စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ရှုထောင့် (၁)
ဆောင်းပါး -
ဆောင်းပါး
Friday, 27 July 2012 13:04
ပြည်တွင်းစာနယ်ဇင်းသမားများဘက်ကလည်း စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ ကျင့်သုံးနေသည့် ဆင်ဆာစနစ်ဖျက်သိမ်းရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ရရှိရေးကို တင်ပြတောင်းဆိုနေကြသည်။ ထို့ကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနရော၊ စာနယ်ဇင်းသမားများကပါ စာနယ်ဇင်းလွတ်လပ်ခွင့်အရေးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ချဉ်းကပ် အဖြေ ရှာဖို့ ကြိုးစားနေသည်ဟုဆိုနိုင်ပါသည်။
သို့သော် ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံများတွင် စာနယ်ဇင်းလွတ်လပ်ခွင့်များ ပြောင်းလဲကျင့်သုံးခဲ့သည့် အခြေအနေများကိုလေ့လာနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးချိန်တွင် ကျွန်တော်တို့အနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ( Media Development ) ဆိုသည့် အယူအဆနှင့်စတင်မိတ်ဆက်ခြင်းခံရတော့သည်။
မီဒီယာ
မီဒီယာဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို မပြောမီ မီဒီယာ အကြောင်းစပြောရမည်ထင်သည်။ ပြန်ကြားရေး ကဏ္ဍ တွင်အပြောင်းအလဲများ လုပ်သည့်အခါ ကျွန်တော်တို့ချဉ်းကပ်မှုများက ပုံနှိပ်မီဒီယာ ထို့ထက်ပိုပြီး ပြောရလျှင် စာနယ်ဇင်း၊ ထိုအထဲမှာမှ ဂျာနယ်နှင့် သတင်းစာများကို အဓိကထားပြီး ဘာလုပ်ရမလဲဟု စဉ်းစားသည်။ သူတို့က မီဒီယာ ဟု ခြုံငုံစဉ်းစားသည်။ ထိုသို့စဉ်းစားရခြင်းမှာ ၁၉၇၀ ပြည့်လွန်နှစ်များအထိ သတင်းစာများသည် ပြည်သူလူထုက သတင်းအချက် များရရှိရေးအတွက် အဓိက အားထားရာဖြစ်ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်တွင် ၂၄ နာရီပတ်လုံး သတင်းနှင့် သတင်း မှတ်တမ်း အစီအစဉ်များသာထုတ်လွှင့်သည့်စီအင်န်အင်န် (CNN) သတင်းဌာနပေါ်ပေါက်လာသည့် အချိန်တွင်မူ သတင်းစာ များ၏အခန်းကဏ္ဍမှာ ပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် CNN ကဲ့သို့သော ၂၄ နာရီသတင်း ထုတ်လွှင့် သည့် ရုပ်မြင်သံကြားသတင်းဌာနများ အများအပြားပေါ်ပေါက်လာရုံသာမက သတင်းသက်သက်ထုတ်လွှင့်သည့် FM အသံလွှင့်ဌာနများလည်း ရှိလာပြီဖြစ်သည်။
အထူးသဖြင့် သတင်းများကို အချိန်နှင့် တစ်ပြေးညီတင်ဆက်နေသည့် ရုပ်သံ လိုင်းများကသတင်းစာများထက် ပြည်သူများအတွင်းသို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ထိုးဖောက်နိုင်ပြီး ပြည်သူများ၊ အစိုးရနှင့် လွှတ်တော်တို့၏ သဘောထားများကိုပိုမိုလွှမ်းမိုးလာနိုင် သည်ကိုတွေ့ရသည်။ ထို့ကြောင့်ပင် အမေရိကန် နိုင်ငံရေးလောကတွင် CNN Effect ဆိုသော ဝေါဟာရအသစ်တခုပင်ပေါ်လာခဲ့ပြီး သမ္မတကလင်တန်၏ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိ ဖြစ်သူ အန်တိုနီလိတ်ခ်ကတော့ အမေရိကန်နိုင်ငံခြားရေးမူဝါဒက CNN