ပြည်သူတွေ တာဝန်ကျေတယ် (၁)
ကျနော်တို့အဖွဲ့ ခရီးထွက်ခဲ့ကြတယ်။ ရှေးဦးမစွ ရောက်ဖူးပေါက်ဖူးခြင်း တကြိမ်မျှမရှိသေးတဲ့ အညာဒေသ ခင်ဦးမြို့နယ် ဆိုပါတော့။ အဓိက ဖိတ်ခေါ်သူက ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာက ပရဟိတကျောင်းတိုက်မှ သက်တော် (၈၀) ၀ါ တော် (၆၀) ရနာယက ဆရာတော်ရဲ့ ကိုယ်ပိုင်ယာမြေလေးကို ရောင်းချပြီး ဘုရားသိမ်ကျောင်း တည်ထားဖို့ကိစ္စကနေ ခင်ဦးမြို့နယ်အတွင်းက လယ်သိမ်းခံ မြေသိမ်းခံ တောင်သူတွေရဲ့ ကိစ္စတွေအဆုံး သိမ်းကြုံးပြီး မှတ်တမ်းတင်နိုင်ခဲ့ပါ တယ်။ဆရာတော်ကြီး၏ ဘုရားသိမ်ကျောင်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေး အကူအညီလိုအပ်လျှက်ရှိ ဆရာတော်ကြီးက ဘုရားသိမ်ကျောင်းဆောက်လုပ်လိုတဲ့အတွက် တခြားမှာရှိတဲ့ သူ့ကိုယ်ပိုင်မြေကို အလွှဲအပြောင်းလုပ်တယ်။ ကျောင်းပ ရ၀ဏ်နဲ့ နီးရာက ယာမြေကို ပြန်ယူတယ်။ အဲဒီယာမြေဟာလည်း ရွာသစ် ချပေးထားတဲ့ နေရာနဲ့ ဘုန်းကြီးကျောင်းရဲ့ ကြားမှာ တည်ရှိနေပြီး စိုက်ပျိုးလုပ်ကိုင်ခြင်း မပြုတော့ပါဘူး။ ဆရာတော်က အဲဒီမြေပေါ်မှာ အကွက်ရိုက်ရောင်းချပြီး ဘုရားသိမ်ကျောင်းဆောက်လုပ်ဖို့ စီစဉ်ထားရာမှာ ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်လိုသူတွေ ကြောင့် ကျန်ရှိနေတဲ့ ဒကာ၊ ဒကာမတွေနဲ့ မညီမညွှတ်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ကလည်း ဆရာတော်၏ တင်ပြ လျှောက်ထားမှုကို ဆောင်ရွက်ပေးခြင်းမရှိတော့ဘဲ ဆရာတော်ရဲ့ ဘုရားသိမ်ကျောင်းဆောက်လုပ်နေမှုဟာ တိုးလို့တန်း လန်းနဲ့ ရပ်ဆိုင်းထားရတဲ့အဖြစ်ကို ရောက်ရှိခဲ့ရပါတယ်။
ဆရာတော်ဘုရားဟာ သက်တော်(၈၀) ၀ါတော်(၆၀) ရလို့ အိုလွန်းပြီဖြစ်တဲ့အပေါ်မှာ သူ့ဆန္ဒကို အကောင်အထည်ပေါ် အောင် အားလုံးသော ဒကာ၊ ဒကာမတွေကလည်း ဆန္ဒရှိနေကြပါတယ်။ အဲဒီအတွက် နောက်တကြိမ် ထပ်မံပြီး ဌာန ဆိုင်ရာအကြီးအကဲတွေကို စာတင်ဖို့၊ လန (၃၉) ခွင့်ပြုပေးဖို့ ဆရာတော်နှင့်တကွ အားလုံးသော တပည့်ဒကာ၊ ဒကာမ တွေက လက်မှတ်ရေးထိုးပြီး တင်ပြကြဖို့ စီစဉ်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ ပြောဖို့လိုတာက သာသနာရောင်၊ ဘာသာရောင် ထွန်းလင်းပြောင်ချင်ကြတယ်ဆိုတဲ့ ဗုဒ္ဒဘာသာဝင်တွေဟာ သာသနအကျိုးယောင်ယောင် နဲ့ ကိုယ်ကျိုးရှာလိုကြတာကို ထည့်သွင်းပြောရတော့မှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားဟာ သူ့စိတ်ဆန္ဒဖြစ်ပေါ်တာကို ဘယ်တပည့် ဒကာကိုမှ တာ ၀န်မပိစေဘဲ ကိုယ့် ရှိတာလေးနဲ့ ဖြစ်အောင် ဆောင်ရွက်ရာမှာ ဒီမြေပေါ်မှာ အကွက်ရိုက်ပြီးရင် ကိုယ်ကျိုးအတွက် သုံးလို သူတွေက ရှိနေတယ်။ ပေးကိုပေးရမယ် ဆိုတာမျိုးတွေ ဖြစ်ပေါ်လာလို့ ဒီဘုရားသိမ်ကျောင်း ဆက်လက်ဆောင်ရွက်နိုင် ခြင်းမရှိ ဖြစ်နေကြခြင်းပါ။
ရောက်တုံးရောက်ခိုက် အသက်တရာမနေရပေသည့် အမှုတရာပွေရတယ်ဆိုသလို တခြားသော ဒေသခံတွေရဲ့ ကြုံတွေ့ ခံစားနေကြတဲ့ပြဿနာတွေလည်း ကြားသိခဲ့ရပါတယ်။ ခင်ဦးမြို့နယ်အတွင်းမှာလည်း ဟိုးနှစ်ပေါင်းများစွာကတည်းက သိမ်းဆည်းခံထားရတဲ့ ယာမြေတွေရှိနေပါတယ်။ အမှုနှစ်ခုမှာ ပထမတခုက လယ်ယာမြေ (၄၃) ဧကကို မွေးမြူရေးလုပ် ကိုင်ဖို့ သိမ်းဆည်းလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလိုသိမ်ဆည်းပြီးချိန်ကတည်းက မွေးမြူရေးဆိုလို့ ဘာမျှလုပ်ကိုင်ခြင်း မရှိ ဘဲ တခြားသူတွေကို သီးစားပြန်ချစားတယ်လို့ သိရတယ်။ လက်ငုတ်လုပ်ကိုင်ခဲ့သူတွေကတော့ ခြေမဲ့လက်မဲ့ပါပဲ ခင်ဗျာ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ဆီက ကုလားသူဋ္ဌေးတယောက်ကို ငါးကန်တွေ အငှားချစားတာကိုလည်း ဒေသခံတွေက ပြောပါ တယ်။ ငါးမွေးကန်အဖြစ် ယာမြေ (၉) ဧကလောက်ကို တူးဖော်လိုက်ပြီး ဘာမှဆက်မလုပ်တော့ပါဘူး။ လက်ရှိ အခြေအ နေနဲ့ ပတ်သက်ပြီး မေးမြန်း ကြည့်ရာမှာ ခင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လယ်တွေမှာ လူငှားတွေနဲ့ လုပ် ကိုင်နေတာကို သိရှိရပါတယ်။
အဲဒီအထဲက မိဘလက်ထက်က ဧကအနည်းငယ် ပိုင်ဆိုင်ခဲ့တဲ့ အဒေါ်တယောက်က ကျမတို့မှာရှိတာလေးက ဒါပဲ။ အဲဒါ ကို သိမ်းသွားတော့ အခုဆန်စက်တွေမှာ စပါးလှန်း၊ ဆန်ပြာ လျှောက်လုပ်နေရတယ်။ ကျမတို့လည်း သတင်းတွေကြားပါ တယ်။ တနိုင်ငံလုံးမှာ ဒီလိုကိစ္စတွေဖြစ်နေတာပါ။ ကျမတို့လယ်လေး တွေပြန်ရချင်တာပါတဲ့။ အဲဒီဒေသက ဦးဆောင်သူ တွေကလည်း ဒီမြေတွေကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အမြင့်ဆုံးတာဝန်ရှိလူကြီးတွေဆီအထိ တင်ပြပြီးပါပြီ။ ရောက်၏ မရောက်၏တော့ သူတို့လည်းမသိပါဘူး။ ဘာမှ ထူးထူးခြား ဆောင်ရွက်ပေးခြင်းမရှိတဲ့အပေါ်မှာ ဘာဆက်လုပ်ရမလဲ အ ခက်တွေ့နေကြတာပါ။
