မီးလောင်ဒဏ်ခံရသည့် လူနာများ အကူအညီလိုအပ်
နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးကနေ မြစ်ကြီးနားသွားမည့် ဓာတ်ဆီတင်ရထား ကျွန်းလှမြို့နယ်အပိုင် ချပ်ကြီးဘူတာအဝင်မှာ တိမ်းမှောက်ခဲ့စဉ်
DVB News, 12 November 2012 — နိုဝင်ဘာလ ၉ ရက်နေ့က စကိုင်းတိုင်း
ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအဝင်မှာ ဓာတ်ဆီ တင်ဆောင်တဲ့ရထား
တိမ်းမှောက်မှုဖြစ်ပွားပြီး မီးလောင်ဒဏ်ရာ ရရှိသွားတဲ့ လူနာတွေ အကူအညီ
လုပ်အပ်နေတယ် လို့ ဆေးရုံ တာဝန် ရှိသူ တဦးက ပြောပါတယ်။စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအဝင်မှာ မန္တလေးကနေ မြစ်ကြီးနားကိုသွားမယ့် ဓာတ်ဆီတင်ဆောင်တဲ့ရထား တိမ်းမှောက်ပြီး ယိုစိမ့်နေတဲ့ ဓာတ်ဆီတွေကို ကျေးရွာသားတွေက သွားရောက်ခတ်ယူရင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ရပြီး ၈၀ ကျော် မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။
မီးလောင်ဒဏ်ရာရ လူနာတွေကို ကန့်ဘလူ ကုတင် ၁၀ဝ ဆေးရုံမှာ တင်ဆောင်ထားရပြီး လူနာတွေအတွက် ဆေးဝါးအကူအညီနဲ့ အဝတ်တွေ လိုအပ်နေတယ်လို့ ဆေးရုံက တာဝန်ကျဆရာမ တဦးက ပြောပါတယ်။
“အခု ရှိတာ ၈၆ ယောက်ရှိတာ။ ကျား ၄၃ ဦး၊ မ ၄၃ ဦး။ သူတို့အတွက် အကူအညီက အရမ်းလိုနေတယ်။ သူတို့က အဝတ်တွေလည်း ဝတ်လို့မရဘူးလေ။ သူတို့အတွက်က ပိတ်စ၊ ခြင်ထောင်တွေ လိုအပ်နေတယ်။ အခုလောလောဆယ် ဆိုင်တွေကနေ အကြွေးယူပြီး လုပ်ပေးရတယ်။ ဆေးတွေက လှူတဲ့သူလည်း ရှိတယ်။ ဒါပေမယ့် တမျိုးရောက်လာရင် တမျိုးကကုန်ပြီ။”
လူနာစောင့်တွေအတွက် အစားအေသာက်ကိုတော့ မြို့ခံလူထုတွေက လာရောက်လှူဒါန်းတယ်လို့ ပြောပါတယ်။ လက်ရှိ ကန့်ဘလူ ကုတင် (၁၀ဝ) ဆေးရုံမှာ မီးလောင်ဒဏ်ရာရ လူနာ ၈၆ ဦးရှိပြီး ပြီးခဲ့တဲ့ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ၄ ဦး ထပ်မံသေဆုံးသွားတယ်လို့ အဲဒီတာဝန်ကျ ဆရာမက ပြောပါတယ်။ ကျန်နေတဲ့ လူနာတွေလည်း အခြေအနေသိပ်မကောင်းဘူးလို့ ပြောပါတယ်။
“ဆေးရုံပေါ်ရောက်မှာ ဆုံးတာက ၁၀ ရက်နေ့က ၁ ယောက်၊ ၁၁ ရက်နေ့က ၃ ယောက် ဆုံးတယ်။ ကျန်တဲ့လူနာတွေကလည်း အခြေအနေမကာင်းဘူး။ တဖြုတ်ဖြုတ်နဲ့ ဖြစ်မှာပဲ။ ယောင်ကားဖောင်းကားနေတယ်၊ လူနာတွေကြည့်ရတာ မသက်မသာပဲ။ ဆရာဝန်၊ ဆရာမေတွ အပြုအစုကောင်းလို့ သက်သာသွားရင်တော့ မသိဘူး။”
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာ ဘူတာမှာ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက လောင်စာဆီတင် ရထားတစ်စီး တိမ်းမှောက်သွားပါတယ်။ တိမ်းမှောက်သွားတဲ့ ဆီတင်ရထားပေါ်ကနေ လယ်ကွင်းတွေထဲကို ကျလာတဲ့ လောင်စာဆီတွေကို အနီးအနားက ရွာသားတွေ ခတ်ယူနေချိန်မှာ ရုတ်တရက် မီးထလောင်တဲ့အတွက် ထိခိုက်သေဆုံးမှု များခဲ့တာဖြစ်ပါတယ်။
by နော်နိုရင်း
No comments:
Post a Comment