Written by မင်းလွင် (အနကလ)
|
Sunday, 28 October 2012 11:52 |
ရန်ကုန်ပြည်သူ့ဆေးရုံတစ်နေရာ
မြန်မာလူမှုဝန်းကျင်တွင် ရှေးလူကြီးသူမများအစဉ်အဆက်
အသုံးပြုလက်ဆင့်ကမ်းခဲ့သော ဆိုရိုးစကားများစွာရှိကြ၏။ လူမှုရေး၊ စီးပွားရေး၊
ကျန်းမာရေးစတဲ့ နယ်ပယ်များမှာ ဆုံးမစကား အသွင်ဖြင့်ရော၊
သတိမူစရာအမြင်မျိုးဖြင့်ရော မိန့်ဆိုထား ကြပါတယ်။ တရားသဘောအရ
သံဝေဂအသွင်နှင့်တောင်ရှိပါသေးတယ်။ အဆိုပါဆိုရိုးတို့ကို သင့်လျော်သလို
အသုံးချကြသူတွေရှိသလို အမှတ်တမဲ့မေ့လျော့နေသူတွေလည်း ရှိကြပါတယ်။
များစွာသော ဆိုရိုးစကားများထဲမှ တစ်ခုသော ဆိုရိုး စကားကတော့
နယ်ပယ်အားလုံးနှင့် သက်ဆိုင်လျက်ရှိနေတာကို တွေ့ရှိရပါတယ်။ ''အနာသိက
ဆေးရှိ၏'' ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒီဆိုရိုးနှင့် တိုက်ရိုက်ပတ်သက်မှုကတော့
ကျန်းမာရေးကို အခြေခံသော ဆိုရိုးစကားဖြစ်ပေမယ့် နယ်ပယ်စုံမှာ ဆွဲ
ယူအသုံးပြုနိုင်သော ဆိုရိုးစကားလည်း ဖြစ်ပါတယ်။ အများသိပြီး ဖြစ်တဲ့အတွက်
အဓိပ္ပာယ်ကိုတော့ မဖွင့်ဆိုတော့ပါ။
တစ်လောကစာရေးသူရဲ့မိတ်ဆွေတစ်ယောက် အစာအိမ်သွေးယိုစိမ့်လို့
ရန်ကုန်ဆေးရုံကြီးရှိ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ ဗေဒဌာနမှာ
တက်ရောက်ကုသနေတယ်သိရလို့ လူနာမေးရောက်ဖြစ်ပါတယ်။ လူနာရှင်နှင့် တွေ့တော့
အစာ အိမ်မှန်ပြောင်းကြည့်ပြီးနောက် ၎င်းမှာ အစာအိမ်နံရံတစ်လျောက်
သွေးယိုစိမ့်နေသော အနာများကို တွေ့ရှိရကြောင်း ဌာနမှူးဆရာဝန်ကြီးက
အသိပေးအကြောင်း ပြောပါတယ်။
အနာကတော့သိပြီပေါ့။ ဆေးရှိဖို့ပဲလိုတော့တယ်။ ဆရာဝန်ကြီးက ဆက်ပြောသည်မှာ
ဤအနာတွေကို လေဆာဖြင့် ထိတွေ့ကုသလျင် ပျောက်ကင်းနိုင်ကြောင်းလည်း ဆိုပါတယ်။
သို့သော် ဤသို့ကုသနိုင်သော လေဆာစက်မှာ
ရန်ကုန်ဆေးရုံကြီးတွင်မရှိ၊အပြင်ပုဂ္ဂလိကဆေးခန်းတစ်ခုမှ အခပေးငှားရမ်းပြီး
