Friday, August 3, 2012

လယ်မြေ၊ ယာမြေ


လယ်မြေ၊ ယာမြေ:

နေ့သစ်Renaissance, 1August 2012   —-  မြန်မာနိုင်ငံဟာ သက်ဦးဆံပိုင် ဘုရင် စနစ်နဲ့ အုပ်ချုပ်စဉ် ကာလက လယ်ယာစိုက်ပျိုးသူတွေဟာ ရှင်ဘုရင်ကို အခွန် တော်ဆက်သပြီး လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းနဲ့ အသက်မွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ကျူးကျော်သူ အင်္ဂလိပ်တွေ ရဲ့ ကိုလိုနီဖြစ်ပြီးချိန်မှာတော့ တောင်သူလယ်သမား အတော်များများဟာ အန္ဒိယက လာတဲ့ ချစ်တီးကုလားတွေရဲ့ လယ် ကျွန်၊ ယာကျွန်အဖြစ်နဲ့ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ရပါတယ်။ အစပိုင်းမှာ ချစ်တီးတွေကို လယ်ကျွန်အ ဖြစ် စေခိုင်းဖို့ သွင်းလာခြင်းဖြစ်ပေမဲ့ ငွေရှင်ချစ်တီးကုလားတွေ ၀င်ရောက်လာပြီးနောက် ဆင်းရဲတဲ့ လယ်သမားတွေကို အတိုးနှုန်းကြီးကြီးနဲ့ ငွေချေးခဲ့ပြီး အကြွေးပြန်မဆပ်နိုင်တော့တဲ့ အခါမှာ လယ်ယာမြေတွေ၊ သမီးပျိုတွေကို သိမ်းပိုက်ပြီး နောက်မှာတော့ ချစ်တီးတွေဟာ လယ်ပိုင်ရှင်တွေ ဖြစ်လာကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာတော့ အခုလူပြောများနေတဲ့ ၁၉၅၃ ခုနှစ် လယ်ယာမြေဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းဥပဒေတွင် တောင်သူလယ်သမားများသည် လယ်ယာမြေကို လုပ်ပိုင်ခွင့်နှင့် လယ်ယာမြေမှထွက်ရှိလာသော အကျိုး အမြတ်များကို ခံစားပိုင်ခွင့်ရှိပါတယ်။ ထိုဥပဒေရဲ့ အဓိက အားနည်းချက်က နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံဇာတ၊ ရေ ပေါ်ရေအောက် သယံဇာတတွေကို နိုင်ငံတော်ကပဲ ပိုင်ဆိုင်တယ်လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ အဲဒီ့ဥပဒေအောက်မှာ ဘယ်လို ပုဂ္ဂိုလ်ကမှ လယ်ယာမြေတွေကို လုယူတာမျိုးမရှိခဲ့ပါဘူး။ အဲဒီ့ခေတ်က လယ်သမားတွေမှာ ပစ္စည်းဥစ္စာ ရွှေငွေပိုင်ဆိုင် ကြပါတယ်။ သားသမီးတွေကိုတောင်မှ တက္ကသိုလ်ပညာလို အဆင့်မြင့်ပညာရေးကို သင်ပေးနိုင်ခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ် က ဗိုလ်ချုပ်နေ၀င်းဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ် လစ်စနစ်ကို တည်ဆောက် ချိန်ကစလို့ မြန်မာတပြည်လုံး လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် အားလုံးကို နိုင်ငံ တော်က ပိုင်ပါတယ်။ နိုင်ငံတော်က စိုက်ဆိုတဲ့ စပါး မျိုးတွေကို စိုက်ကြရပါတယ်။ နိုင်ငံတော်က ဒီနှစ်အတွက် စပါးတင်း ဘယ်လောက်ပေးရမယ်လို့ ထုတ်ပြန်လိုက်ရင် ကိုယ့်လယ်ကထွက်တဲ့ စပါးက သတ်မှတ်ချက် ပြည့်သည်ဖြစ်စေ မပြည့် သည်ဖြစ်စေ တာဝန်ကျေစပါး ပေးကြရပါတယ်။ တာဝန်ကျေစပါး မပေးနိုင်ခဲ့တဲ့ လယ်သမားတွေဟာ ဖမ်းဆီးထောင်ချ ခံကြရပါတယ်။ ဖမ်းဆီးထောင်ချ မခံလိုတဲ့ လယ်သမားတွေဟာ လိုအပ်တဲ့စပါးတင်းရေကို အပြင်ကနေ ဈေးကြီးပေးဝယ် ပြီး ဖြည့်ပေး ရပါတယ်။
ဗိုလ်ချုပ်နေ၀င်းရဲ့ မျိုးသန့်စပါးစီမံကိန်းကြောင့် စပါးမျိုးတွေရောနှောသွားပြီး တချို့စပါးမျိုးတွေ မျိုးရင်းပြန်မရတော့တာ မျိုးတွေလည်း ကြုံရတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ တချို့ ၀မ်းစာ စပါးချန်ထားတာကို သိလို့ အဖမ်းခံရ၊ လယ်မြေနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အတင်းအသိမ်း ခံရတာကိုလည်း ကြုံကြရပါတယ်။ ဒါကြောင့် တချို့ဒေသက လယ် သမားတွေဟာ ဖိနှိပ်မှုကို မခံနိုင်တော့တဲ့အဆုံး တာဝန်ကျေစပါးလာသိမ်းတဲ့ ရဲတွေကို ခေါင်းဖြတ်သတ် လိုက်တာမျိုး တွေအထိ ဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးပါတယ်။
လယ်သမားတွေရဲ့ဘ၀ဟာ ဆင်းရဲတွင်း နက်သထက် နက်လာပါတယ်။ လယ်သမားသားသမီးတွေဟာ ပညာသင်ယူ နိုင်ခွင့် နည်းပါးလာပါတယ်။ နောက်တခါ နိုင်ငံတော်က စီမံချက်တခု ချမှတ်လိုက်တယ်ဆိုရင် လယ်သမားတွေဟာ သူ တို့ စိုက်ပျိုးထုတ်လုပ်နေတဲ့ လယ်မြေတွေကို လာသိမ်းတဲ့ စစ်တပ်ထံ ပေးအပ်လိုက်ကြရပါတယ်။ ၁၉၈၀ – ၈၁ ခုနှစ်က ပဲခူတိုင်း ပဲနွယ်ကုန်းဘက်က လယ်ယာမြေတွေကို စံပြသီးနှံ စီမံကိန်းအတွက် သိမ်းယူခဲ့ပါတယ်။ လယ်မြေတွေကို ခြံ ခတ်လိုက်ပြီး ကျို့တို့ကျဲတဲ သီးနှံတချို့စိုက်ပျိုးခဲ့ပေမဲ့ နောက်ပိုင်းမှာ လယ်ဆည်က လူကြီးတွေကပဲ လယ်သမားတွေကို သီးစား ချထားခဲ့ပါတယ်။ ထူးခြားချက်က သိမ်းယူခံခဲ့ရတဲ့ လယ်သမားတွေကိုတော့ သီးစားပြန်လည်ချမထားပါဘူး။ လယ်ယာမြေ အသိမ်းခံခဲ့ရတဲ့ တောင်သူလယ်သမားတွေဟာ သူတို့အသက်မွေးဖို့အတွက် တချို့ဟာ သူများလယ်တွေ မှာ အလုပ်သမားအဖြစ် ပြန်လည်လုပ် ကိုင်ခဲ့ကြရသလို တချို့လယ်သမားတွေကတော့ ရေကြည်ရာမြက်နှရာကို ရွေ့ ပြောင်းပြီး အသက်မွေးဝမ်းကြောင်းခဲ့ကြရပါတယ်။ အခုအချိန်အထိ အဲဒီ့လယ်မြေတွေဟာ အထက်ပိုင်း နိုင်ငံလူကြီး တွေရဲ့ လုပ်စားနေတဲ့ နေရာတခုအဖြစ် ရှိနေပါသေးတယ်။
ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း အာဏာသိမ်းစစ်အစိုးရ လက်ထက်ရောက်တော့ မြေသိမ်းယာသိမ်းကိစ္စတွေ ပို လို့များပြားလာပြီး သိမ်းယူ သူတွေကလည်း ပိုလို့တောင်မှ ရမ်းကားလာကြပါတယ်။ ၁၉၉၈-၉၉ ခုနှစ်တွင်းမှာတော့ ပန်း တနော်မြို့နယ်အတွင်း ရေနက်ကွင်းဖော်ထုတ်ရေး စီမံချက်ကို ဖော်ဆောင်ရန် ကုမ္ပဏီ (၁၀) ခုကို တာဝန်ပေးအပ်ခဲ့ပါ တယ်။ ကုမ္ပဏီတွေရဲ့တာဝန်က လယ်ယာကုန်ထုတ်လုပ်ငန်းကို အဓိကထား လုပ်ဆောင်ရမှာဖြစ်ပြီး လယ်ဧက (၃၅၆၆၅) ဧက ထုတ်ဖော်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေဟာ လယ်ယာလုပ်ငန်း၊ ရေနက်ကွင်းတူးဖော် ရေးလုပ် ငန်းတွေကို အောင်မြင်အောင်မလုပ်ကိုင်ခဲ့ဘဲ အင်းဂရံများကိုပဲ အဓိကထားလုပ်ကိုင်ခဲ့ကြတာကြောင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်စေရန် လယ်မြေတွေပေးအပ်ခဲ့ရတဲ့ လယ်သားတွေဟာ အလုပ်အကိုင်မဲ့သွားတာပဲ အဖတ်တင်ခဲ့ပါတယ်။ အဲဒီ့ အချိန်တုန်းက အကြောက်တရာလွှမ်းမိုးခံ ခဲ့ရတဲ့ လယ်သမားတွေဟာ မကြေနပ်ပေမဲ့ ဘာမှမပြောနိုင်ခဲ့ပါဘူး။ အခုအချိန် အထိ အဲဒီ့ဒေသမှာ လယ်သမားတွေလယ်လုပ်ဖို့ မြေတွေမရှိတော့ဘဲ ကုမ္ပဏီတွေရဲ့ အင်းတွေအဖြစ် ရှိနေပါတယ်။ လယ်သမားတွေဟာ အလုပ်လက်မဲ့ဘ၀နဲ့ အခြားတိုင်းပြည်တွေကို အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာသွားခဲ့ကြရတယ်လို့ အဲဒီ့ ဒေသခံတွေက ပြောပြခဲ့ကြပါတယ်။
လယ်ယာမြေတွေ သိမ်းယူခဲ့ကြတာရဲ့ နောက်ဆက်တွဲအဖြစ် ရွာတွေမှာ လူငယ်၊ လူရွယ်တွေ မရှိကြတော့ဘဲ အသက် မွေး ၀မ်းကြောင်းမှုတွေလုပ် ကိုင်ဖို့  အခွင့်အလမ်းတွေရှိတဲ့ အခြားနိုင်ငံတွေကို ထွက်ခွာလာခဲ့ကြတာကြောင့် ပြည်တွင်း မှာ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးနေပါတယ်။ တပါးနိုင်ငံကိုထွက်ခွာခဲ့ကြရတဲ့ လူငယ်လူရွယ်တွေဟာ အဲဒီ့နိုင်ငံက နိုင်ငံသားတွေမလုပ်ချင်တဲ့၊ အန္တရာယ်များတဲ့ ၊သန့်ရှင်းမှုမရှိတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေကိုလုပ်ကိုင်ရင်း သူတို့ရဲ့ တန်းဖိုးရှိတဲ့ လူငယ်ဘ၀ကို ကုန်ဆုံးစေကြရသလို၊ တချို့လည်း ရောဂါဝေဒနာစွဲကပ်၊ ထိခိုက်ဒဏ်ရာကြောင့် လူစဉ်မမီ တော့တဲ့ ဘ၀တွေကို ရခဲ့ကြတာကြောင့်လည်း မိဘဆွေမျိုးတွေ ၀မ်းနည်းကြေကွဲကြရတယ်လို့ ပြောပြကြပါတယ်။
