမ်း စစ်ဆေးမှု များ ဆောင်ရွက်ရာတွင်
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက် သေခံ ဥပဒေတို့နှင့်အညီ စုံစမ်းစစ်
ဆေးနိုင်မည် ဖြစ်ပြီး သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ
တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက် စစ်ဆေး
နိုင်ခွင့်ရှိကြောင်း စုံစမ်းစစ်ဆေးမှု ကြားဖြတ်အစီရင်ခံစာအား နိုင်ငံတော်
သမ္မတထံသို့ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အရောက် အစီ ရင်ခံ
တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
လက်ပံတောင်းတောင်
စီမံကိန်းဆန္ဒပြသူများအား ဖြေရှင်းသည့် နည်းလမ်းနှင့် စပ်လျဉ်း၍
လွတ်လပ်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ စည်းရန် တောင်းဆို
ခဲ့သော်လည်း ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါဝင် ရန် ဒီဇင်ဘာ ၁ ရက်
နိုင်ငံတော် သမ္မတရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၉၂/၂ဝ၁၂ တွင် ဦးကိုကိုကြီး
နှင့် ဦးပေါ်ဦးထွန်း(ခ) မင်းကိုနိုင်တို့၏ နာမည်စာရင်း
ထည့်သွင်းထားမှုအား ပါဝင်ဆောင်ရွက်လိုခြင်း မရှိကြောင်း ၈၈မျိုးဆက်ကျောင်း
သားများမှ ဒီဇင်ဘာ ၂ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်တွင်
ပြင်ဆင် ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်မူ
ဦးကိုကိုကြီးနှင့် ဦးပေါ်ဦးထွန်း(ခ)မင်းကိုနိုင် အပါအဝင် အချို့သော
လွတ်တော် ကိုယ်စားလှယ်များ၊ တက္ကသိုလ်အချို့မှ ပါမောက္ခချုပ်များအား
အဖွဲ့ဝင် အဖြစ်မှ ပယ်ဖျက်ကာ အတွင်းရေးမှူး အဖြစ် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေးကော် မရှင်မှ ဦးကျော် တင့်ဆွေ (သံအမတ်ကြီး(ငြိမ်း))အား
ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။ ထို့အပြင် လက်ပံတောင်း တောင်
ကြေးနီစီမံကိန်းတွင် ပါဝင် လုပ်ကိုင်လျက်ရှိသော Myanma Economic Holding
Ltd. (မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်) မှလည်း သမ္မတကြီး
ဖွဲ့စည်းပေးသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း
လိုက်နာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ
စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ ဝမ်ပေါင် ကုမ္ပဏီမှ
လိုအပ်သည့် စာရွက် စာတမ်း များ ပြင်ဆင်ပြီးဖြစ်ကြောင်း၊ မိမိတို့
ကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု စနစ်ဆိုင် ရာလက်မှတ်၊
ကျန်းမာရေးနှင့် လုံခြုံစိတ်ချရမှု ဆိုင်ရာ လက်မှတ်များအား စင်္ကာပူနိုင်ငံမှ
ရရှိထားကြောင်း၊ ဆန္ဒ ထုတ်ဖော်သူ အချို့ ပြောကြားသကဲ့သို့ ဒေသခံများ
အနေဖြင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ခံစားနေရ သည်ဆိုပါက အချက်အလက်
ခိုင်လုံစွာဖြင့် မိမိတို့ ကုမ္ပဏီသို့ လာရောက် အကြောင်းကြားနိုင်ကြောင်း
မြန်မာဝမ်ပေါင် ကုမ္ပဏီမှ Mr.Dong Yenfei က ပြောသည်။
မြန်မာဝမ်ပေါင်
(Myanmar Wanbao Mining Copper Limited) ကုမ္ပဏီသည် Wanbao Mining ၏
မြန်မာနိုင်ငံရှိ တရားဝင် လီမိတက် တစ်ခုဖြစ်သည့်အပြင် ယင်းကုမ္ပဏီ သည်
မြန်မာနိုင်ငံမှ သန့်စင်ပြီး ကြေးနီ များအား ဂျပန်ကုမ္ပဏီ တစ်ခု ဖြစ်သည့်
မာရူဘီနီ (Marubeni) ကုမ္ပဏီမှ တစ်ဆင့် အာဆီယံ နိုင်ငံများသို့
ဖြန့်ဖြူးခြင်းဖြစ်ကြောင်း လက်တလော ကာလတွင် သန့်စင်ပြီးသား ကြေးနီ
တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၆ဝဝ ခန့် ပေါက် ဈေးရှိကြောင်း Mr.Dong Yenfei
၏ ပြောကြားချက်များအရ သိရသည်။
No comments:
Post a Comment