ဆေးရုံ တွင် ကုသပေးနိုင်တယ်ဟု ဆက်ပြီးပြောပါတယ်။ လူနာရှင်ကတော့
ရောဂါပျောက်ချင်တော့ ဘယ်လောက်ပေးရပေးရ ငှားရမ်းကုသပါမယ်လို့
လက်ခံသဘောတူလိုက်ပါတယ်။စက်ရှိသော အပြင်ပုဂ္ဂလိကဆေးခန်းမှာ ကုမယ်ဆိုရင်
ကုသစရိတ်တော်တော် များများကုန်ကျမှာပါ။ ဒီနေရာမှာ ကျေးဇူးတင်စရာကောင်းတာက
ဆရာဝန်ကြီးရဲ့ စေတနာပါ။ ဌာနမှူး ဆရာဝန်ကြီးဟာ မိမိဆေးရုံမှာမရှိသော
ပစ္စည်းကို မိမိရဲ့လူနာအတွက် မည်သို့ရနိုင်မလဲဆိုတာကိုအလုပ်ရှုပ်ခံပြီး
စဉ်းစားပေးတဲ့အပြင် ဆေးရုံမှာပဲ ကုသပေးမှာဆိုတော့
လူနာအတွက်ကုသစရိတ်အများကြီး လျော့နည်းသွားမှာအမှန်ပါ။ ကုသမှုဉာဏ်ပူဇော်ခများ
မရလင့်ကစား လူနာ၏ရောဂါပျောက်ကင်းရေးသာ ပထမဆိုတဲ့ ခံယူချက်ကို
လက်ကိုင်ထားသော ဆရာဝန်ကြီး၏ စေတနာကိုအသိအမှတ်ပြု ကျေးဇူးတင်ထိုက်စရာ
ဖြစ်နေပါပြီ။ ဆရာဝန်ကြီးအနေနှင့် ''ဤလိုစက်မျိုး ဤဆေးရုံတွင်မရှိပါ။
ဒါကြောင့် ဤစက်မျိုးဖြင့် ကုသမှုမပေးစွမ်းနိုင်ပါ'' ဟု ယတိ ပြတ်ပြောဆိုပြီး
အခြားသောနည်း လမ်းများသုံးမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ သူ့အတွက်တောင်
အလုပ်ရှုပ်သက်သာသွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ဆရာဝန်ကြီးကတော့
တာဝန်မဲ့မနေတတ်တဲ့ စိတ်စေတနာကြောင့် လူနာကို အကောင်းဆုံးနည်းလမ်းနှင့်
ကုသမှုပေးချင်တဲ့ ရည်ရွယ်ချက် ကိုလေးစားမိပါတယ်။ ဤလို သမားတော်ကြီးမျိုး
မြန်မာနိုင်ငံမှာ များများစားစားရှိပါစေလို့လည်း စာရေးသူ ဆုတောင်းမိပါတယ်။
ပုဂ္ဂလိက ဆေးခန်းတစ်ခုကတောင် အထက်ပါစက်မျိုး ၀ယ်ထားပြီး ကုသပေးနိုင်သေးရင်
ပြည်သူပြည်သားများ အားကိုးနေရသော နိုင်ငံတော်ဆေးရုံကြီးအတွက်
ဝယ်ယူမဖြည့်တင်းပေးနိုင်တာ တော်တော်ဆိုးလှပါတယ်။ ဘယ်လောက်မှ
တန်ဖိုးရှိတာလည်းမဟုတ်ပါ။ နိုင်ငံတော်အဆင့်နှင့် နှိုင်းယှဉ်မယ်ဆိုရင်
ဝယ်နိုင်လောက်တဲ့ပမာဏပဲဖြစ်ပါတယ် . .
|
မြန်မာနိုင်ငံကျန်းမာရေးအဆင့်အတန်းဟာ အိမ်နီးချင်းနိုင်ငံများနှင့်
ယှဉ်လိုက်လျင် ရုပ်ဝတ္ထုပိုင်းမှာများစွာ နောက်ကျနေပါပြီ။ အတတ်ပညာဆိုင်ရာ
လိုက်မီနိုင်သော်လည်း အထူးပြုလုပ်ကုသရသော ဆေးဝါးနှင့်
ဆေးကိရိယာပစ္စည်းများမှာ အတော်ပင် အခြေအနေဆိုးလျက်ရှိကြောင်း
လူတိုင်းသတိထားမိမှာပါ။ တတ်နိုင်လို့ ပြည်ပထွက်ပြီး ဆေးကုသခံယူနေကြသော
နိုင်ငံ့ထိပ်တန်းပုဂ္ဂိုလ်များ မြန်မာနိုင်ငံဆေးရုံမှာ ယုံယုံကြည်ကြည်နှင့်
ဆေးကုသမှုခံယူနေတယ်ဆိုတာ မကြားမိသလောက်ပါပဲ။ တာဝန်ရှိသူဖြစ်ပါလျက်
မိမိကိုယ်တိုင် ရောဂါဝေဒနာဖြစ်တော့ တိုးတက်သော
ပြည်ပဆေးရုံမှာတက်ရောက်ကုသကြပြီး အများစုမြန်မာနိုင်ငံသားများကျတော့
မပြည့်စုံတဲ့ ဆေးရုံတွေမှာပဲ ကုသနေကြရတာမို့ ကိုယ်ချင်းစာစိတ်နဲ့သာ
စဉ်းစားမယ်ဆိုရင် ဒီလောက်ထိ အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါက
စေတနာဆိတ်သုဉ်းနေခြင်းကို ပြတာပါပဲ။ မြန်မာနိုင်ငံကို
ချစ်လှပါချည်ရဲ့ဆိုပြီး ကြွေးကြော်နေလင့်ကစား လက်တွေ့မှာတော့ ဗလာချည်းပါပဲ။
ယခုလည်း ကြည့်ပါ။ အပြင်ပုဂ္ဂလိက ဆေးခန်းတစ်ခုကတောင်
အထက်ပါစက်မျိုးဝယ်ထားပြီး ကုသပေးနိုင်သေးရင် ပြည်သူ ပြည်သားများ
အားကိုးနေရသော နိုင်ငံတော်ဆေးရုံကြီးအတွက် ၀ယ်ယူမဖြည့်တင်းပေးနိုင်တာ
တော်တော်ဆိုးလှပါတယ်။ ဘယ်လောက်မှတန်
ဖိုးရှိတာလည်းမဟုတ်ပါ။နိုင်ငံတော်အဆင့်နှင့် နှိုင်းယှဉ်မယ်ဆိုရင်
ဝယ်နိုင်လောက်တဲ့ပမာဏပဲဖြစ်ပါတယ်။ တစ်လောက သတင်းတစ်ခုမှာလည်း
ဓာတ်မှန်ရိုက်စဉ် ရင်ဘတ်ပေါ်သို့ ဓာတ်မှန်စက်ပြုတ်ကျဆိုသော သတင်းလေး
ကြားလိုက်မိမယ်ထင်ပါတယ်။
စာရေးသူအနေနှင့် လိုအပ်ချက်တွေကို တမင်အပြစ်ရှာပြီး ပြောနေတာမဟုတ်ပါ။
အခြေခံမရှိမဖြစ် လိုအပ်နေမှုကိုတော့ ဖြည့်ဆည်းပေးစေလိုတဲ့ ရည်ရွယ်ချက်နှင့်
ပြောပြခြင်းဖြစ်ပါတယ်။ အနာသိက ဆေးရှိ၏ ဆိုသော စကားနောက်ဝယ်တွေး
စရာတွေအများကြီးပဲ ဖြစ်ပါတယ်။ အနာတော့သိ၏ ဆေးကားမရှိ။ ဒါကတော့