ယနေ့ မြန်မာပြည်မှာတော့ လယ်သမားတွေဟာ သူတို့ရဲ့ဘိုးဘွားပိုင်မြေတွေကို စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေက ဘယ်တော့လာသိမ်းမလဲလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေရတာပါ။ ယခုအစိုးရအနေနဲ့ လုပ်ခ၊ လစာနဲပါးတဲ့ အလုပ်သ မားတွေရဲ့ အရေးကို အနည်းငယ်ပြေလည်အောင် ဖြေ ရှင်းပေးနေပေမဲ့ လယ်သမားတွေရဲ့ လယ်ယာမြေ ပြဿနာကို ဖြေရှင်းဖို့ နှောင့်နှေးကြန့်ကြာနေပါတယ်။ လွှတ်တော်ထဲမှာ လယ်ယာမြေဥပဒေကို အတည်ပြုပြဋ္ဌာန်းချိန်နီးလာလေ လယ်မြေတွေ သိမ်းယူမှုပိုများလာတာက ရိုးရိုးသားသား အခြေအနေလို့ ဘယ်လိုမှ မယူဆနိုင်ပါဘူး။
လယ်ယာမြေ သိမ်းယူမှုတွေမှာ နောက်ထပ်ပါလာတဲ့ အုပ်စုကတော့ စစ်တပ်ပါပဲ။ လောလောဆယ် မန္တလေးတိုင်း၊ မိုး မိတ်မြို့နယ်အတွင်းရှိ “လက်ခုပ်ရွာ” က ဧက (၂၀၀) ကျော်ကို ဒေသခံ ခမရ (၃၈၄) က သိမ်းယူထားပြန်ပါတယ်။ ဒေသ ခံလယ်သမားတွေအပေါ် ကျူးလွန်နေတဲ့၊ ကျူးလွန်နေဆဲ ဥပဒေမဲ့လုပ်ရပ်တွေအတွက် လယ်သမားတွေ ပြင်းပြင်းထန် ထန် ခံစားနေရချိန်မှာ တိုင်းတပါးက လယ်ယာကဏ္ဍအတွက် ရင်းနှီးမြုပ်နှံလိုမှုတွေဟာ အကျိုးအမြတ်ကြီးမားလှတဲ့အ တွက် တပ်ပိုင်နှင့် ဦးပိုင်မြေနေရာတွေအဖြစ် လိုက်လံသိမ်းယူနေတာဟာ အောက်ခြေက လယ်သမားတွေအတွက် တော့ မခံမရပ်နိုင်စရာပါပဲ။
လယ်မြေသိမ်းယူမှုမှာ ပါဝင်ပတ်သက်နေတဲ့ လွှတ်တော်အမတ်တစ်ဦးရဲ့ မှတ်ချက်ချသံက တော်တော်စိတ်ပျက်ဖွယ်ရာ ပါပဲ။ အရင်တုန်းက လယ် မြေသိမ်းယူမှုတွေမှာ ယခင်တုန်းက ဘာသံမှ မထွက်ပဲ အခုမှ အသံတွေထွက်လာက “ပြင်ပ သွေးထိုးမှုကြောင့်” လို့ အတိအလင်းထုတ်ပြောလာတဲ့အခါ တောင်သူလယ်သမားတွေအပေါ်သူ့ရဲ့ သတ်မှတ်ချက်က စိတ်ပျက်စရာမကောင်းဘူးလား။
မိတ္ထီလာခရိုင်အတွင်းမှာ လယ်မြေတွေမတရား သိမ်းခံထားရတဲ့ လယ်သမားတွေက သူတို့ပိုင်လယ်မြေတွေ ပြန်လည်ရရှိ ရေးအတွက် ထွန်တုံးတိုက်ပွဲဆင်နွဲခဲ့ကြပါတယ်။ အဲဒီလိုဆင်နွဲနေချိန်မှာ တာဝန်ရှိသူတွေ ဘယ်လိုရပ်တည်လဲဆိုတာက အရေးကြီးပါတယ်။ မိတ္ထီလာခရိုင်တွင်းက လယ်မြေတွေဟာ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပါတယ်။
