Wednesday, November 14, 2012

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောက် ရွက်နိုင်ရန် အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း စစ်ကိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောက် ရွက်နိုင်ရန် အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား 

Printer-friendly versionSend by email




နေပြည်တော် နိုဝင်ဘာ ၁၄
စားဝတ်နေရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးများကို သဘာဝဘေး အရေးပေါ်ရံပုံငွေမှ ထုတ်ပေးသွားရန်နှင့် အခြားလိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း  သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် တတ်နိုင်သမျှထောက်ပံ့ ကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

တိုင်းဒေသကြီးအစိုးရများအနေနှင့် ပျက်စီးဆုံးရှုံးမှု နောက်ဆုံးစာရင်းများကို ပြုစုတင်ပြရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လစ်ဟာမှုများမရှိရအောင် ဗဟိုလုပ်ငန်းကော်မတီနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို အမြန်ဆုံးနှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောက်ရွက်ရန် အတွက် ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတက နိုဝင်ဘာ (၁၁) ရက် နံနက် (၇) နာရီ (၄၂) မိနစ် (၃၈) စက္ကန့်က မန္တလေးမြောက်ဘက် ၈၂ မိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့် နေရာဗဟိုပြု၍ (၆ ဒသမ ၈) ရစ်ချက်စတာစကေးအဆင့်ရှိ အင်အားပြင်းမြေငလျင် လှုတ်ခတ်ခဲ့သဖြင့်  ထိခိုက်ပျက်စီးဆုံးရှုံး သေကြေဒဏ်ရာရရှိမှုများ ရှိခဲ့ပါကြောင်း။

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အတွင်းရှိ မြို့နယ်ကျေးရွာများမှ စေတီပုထိုးများ ၊ သာသနိကအဆောက်အအုံများ၊ လူနေအိမ်များ ၊ ဈေးဆိုင်များ၊ အုတ်တံတိုင်းများ၊ ဝန်ကြီးဌာနအဆောက်အအုံများနှင့် စာသင်ကျောင်းများ၊ ဆေးရုံ၊ဆေးခန်များ၊ ဘဏ်များ၊ ရဲစခန်းများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း။
 ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိသော ကျောက်မြောင်းမြို့နှင့် စဉ့်ကူးမြို့ကို ဆက်သွယ်ဖောက်လုပ်နေသည့် ဆောက်လုပ်ဆဲ ဧရာဝတီတံတား (ရတနာသိင်္ဃ) ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျမှုဖြစ်ပေါ်ခဲ့၍ ထိခိုက်ပျက်စီးမှုများ၊ ဒဏ်ရာရရှိမှုများနှင့် သေပျောက်မှုများ ရှိခဲ့ပါကြောင်း။
 မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးငလျင်ကြောင့် လူများထိခိုက်သေကျေပျက်စီးခြင်းနှင့် ဆုံးရှုံးမှုများကို အမြန်ပြန်လည် ထူထောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး လုပ်ဆောင်သွားနိုင်ရန် ယခုကဲ့သို့ အစည်းအဝေးများ ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း။
 သတင်းထုတ်ပြန်ရေးအဖွဲ့များအနေဖြင့် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းပြည်ပစေတနာရှင် အလှူရှင်များမှ လှူဒါန်းငွေများ လွယ်လင့်တကူ လှူဒါန်းနိုင်ရန်အတွက် လက်ခံမည့်နေရာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မီဒီယာများမှတဆင့် ထုတ်လွှင့်နှိုးဆော် ပေးသွားရန် လိုအပ်ပါကြောင်း။
 ငလျင်ဒဏ်သင့် ပြည်သူများ ဘဝအခြေအနေ ပုံမှန်ပြန်လည်ရောက်ရှိသည်အထိနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၊ နောက်ဆက်တွဲ ထူးခြားဖြစ်စဉ်များကို ချက်ချင်းတင်ပြရန်၊ ထူးခြားမှုမရှိပါက အခြေအနေအရပ်ရပ်ကို တစ်ပတ်တစ်ကြိမ် ပုံမှန်တင်ပြသွားကြရန် လိုအပ်ပါကြောင်း။
 ဒဏ်ရာရရှိသူများအား ပြုစုကုသမှု ပိုမိုထိရောက်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး အဖွဲ့များဖွဲ့စည်း၍ ဆေးဝါးအပြည့်အစုံနှင့် ဖြစ်ပွားရာ မြို့နယ်၊ ကျေးရွာများအထိ ကွင်းဆင်း ကူညီဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် သာသနာရေးဝန်ကြီးဌာနမှလည်း ပြိုကျပျက်စီးသွားသည့် စေတီပုထိုးနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လှူဒါန်းလိုသည့် စေတနာရှင် အလှူရှင်များ ဖိတ်ခေါ်၍ ညှိနှိုင်းစီမံဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် အမြန်ဆုံး ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားသည်။
 ထို့နောက် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ငလျင်လှုတ်ခတ်ခဲ့မှု၊ တိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်မြို့နယ်များအလိုက် သာသနိက အဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှုတို့ကိုလည်းကောင်း၊ လူသေဆုံးရှုံးမှုနှင့် ပျောက်ဆုံးမှုအေခြေအနေများကို လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
 ဆက်လက်၍  ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က တိုင်းဒေသကြီးအတွင်း ငလျင်လှုတ်ခတ်ခဲ့မှု၊ အဆောက်အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့မှု၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ကာကွယ်ရေး၊ နည်းပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
 ယင်းနောက် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး လူမှုဝန်းထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အတွေ့အကြုံများ၊ အခက်အခဲများကို ရှင်းလင်းပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာသင့်သည့် စီမံခန့်ခွဲမှုဆိုင်ရာများနှင့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
 ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများက ငလျင်ဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ကာကွယ်ရေး၊ ပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောက်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
 ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့မှုနှင့် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ဆောင့်ရှောက်ရေးအဖွဲ့ ရံပုံငွေအခြေအနေနှင့်  ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
 ယင်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ငလျင်ဒဏ်သင့်ဒေသများရှိ ငလျင်ဒဏ်သင့်ပြည်သူများအား စားဝတ်နေထိုင်ရေး ပုံမှန်ပြန်လည် တည်ဆောက်ပေးနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအားလုံးက တက်ညီလက်ညီဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။