ဒေါ်အောင်ဆန်းစုကြည် မဟတ္တမဂန္ဒီ၏ ဂူဗိမာန်ကို ဂါရဝပြု
DVB News, 14 November 2012 —- အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံရဲ့ အကြမ်းမဖက် အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိမာန်ကို ဒီနေ့ သွားရောက်ဂါရဝပြုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ခေါင်းဆောင် ဂျဝါဟာလာ နေရူးရဲ့ အောင့်မေ့ဘွယ်အခမ်းအနား တက်ရောက်ဖို့ လက်ရှိအာဏာရ ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
အခုခရီးစဉ်နဲ့ ပက်သက်ပြီး ဘာတွေမျှာ်လင့်ထားလဲဆိုတဲ့ သတင်းထောက်ရဲ့အမေးကို သူ့အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မြဲဖို့ ဆန္ဒနဲ့သာ လာတာပါလို့ ဖြေဆိုသွားပါတယ်။
ဒါဟာသူ့ရဲ့ နှစ်ပေါင်း ၄၀ အကြာမှာ အိန္ဒိယနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ ဒီနေ့မှာပဲ ဝန်ကြီးချူပ် မာန်မိုဟန်ဆင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတက်ခဲ့တဲ့ လေဒီရှရီယမ်ကောလိပ်ကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆ ရက်တာ အိန္ဒိယခရီးစဉ်မှာ အိန္ဒိယနိုင်ငံရဲ့ ပါတီစုံ အစိုးရပုံစံနဲ့ လုပ်ငန်းစဉ်တွေကိုလဲ လေ့လာမှာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ အိန္ဒိယ ဒုသမ္မတ ဟာမစ် အန်ဆာရီ၊ ပြည်သူ့လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ မေရာ ကူးမား၊ ကွန်ဂရက်စ်ဥက္ကဋ္ဌဌ ဆိုနီယာဂန္ဓီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန် ကူးရ်ရှစ်ဒ်တို့နဲ့လဲ တွေ့ဆုံမှာ ဖြစ်ပါတယ်။
သူရဲ့ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီအရေး အားပေးမှုတွေ တကြော့ပြန်လာနိုင်မလား ဆိုတာကလည်း စိတ်ဝင်စားစရာတခု ဖြစ်တာပါ။
အိန္ဒိယ နိုင်ငံဟာ ၁၉၈၈ အရေးတော်ပုံကြီး ပြီးတဲ့နောက်မှာ မြန်မာဒီမိုကရေစီပြောင်းလဲရေးကို တက်တက်ကြွကြွကူညီခဲ့ပေမယ့် ၁၉၉၀ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့အတူ မြန်မာ စစ်အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။
by ကိုသက်
No comments:
Post a Comment