Wednesday, November 14, 2012

မိတ်ဆွေ ၁၀ ပါတီ နှင့်အတူ ကျားဖြူပါတီ ပါဝင် လှုပ်ရှားမှုပြုတော့မည်မဟုတ်


မိတ်ဆွေ ၁၀ ပါတီ နှင့်အတူ ကျားဖြူပါတီ ပါဝင် လှုပ်ရှားမှုပြုတော့မည်မဟုတ် 


သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၄ရက်နေ့ နိုဝင်ဘာ ၂၀၁၂  —-  တိုင်းရင်းသားနိုင်ငံရေးပါတီအဖွဲ့  လှုပ်ရှားမှုများ၌ ပိုမိုပါဝင်နိုင်ရန် ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီ ၏ လှုပ်ရှားမှုနှင့်အတူ ကျားဖြူပါတီ ပါဝင်တော့မည်မဟုတ်ဟု သျှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ ကပြောပါသည်။

“ ဟုတ်ပါတယ်။ ကျနော်တို့မှာ တိုင်းရင်းသား ၁၃ ပါတီမှာလုပ်စရာတွေက များလာတယ်။ နောက်တခုကလည်း ကျနော်တို့ က ဒီ ၁၀ ပါတီထဲမှာသာ ပါတယ်ပြောတာ။ တချို့ထုတ်ပြန်ကြေငြာချက်တွေမှာ ကျနော်တို့က မှတ်တမ်းလက်မှတ်ဘဲ ထိုးတယ်။ တချို့ကြေငြာချက် တွေမှာလဲ ကျနော်တို့ သဘောမတူ လက်မခံနိုင်တဲ့အချက်အလက်တွေပါသွားတယ်။ ကျနော်တို့ပါဝင်တယ်ဆိုပြီးတော့။ ဒီလိုလေးတွေရှိတယ်။ ဒါကြောင့် ဒီ ၁၀ ပါတီလှုပ်ရှားမှုမှာ မပါတော့ဖို့ဘဲ” ဟု ကျားဖြူ ပါတီ၏ လဲချားမြို့နယ် လွှတ်တော်အမတ်ကပြောပါသည်။
မကြာသေးခင်က နေပြည်တော်၌ တင်ပြခဲ့သော ၁၀ ပါတီ၏ တင်ပြတောင်းဆိုချက်တခုဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားလှယ်စနစ် PR ကျင့်သုံးရန် ဆိုသည်မှာ  ကျားဖြူပါတီမှ လက်မခံ၊ သဘောမတူ  ကြောင်း  အဆိုပါလွှတ်တော်အမတ်ကပြောပါသည်။
“ PR စနစ်ဆိုတာ ကျေးလက်ဒေသ တိုင်းရင်းသား ပြည်သူလူထု တွေမပြောနဲ့ ကျနော်တို့ လွှတ်တော်အမတ်တွေထဲမှာ တောင် မသိ နားမလည်တာ ရှိနေသေးတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင်တော့ လူထုက ဇဝေ ဇဝါဖြစ်စေမယ်။ အဲဒီတုန်းက ကျနော်တို့ အစည်းအဝေးဘဲသွားတက်တယ်။ ထုတ်ပြန်တော့ ကျနော်တို့ပါ သဘောတူတယ်  လို့ ပါထားတယ်။   ၂၀၁၀ ကတောင်မှ ဘယ်အကွက်ကို ဘယ်လိုခြစ်ရမယ် ဆိုတာ မသိသေးတဲ့လူတွေအများကြီး ရှိပါသေးတယ်” ဟု ဆိုပါသည်။
PR (Proportional Representation) ခေါ် အချိုးကျကိုယ်စားလှယ်စနစ် ဆိုသည်မှာ – ဥပမာ လွှတ်တော်အမတ် ၁၀ ဦး အလိုရှိပြီး ယှဉ်ပြိုင်ပါတီ ၅ ပါတီ ၊  ပါတီတခုက ၅၀% ၊ ကျန်ပါတီ နှစ်ခုအနက် တခုက ၃၀% ၊ ၂၀% ဖြင့် ထောက်ခံ မဲများရရှိလျှင် – ၅၀% ဖြင့်ထောက်ခံမဲရရှိသည့်ပါတီက ကိုယ်စားလှယ် ၅ ဦး၊ ၃၀% ခိုင်နှုန်းရရှိသည့် ပါတီက ၃ ဦး၊ ၂၀ % ခိုင်နှုန်းရရှိ သည့်ပါတီက ၂ ဦး – စသဖြင့် အမတ်ဦးရေသတ်မှတ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲက သုံးသော Winner take all လမ်းစဉ်သည် ဥပမာ -(က) မြို့၌ယှဉ်ပြိုင်သူ ကိုယ်စားလှယ် လောင်း နှစ်ယောက်အနက် တယောက် မှာ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်း တယောက်မှာမူ ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း ရရှိပါက ၅၁ ရာခိုင်နှုန်း ရရှိ သည့်ပုဂ္ဂိုလ်က လုံးဝအောင်နိုင်ဖြစ်၏။ ၄၉ ရာခိုင်နှုန်း ရရှိသူက လွှတ်တော်အတွင်း ရောက်ရှိလာနိုင်ခြင်း လုံးဝမရှိ ဟုဆိုပါသည်။
ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ၊ ချင်းအမျိုးသားပါတီ (CNP)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) (DPM) ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ (DPP) ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ UPP   တို့ဖြစ်ပါသည်။
ညီနောင်တိုင်းရင်းသား ၁၃ ပါတီမှာမူ – ၁။ ရခိုင် (RNDP)  ၂။ ကျားဖြူ(သျှမ်း) SNDP ၃။ မွန် (AMRDP) ၄။ ကရင် (ဖလုံ စဝေါ်) PSDP   ၅။ ချင်း (CNP)   ၆။ ကယန်း (KNP)၊ ၇။ သျှမ်းနီ (TNDP)၊ ၈။ ဓနု (DNDP)  ၉။ အရှိုချင်း (ACNP)   ၁၀။  အင်းသား (INDP)၊ ၁၁။ ပအိုဝ်း (PNO) ၁၂။ တအာင်း(ပလောင်)TNP  နှင့် ၁၃။ ဝ တိုးတက်ရေးပါတီ ( WDP) တို့ဖြစ်သည်။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။