ဒုတိယ တမှုကတော့ လယ်မြေဧက (၁၀၀) ကျော်ပါတယ်။ စစ်တပ်က သိမ်းတာပါ။ စစ်ကသိမ်းရင် တရားဝင်တယ်လို့ ရှင်းပြတဲ့အခါ မဟုတ်ပါဘူး စစ်တပ်ကသိမ်းတယ်။ ပြီးတော့ သူများတွေကို သီးစားပြန်ချတယ်။ တပ်ကြပ်ကြီးတယောက် က လုပ်စားနေတာပါတဲ့။ အဲသလို အဲသလိုတွေ ရှိပါတယ်။ အမှုကုန်ပြီလား မမေးပါနဲ့ဦး။ နောက်တမှုက ယာမြေတွေ အနီးမှာ အုတ်ဖုတ်တာပါ။ အဲဒီအတွက် အနီးအပါးက ယာသမားတွေဟာ တနှစ်ထက်တနှစ် အထွက်လျှော့လာပါတယ်။ မြေတွေက မြေကျက်တွေလိုဖြစ်လာတယ်။ နောက်ပြီး အုတ်ဖုတ်ဖို့ ထင်းခုတ် ထင်းသယ်နဲ့ စိုးရွာစွာ ပျက်စီးလာနေတဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းလည်း ဒေသခံတွေအထိုက်အလျှောက် ပြောကြပါတယ်။
ဒီဟာက တရားဝင်လုပ်နေတာလား ဆိုတော့ မသိပါဘူး။ သူတို့ ပိုက်ဆံပေးပြီး လုပ်နေတာကို သိတယ်။ နေပြည်တော်လို နေရာမျိုးမှာတောင် လက်အုတ်တွေ မသုံးတော့ဘဲ ဗြုံးအုတ်တွေ သုံးလာနေပြီ။ အဲဒါ ဒီမှာ အခုထိ အုတ်ဖုတ်နေတာကို ငွေစားပြီး ခွင့်ပြုထားတဲ့အပေါ်မှာ တင်ပြတိုင်တန်းလိုစိတ် ရှိနေကြပါတယ်။
အညာဒေသ လမ်းပမ်းဆက်သွယ်ရေးကတော့ မဆိုးလှပါဘူး။ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာ ရောက်နေစဉ် ဒီပဲယင်းဘက်က ရပ်မိရပ်ဖတဦးရောက်လာပြီး သူတို့ဘက်မှာလည်း စစ်တပ်ကသိမ်းပြီး သီး စားပြန်ချစားထားတဲ့အကြောင်း ပြောပြန်ပါတယ်။ လက်ငုတ်လုပ်ကိုင်သူတွေကိုတော့ ပြန်လည်ချထားခြင်း မရှိတဲ့အပေါ် မှာ တင်ပြတိုင်ကြားပြီး ဖြစ်တဲ့အကြောင်းလည်း သိရပါတယ်။
ခရီးရောက်မစိုက် သိရတဲ့သတင်းက ကဒ်စော့လို့ ထောင် (၂) နှစ်ကျရရှာတဲ့ အမျိုးသားအတွက် ရတတ်မအေး ဖြစ်နေ ရရှာတဲ့ ဇနီးပါ။ ဖြစ်ပုံက လူကြီး (၃) ယောက် အပြင်းပြေ ဖဲမဟုတ်တဲ့ ကဒ်စော့တာကို အတို့အထောင်ကြောင့် ရဲနဲ့ ရပ် ရွာလူကြီးက လာရောက်ဖမ်းဆီးသွားချိန်မှာ အိမ်ရှင်ဖြစ်တဲ့သူ့အမျိုးသား တယောက်သာ အဖမ်းခံရပါတယ်။ ထောင်ကျပါ တယ်။ ကျန်တဲ့သူတွေကို မနာလိုဝန်တိုလို့ ထောင်ကျစေချင်လို့ မဟုတ်ပါဘူး။ အမှုစစ်ဆေးတဲ့နေရာမှာ မှန်ကန်မှုမရှိတာ ကြောင့် အခုလိုမဟုတ်မမှန် ခံရတာကို ရင်နာမဆုံး ဖြစ်နေခြင်းပါ။ သားသမီး နှစ်ယောက်ရှိရာမှာ သားငယ်လေးက ကိုရင် ၀တ်နေပြီး သမီးလေးတယောက်နဲ့ လုပ်ကိုင်စားသောက်နေရပါတယ်။ ကဒ်ဝိုင်းကစားတဲ့နေရာမှာလည်း ပိုက်ဆံအပုံ လိုက်နဲ့ စီးပွားဖြစ်လုပ်နေတာ မဟုတ်ဘဲ ထုံးတို့ကြေး ကစားနေကြတာပါ။ ဒီဝိုင်းမှာ ကျေးရွာကြံ့ဖွံ့ခေါင်းဆောင်ပိုင်း တ ယောက်လည်းပါတယ်။ အမှုက ကွင်းလုံးကျွတ်မလိုလိုနဲ့ သူ့ယောက်ျားထောင် ကျသွားခြင်းအပေါ် သက်ညှာသောအား ဖြင့် အမှုမှန်အတိုင်း ပြန်လည်စစ်ဆေးပေးဖို့ တင်ပြမှာပါတဲ့။ တိုင်းမှူးအဆင့်ထိ တင်ပြပြီး ဖြစ်တဲ့အကြောင်းလည်း ပြသ ပါတယ်။
အစိုးရနဲ့ ပြည်သူဆိုတဲ့အခန်းဟာ နိဂုံးချုပ်ပါပဲ။ ပြည်သူတွေဟာ စားဝတ်နေမှုအတွက် လုံးပမ်းရသလို နိုင်ငံတော်အုပ်ချုပ် မင်းလုပ်သူတွေအတွက်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် သင့်တော်သလို ထောက်ပံ့ပေး နေကြသူတွေပါ။ ပြည်သူနဲ့ အစိုးရကြားမှာ ကြီးကြီးမားမားကို ကွာဟနေပါတယ်။ အစိုးရရဲ့ အနိုင်ကျင့်ခြင်းကို ခံရတယ်လို့ ပြည်သူတွေစိတ်ထဲမှာ ကိန်းအောင်နေရင်ကို အလုပ်မဟုတ်တော့ပါဘူး။ တကယ်တော့ အရပ်သားအချင်းချင်းဖြစ်ရင်တောင် အမှုမှန်ဟာ ငွေ ကြေးပေါ်မှာ မူတည်နေပြီး အာဏာပါဝါရှိသူနဲ့ ရင်ဆိုင်ရမယ့် ကိစ္စမျိုးဆိုရင်တော့ ပြည်သူတွေ အရှုံးချည်းပါပဲ။
အဲဒီတော့ ပြည်သူဟာ ကိုယ်ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခအခက်အခဲကို တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေထံ အသနားခံရ တာတမျိုး၊ တင်ပြရတာတဖုံ အမျိုးမျိုးအဖုံဖုံ ကိုယ်တွေ့ ဒုက္ခဖြေရှင်းပေးဖို့ ကြိုးပမ်းကြရာမှာ အရာမထင်တဲ့သဘောတွေ သက်ရောက်နေပါတယ်။ ပြည်သူက ကိစ္စတခု မကျေမနပ်ဖြစ်တိုင်း တုတ်ထမ်း၊ ဓားထမ်းပြီး မိုက်ကြေးခွဲရရင်လည်း မင်းမဲ့ တိုင်းပြည်ဆန်တော့မယ်။ ရောက်နေတဲ့ နေရာ၊ ရာထူး၊ တာဝန်တွေကို စဉ်းစားပြီး ငါတို့လုပ်နေတာ ပြည်သူကိုအကျိုးပြု ရမယ့်အလုပ်လို့ သိလည်းသိကြပါ။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးမချဘဲ စဉ်းစားချင့်ချိန်ပြီး ပြည်သူတွေက တာဝန် သိသိနဲ့ တင်ပြတဲ့အပေါ်မှာ အရေးတယူဆောင်ရွက်ပေးကြပါလို့ ဆိုချင်ပါတယ်။ ပြည်သူတွေ တာဝန်ကျေတယ်လို့ ဆို ခြင်း အားဖြင့်…။
နောင်တော်လေး (ဘိုကလေး)
၁၃.၈.၂၀၁
No comments:
Post a Comment