မြန်မာနိုင်ငံမှာဖြစ်နေသော အဓိကအချက်ကြီးပါပဲ။
ပညာရေးနယ်ပယ်မှာလည်း ဤသို့နယ်ပါပဲ။ ပညာရည်မပြည့်ဝသော အရေအတွက်ကို
ဦးစားပေးပြီး ပညာရေးနိမ့်ကျမှုဖြစ်နေတာကို မသိမဟုတ် သိကြပါတယ်။ တာဝန်ရှိသူ
ပုဂ္ဂိုလ်ကြီးများလည်း ''အ'' တယ်လို့တော့မထင်ပါနှင့်။ သိတာမှ ဟိုဘက်
ကမ်းတောင်လွန်သေးလို့ ပြောနိုင်ပါတယ်။ ပညာရေးစနစ် နိမ့်ကျလျင်
တိုင်းပြည်အနာဂတ်မဖွံ့ဖြိုးနိုင်ဘူးဆိုတာ ယခင်ပညာရေးဌာနတွေကို
တာဝန်ယူခဲ့တဲ့ ၀န်ကြီးဆိုသူများမသိနားမလည်လို့
မဟုတ်တန်ရာ။တာဝန်ယူခဲ့သူတွေထဲမှာ နိုင်ငံခြားပြန်ဒေါက်တာကြီးတွေတောင်ပါသေး။
ဒါပေမဲ့ ဘာဖြစ်လို့ အနာသိလျက်နှင့် ဆေးမရှိခဲ့ရတာလဲ။ ဘာဖြစ်လို့
တာဝန်ရှိသူက တာဝန်မယူခဲ့တာလဲ။ ယခုတော့ ပညာရေးစနစ်နှင့်ပတ်သက်ပြီး
အလုပ်ရုံဆွေးနွေးပွဲတွေလုပ်၊ ကျယ် ကျယ်လောင်လောင် ပြောနေကြပါပြီ။
နိုင်ငံတော်သမ္မတကြီးကလည်း ပညာရေးစနစ်ပေါ်မှာ ပြုပြင်ပြောင်းလဲရတော့မယ်ဆိုတာ
အတိအလင်း ပြောနေပါပြီ။တကယ်ပဲ ဆေးရှာတော့မယ်ထင်ပါရဲ့။
နိုင်ငံရေးမှာလည်း ဒီသဘောလေးတွေရှိနေပါတယ်။ ဥပမာပေးရရင်
စက်တင်ဘာလအတွင်းက ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို
တရားစွဲဆိုတဲ့အဖြစ် ပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံသားတို့၏
အခွင့်အရေးကို ပြဋ္ဌာန်း ထားသော်လည်းပဲ နည်းဥပဒေများနှင့် ဟန့်တားထားမှုတွေက
ပြန်လည်သုံးသပ်သင့်တဲ့ အချက်တွေဆိုတာ နားလည်သဘောပေါက်သင့်ပါပြီ။ နိုင်ငံရေး
''အနာ'' သိပြီဆိုပါက ကုသဖို့ ''ဆေး'' ရှာရတော့မှာပါ။ ဆေးရှိ
အောင်လုပ်ရတော့မယ်။ဆေးကောင်း မရှာနိုင်ရင်တော့ ဒီသံသရာဝဲထဲက
လွတ်နိုင်ပါတော့မလား။ ဒီမိုကရေစီ ချားရဟတ်ကြီး တွင်တွင်လည်နိုင်အောင်
မိမိတို့အားလုံး တက်ညီလက်ညီရှိဖို့လိုပါတယ်။ ရပ်မသွားဖို့က အချိန်နှင့်အမျှ
အရေးကြီးပါတယ်။ လုပ်သင့်တဲ့အချိန်မှာ မလုပ်မိလို့ နောင်တများစွာနှင့်
ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြုံတွေ အတိတ်မှာရှိခဲ့ပါပြီ။
