Wednesday, August 1, 2012

ဇူလိုင်လ ၂၄ ရက်နေ့အထိ စာရင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် လျှပ်စစ်စီမံကိန်း စုစုပေါင်း ၄၄ ခုရှိ CPI အပါအ၀င် တရုတ်ကုမ္ပဏီအများစု လုပ်ကိုင်ခွင့် ရရှိ


ဇူလိုင်လ ၂၄ ရက်နေ့အထိ စာရင်းအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် လျှပ်စစ်စီမံကိန်း စုစုပေါင်း ၄၄ ခုရှိ CPI အပါအ၀င် တရုတ်ကုမ္ပဏီအများစု လုပ်ကိုင်ခွင့် ရရှိ  

ဇူလိုင်လ ၂၄ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည့် လျှပ်စစ်စီမံကိန်းစုစုပေါင်း ၄၄ ခုရှိပြီး စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၄၂၀၀၀ကျော်နှင့် ရင်းနှီးမြှုပ်နှံမှုငွေ ပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၂၀၀၀ ကျော်ရှိကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမြင့်ဇော်က''ဇူလိုင်လ ၂၄ရက်နေ့အထိ MOU (Menorandum of Understanding) လက်မှတ်ရေးထိုးပြီးသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်  စီမံကိန်း စုစုပေါင်း ၄၄ ခု စက်တပ်ဆင်အား ၄၂၁၄၅.၅မဂ္ဂ၀ပ် ရှိပြီး လက်ရှိအချိန်တွင် ၎င်းစီမံကိန်းများအနက်မှ ဖက်စပ်သဘောတူစာချုပ် JVA လက်မှတ်ရေးထိုးပြီးအဆင့် စီမံကိန်းသုံးခုသာရှိရာ ၎င်းစီမံကိန်း သုံးခုအနက် စီမံကိန်းတစ်ခုဖြစ်သော မြစ်ဆုံကို ရပ်ဆိုင်းထားပါတယ်။ ကျန်စီမံကိန်းနှစ်ခုမှာလည်း လုံခြုံရေး အခြေအနေအရ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ စတင် လုပ်ဆောင် နိုင်ခြင်းမရှိသည့်အတွက် ပြီးစီးမည့်နှစ်ကို ဖော်ပြနိုင်ခြင်းမရှိသေးကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော လျှပ်စစ်စီမံကိန်း စုစုပေါင်း ၄၄ ခုရှိပြီး ၎င်းစီမံကိန်းများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၄၇၇.၆၃ သန်းရှိကြောင်း ပြောကြားခဲ့သည်။ထို့ပြင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)  JV/BOT စနစ်ဖြင့် ဆောင်ရွက် ရာတွင် အဆင့်ငါးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားခဲ့သည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်မည့် ကုမ္ပဏီများမှာ CPI အပါအ၀င် တရုတ်ကုမ္ပဏီအများစုဖြစ်သည်။ CPI ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း၊ ချီဗွေ ရေအားလျှပ်စစ်စီမံကိန်း၊ လိုင်ဇာ ရေအားလျှပ်စီမံကိန်း၊ ၀ူဆောက်ရေအားလျှပ်စစ်စီမံကိန်း၊ ခေါင်လံဖူးရေအားလျှပ်စစ်စီမံကိန်း၊  ယီနန်ရေအားလျှပ်စစ်စီမံကိန်း၊ ဖီဇောရေအားလျှပ်စစ်စီမံကိန်းနှင့် ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်းများကို လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိ ရှိရသည်။

အခြား လုပ်ပိုင်ခွင့်ရရှိထားသော ကုမ္ပဏီများမှာ Hydro China  နှင့်  IGOEC ၊ NHPC ၊ Three Gorges နှင့် EGAT နှင့် IGOEC ၊ Huaneng Lancang နှင့် ထူးကုမ္ပဏီ၊ China Guodian နှင့် ထွန်းသွင် ကုမ္ပဏီစသည့် ကုမ္ပဏီများဖြစ်ကြောင်း သိရှိရသည်။ ရေတိုကာလ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် လက်ရှိရန်ကုန်မြို့တွင် တည်ဆောက်ထားသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ အနက် Frane-6 GT (၆)လုံးအား အဆင့်မြှင့်တင်ခြင်း ပြုလုပ်ရန်အတွက်လည်းကောင်း၊ ရွာမမှ NEDO H-25 သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ကို အကြီးစား ပြုပြင်ရန်အတွက်လည်းကောင်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်၊ လှော်ကားတွင် တရုတ်နိုင်ငံအခြေစိုက် Hydrolancang Co.,Ltd အနေနှင့် ၅၄၃ မဂ္ဂါဝပ် ပမာဏရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံအခြေစိုက် Busan Korea Biotechnology Co.,Ltd အနေဖြင့် ၅၀၀ မဂ္ဂါဝပ်ပမာဏရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ရုံကိုလည်းကောင်း အသီးသီး တည်ဆောက်ရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။