သူတို့ရဲ့လယ်မြေတွေကို ပြန်လည်ရရှိဖို့ သက်ဆိုင်ရာကို စာတင်ခဲ့ပေမဲ့ သက်ဆိုင်ရာက အကြောင်းပြန်ကြားခြင်းမရှိတဲ့ အပေါ်လယ်သမားတွေက ထွန်တုံးတိုက်ပွဲဆင်နွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်နေချိန်မှာ အားနည်းသူကို အနိုင်ကျင့်ခွင့် လိုင်စင်ရထားတာက ကောင်းကင်ကုမ္ပဏီနဲ့ ဗိုလ်ချုပ်ပြည့်စုံတို့ အဖွဲ့ပါပဲ။
လယ်သမားတွေရဲ့ ထွန်တုံးတိုက်ပွဲကို ရပ်တန့်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်အုပ်က ဦးဆောင်ပြီး ပြေပြေလည် လည်ဖြေရှင်းမယ်လို့ စေ့စပ်ခဲ့ပေမဲ့ ကတိစကားကို ဖေါက်ဖျက်သူက လယ်သမားတွေမဟုတ်ဘဲ ကောင်းကင်ကုမ္ပဏီက ဖြစ်နေပါတယ်။
သိမ်းယူသူတွေဘက်က ကတိစကားကို ဖျက်လိုဖျက်စီး ကြံစည်တာတွေရှိနေပေမဲ့ တာဝန်ရှိသူတွေဘက်က ထိမ်းသိမ်း ခြင်း အလျင်းမရှိတဲ့အတွက် အားလုံးက အလိုတူအလိုပါတွေများလားလို့ စဉ်းစားမိတာကလည်း အကြိမ်ကြိမ်ပါပဲ။ လယ် ဆည်ဝန်ကြီးတွေရဲ့ နှုတ်ထွက်စကားက အံသြ စရာမရှိပေမဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ထိန်လန့်စရာကောင်းပါ တယ်။ မဆလ ခေတ်က သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေအတွက် စာရင်းဇယားမရှိတော့လို့ မဖြေရှင်းနိုင်တော့ဘူးဆိုတဲ့ စကားရပ်က နိုင်ငံကိုဦးဆောင်နေသူတွေအနေနဲ့ တာဝန်ခံမှုမရှိဘူးလားလို့ မေးချင်ပါတယ်။ မဆလ နောက်ပိုင်း စစ်တပ် အစိုးရလက်ထက် သိမ်းယူမှုတွေက ဥပဒေနဲ့အညီလို့ပြောတဲ့အတွက် ရေနက်ကွင်းစီမံကိန်းအတွက် သိမ်းယူခဲ့တဲ့ လယ် မြေတွေမှာ ရေနက်ကွင်း စီမံချက်မအောင်မြင်တော့ ဗိုလ်ချုပ်တွေက သီးစားချစားနေတာကို ဥပဒေနဲ့ညီတယ်လို့များ ပြောချင်နေသလား။
ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်အနေနဲ့ လယ်သမားတွေအရေးကို မြန်မြန် မဖြေရှင်းနိုင်ဘူးဆိုရင် ဆိုးရွားတဲ့ ပြဿနာတွေ ကို ဖြေရှင်းရပါလိမ့်မယ်။ တရားဥပဒေပြင်ပမှာ တဦးအပေါ်တဦး ရက်ရက်စက်စက် ဖြေရှင်းတာတွေ ဖြစ်လာကြရင် တိုင်း ပြည်ရဲ့ တည်ငြိမ်မှုပျက်ယွင်းသွားမှာ သေချာပါတယ်။ တောင်သူလယ်သမားဆိုတာ ကျမတို့ တိုင်းပြည်မှာ အနိမ့်ကျဆုံး၊ အဆင်းရဲဆုံး လူတန်းစားတွေပါ။ သူတို့ကို သေမထူး၊ နေမထူးအခြေအ နေကို တွန်းပို့လိုက်တာမျိုးကို မဖြစ်စေချင်ပါဘူး။ အဲဒီလို ဖြစ်ခဲ့ရင် ဘယ်သူ့အတွက်မှ အကျိုးမထူးပါ။