ပြင်သင့်တယ်လို့ထင်ရင် တာဝန်ရှိသူများက ရဲရဲဝံ့ဝံ့ပြင်ဆင်လိုက်ပါ။
နိုင်ငံသူနိုင်ငံသားတို့ရဲ့ ကောင်းရာကောင်းကြောင်း ပြုလုပ်တာပဲမို့
သတ္တိရှိစေလိုပါတယ်။ အနာသိဆေးရှိဖို့ရာ အဓိက လိုရင်းပဲလေ။ ဆေးရှာရတာနဲ့တင်
လူမမာအသက်ထွက်တဲ့အထိ မစောင့်စေပါနဲ့တော့။
ပြည်သူ့လွှတ်တော်ရေးရာကော်မတီများ၊ ကော်မရှင်များက ဘက်ပေါင်းစုံမှာ
ဖြစ်လျက်ရှိသော အနာရောဂါများကို ''သိ'' အောင်ပြုထားကြပါပြီ၊
ဒီအနာတွေကိုသိမှ မှန်ကန်သော ဆေး ''ရှိ'' အောင်
အားထုတ်ကြရမှာဖြစ်ပါတယ်။အမှန်တကယ် ဆေးရှိအောင် ပြုလုပ်ရမယ့်သူကတော့
အုပ်ချုပ်ရေး မဏ္ဍိုင်ကို တာဝန်ယူထားတဲ့ ပြည်ထောင်စုအစိုးရပဲ ဖြစ်ပါတယ်။
အနာဘယ်လောက်ပဲသိသိ၊ တင်ပြတင်ပြ၊ ဆေးရှိအောင် မလုပ်နိုင်ဘူးဆိုရင်တော့
နာတာရှည် လူမမာကဲ့သို့ ရောဂါမပျောက်ကင်းဘဲ နာလန်မထူနိုင်ဖြစ်စေပါလိမ့်မယ်။
စေတနာ၊ရည်ရွယ်ချက်ကောင်းတွေ ဘယ်လောက်ပင်ရှိပါစေ
နောက်မှငွေမလိုက်နိုင်ရင်လည်း ဘာမှမတတ်နိုင်ဆိုတဲ့စကားနှင့်
ဆင်ခြေပေးနိုင်သေးပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှု ကောင်းရင်၊
အများကြီးတိုးတက် စရာရှိပါတယ်။ တိုင်းပြည်စီးပွားရေးကောင်းမှ လိုအပ်ချက်တွေ
ဖြည့်ဆည်းနိုင်မှာပါ။ တိုင်းပြည်ကဆင်းရဲတော့ လိုအပ်ချက်အကုန်လုံးကို
ဘယ်ဖြည့်နိုင်မလဲဆိုတဲ့ စကားကိုလည်း မငြင်းပါ။ မှန်သင့်သလောက်
မှန်တာပဲကိုး။ ဒါပေမဲ့ ဘယ်ဟာကတော့ ဦးစားပေးမယ်။ ဘယ်ဟာကတော့
နောက်မှဆိုတာကျတော့ စီမံခန့်ခွဲမှုနှင့် ဆိုင်သွားပြီမို့ ဒီနေရာမှာ
ဆုံးဖြတ်မယ့်သူကအရေးကြီးတဲ့နေရာမှာ ပါဝင်လာရပါပြီ။ စီမံခန့်ခွဲမှု
ကောင်းရင်ကောင်းသလောက် အကျိုးခံစားကြရမှာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်း အကြီးအကဲများကလည်း အောက်ခြေ၀န်ထမ်းများကို
မင်းတို့မပြင်ကြဘူးလား။ ပြင်ကြတော့လေလို့ လိုအပ်ချက်အထောက်အပံ့မပါပဲ
စကားအဖြစ်ပြောရုံမျှနှင့် တိုးတက်မှုမရနိုင်ပါဘူး။ မိမိတို့နှင့် ပတ်သက်သော
ဌာနများမှာ ထဲထဲဝင်ဝင် သိကျွမ်းနားလည်ဖို့က အရေးကြီးပါတယ်။
အများပြည်သူအတွက် ထိရောက်ပြီး ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ
အောက်ခြေအဆင့်ထိ ချပြပေးဖို့လိုပါတယ်။ လိုက်နာစေဖို့လည်း
တိုက်တွန်းပေးရမှာပါ။ပြည်သူကို ဗဟိုပြုပြီး ဌာနရဲ့ဆောင်ရွက်ချက်များကို
ပြုပြင်ကြမယ်ဆိုရင် အောင်မြင်မှုရရှိကြမှာမလွဲပါ။ ဒါပေမဲ့ယခုအချိန်အထိတော့
''အနာသိက ဆေးရှိ၏''ဆိုတဲ့စကားနောက်ဝယ် ''အနာသိတိုင်းဆေးရှိပါ၏လား'' ဆိုတဲ့
မေးခွန်းက နယ်ပယ်တိုင်းမှာ ပဲ့တင်ထပ်နေတုန်းပဲလို့ စောကြောမိပါတယ်။
|
Comments
ဒါနဲ့  စကားမစပ်… အနာလည်းသိ၊ ဆေးလည်း ရှိပေမယ့် … ဆေးမသောက် တဲ့ နာတာရှည် လူနာမျိုးတွေ လည်း ရှိသေးသဗျ..
နေ တွေလည်းသိပ်သိဟန်မတူပါဘူး။စာရွက်ထဲရေးထားတာဖတ်တဲ့
ပါရာဖတ် ကြီးထင်ပါရဲ့။
စီမံခန့်ခွဲမှု့ဆိုနာကိုလည်းတရုတ်ကတင်သွင်းတဲ့အမျိုးသမီးဝတ်စကတ်
များမှတ်နေသလားမသိ။နိုင်ငံတွင်းမှာရှိတဲ့ဌာနဆိုင်ရာတွေဘာလုပ်နေလဲ
တောင်သိရဲ့လားမသိ ဘာအလုပ်မှမရှိတဲ့ဌာနတွေ/ဘာမှသုံးမရတဲ့ဌာနတွေ/
ခေတ်နဲ့အံမဝင်တော့တဲ့ဌာနတွေ ဥပမာ သမ/ကပရ/စက်မှု့လယ်ယာ
စတာတွေဆိုဖျက်သိမ်းသင့်ပါပြီ ကုန်သွယ်လယ်ယါ/ပြန်ဆက်/စက်မှု့စား
ကုန်စတဲ့မရေမတွက်နိုင်တဲ့ဌာနတွေကိုဖျက်ပြီး အဲ့ဒီကငွေတွေကို ပညာရေး
ကျန်းမာရေးမှာသုံးမယ်ဆိုတာမျိုးတောင် ရဲရဲဝံဝံ မလုပ်ဘဲနဲ့ ဘယ်လိုလုပ်
ပြုပြင်ပြောင်းလဲရေးလုပ်မှာလဲ ဆေးရှိဖို့မပြောနဲ့ အနာတောင် အနာမှန်းမသိ
ဘူး လှတော ရွာက အဒေါ်ကြီးပြောသလို သောက်-ုတ် အနာလုပ်နေတာ
ဘာလုပ်စားမှာလဲ ဆိုတာလိုဖြစ်နေပြီ။
နအဖအစိုးရအဆက်ဆက်ကနေလက်ရှိအစိုးရအထိ အနာမသိခဲ့ဖူးလို့ 
ပြောကြမယ်ဆိုရင် ပြည်သူတွေကယုံကြမှာမဟုတ်ပါဘူး...
အမှန်ကတော့သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေကြတာပါ...
လူနာမျက်ဖြူဆိုက်လေဆရာဝန်ကြိုက်လေ ဆိုတဲ့စကားအတိုင်း
ကျင့်သုံးခဲ့ကြတာပါ...