နိုင်ငံခြားမြုပ်နှံသူတွေ ၀င်ရောက်လာတဲ့ အခါ ဒေသခံလယ်သမားတွေလည်း အကျိုးအမြတ်ရှိမယ်ဆိုရင် တိုင်းပြည် ထူ ထောင်ရေးလည်း ပိုမိုမြန်ဆန်လာနိုင်ပါတယ်။ ကျမတို့ အခုနေထိုင်နေတဲ့ ထိုင်းနိုင်ငံဟာ စက်မှုရော၊ စိုက်ပျိုးရေးကိုပါ လုပ်ကိုင်တဲ့ တိုင်းပြည်ဆိုတော့ အလုပ်အကိုင်လည်း ပေါများပါတယ်။ ထိုင်းတောင်သူတွေကို အစိုးရက အကောင်းဆုံး ထောက်ပံပေးပါတယ်။ ထိုင်းအစိုးရလို မထောက်ပံပေးနိုင်သေးရင်တောင်မှ လယ်သမားတွေ ကိုယ့်လယ်မြေမှာ ကိုယ် စိတ်ချလက်ချ လုပ်ကိုင်ခွင့်လေးကိုပေးဖို့ လိုပါလိမ့်မယ်။ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရင် တောရွာတွေမှာရှိနေတဲ့ လူငယ်တွေ အလုပ်အကိုင်ရလာနိုင်ပါတယ်။
ဝမ်းတွင်းမြို့နယ်၊ အိုးပြွန်ကန် ကျေးရွာမှ တောင်သူ ဦးကျော်ဝင်းရဲ့ လယ်မြေထဲကို ကောင်းကင်ကုမ္ပဏီက ၀င်ရောက် ထွန်ယက်တာကြောင့် တောင်သူ ဦးကျော်ဝင်းနဲ့ ဦးသိန်းအောင်တို့ ထွန်စက်ရှေ့မှာ လှဲအိပ်လိုက်တဲ့အဖြစ်အပျက်တွေ သတင်းစာမျက်နှာပေါ်တက်လာပါတယ်။ ကုမ္ပဏီ ရဲ့ တာဝန်ခံ ကိုဌေးလွင်ဆိုသူက ထွန်စက် ဆက်မောင်းဖို့ ပြောခဲ့ပေမဲ့ ထွန်စက်မောင်းသူက မမောင်းရဲလို့ ရပ်လိုက်တဲ့အကြောင်းလည်း တွေ့ရပါ တယ်။ အဲဒီ့အဖြစ်အပျက်ကို ကြည့်ရင် ကုမ္ပ ဏီတွေဘက်မှာ အာမခံပေးထားသူတွေရှိလို့သာ တောင်သူ ၂ ဦးကို အသေသတ်ပစ်ဖို့ ၀န်မလေးတာ သိသာနေပါ တယ်။
တပ်ပိုင်၊ ဦးပိုင်အနေနဲ့ အကျိုးအမြတ်အတွက်ရည်စူးပြီး လယ်မြေတွေကို သိမ်းယူနေတာဖြစ်သလို တောင်သူလယ်သ မားတွေအဖို့လည်း သူတို့လယ်မြေတွေကို တရားသဖြင့် ပြန်လည်လိုချင်တာပါ။ နိုင်ငံတော်အစိုးရအနေနဲ့ တောင်သူ လယ်သမားတွေနဲ့ ငွေရှင်တွေကြား အများလက်ခံနိုင်လောက်အောင် တရားမျှတတဲ့ လယ်ယာမြေဥပဒေတခု ပြဋ္ဌာန်းဖို့ လိုနေပါတယ်။
ခင်ငြိမ်းသစ်
ကိုးကား …

မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက်သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ


Hot news weekly

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။