ကင်မရာချိန်တဲ့ဘက်ကိုလိုက်လုပ်ရတာ ပိုများလာ ပြီ ("American foreign policy is increasingly driven by where CNN points its cameras.") ဟုပင် ဆိုခဲ့ရသည်။ထို့ကြောင့်လည်း သူတို့က စတုတ္ထမဏ္ဍိုင်ဟုပြောရာတွင် သတင်းစာ သက်သက်သာ မဟုတ် ပုံနှိပ်မီဒီယာရော၊ ရုပ်သံ မီဒီယာများ အားလုံးကိုပါ ခြုံပြီး မီဒီယာသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည်ဟု ဆိုသည်။ နောင်မကြာသောကာလများတွင် မီဒီယာ သစ်များဖြစ်သည် အွန်လိုင်း မီဒီယာများပါ စတုတ္ထ မဏ္ဍိုင် နေရာကို ၀င်လာတော့မည်ဟုလည်းဆိုသည်။
ယူနက်စကိုအဖွဲ့ကတော့ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသော ဆက်သွယ်ရေးနည်းလမ်းမှန်သမျှကို မီဒီယာဟု သတ်မှတ်သည်ကို တွေ့ရပါသည်-
(က) နိုင်ငံသားများအနေဖြင့် သတင်းအချက်အလက်နှင့်ပညာရေးဆိုင်ရာများကို အပြန်အလှန်ဖလှယ်ခြင်း။
( ခ) အတွေးအခေါ်၊ အယူအဆများ၊သတင်းအချက်အလက်များ၊ ပုံပြင်၊ ၀တ္ထုနှင့်အခြားအကြောင်းအရာ များကို ဖြန့်ချိခြင်း။
( ဂ) အုပ်ချုပ်သူနှင့် ပြည်သူများအကြား၊ ပြည်သူများအတွင်းရှိ အုပ်စုအမျိုးမျိုးကြား အပြန်အလှန်ဆက်သွယ် ခြင်း။
(ဃ) အယူအဆအမျိုးမျိုးရှိသည့် အဖွဲ့အစည်းများ၊အုပ်စုများကြား အပြန်အလှန်ဆွေးနွေးခြင်း၊ အငြင်းပွားမှု များကို ဒီမိုကရေစီနည်းကျဖြေရှင်းနိုင်အောင်အထောက်အကူပြုခြင်း။
( င) သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွင်းမှ ပြည်သူများအနေဖြင့် မိမိတို့အကြောင်းကို သိရှိအောင်၊ မိမိတို့ တန်ဖိုးထားသော အစဉ်အလာ၊ဓလေ့ထုံးစံများ၊ တန်ဖိုးများကို နားလည်လက်ခံလာအောင် အထောက် အကူပြုခြင်း။
( စ) နိုင်ငံအချင်းချင်းနှင် မိမိနိုင်ငံအတွင်း ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိအောင်၊ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများအတွင် စုစည်းညီညွတ်မှုရအောင် အထောက်အကူပြုခြင်း။
(ဆ) အစိုးရအဖွဲ့၏လုပ်ဆောင်ချက်များကိုစောင့်ကြည့်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးတွင် ပွင့်လင်း မြင်သာမှုရှိအောင်ဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ မှားယွင်းလုပ်ဆောင်မှုများကို စိစစ်တင်ပြခြင်း။
( ဇ) စီးပွားရေးစွမ်းဆောင်ရည်မြင့်မားအောင် အထောက်အကူပေးခြင်း။
( ဈ) ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေးနှင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများဖြစ်အောင် အထောက်အကူပြုခြင်း။
(ည) ကွဲပြားခြားနားသည့်တန်ဖိုးများကို လေးစားပြီး လူမှုအခွင့်အရေးများ ( Social Rights) များအတွက် လှုံ့ဆော်ခြင်း။
စာနယ်ဇင်းလွတ်လပ်ခွင့်
နောက်ထပ်ပြောဖို့လိုတာက စာနယ်ဇင်းလွတ်လပ်ခွင့်ကိစ္စဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့် ဟုဆိုလျှင် စာနယ် ဇင်းများကို ထုတ်ဝေခြင်းမပြုမီ အစိုးရစိစစ်သည့် ဆင်ဆာစနစ်မှ ကင်းလွတ်ခွင့်ရှိခြင်းဟုသာ ယျေဘူယျနားလည်ခဲ့သည်။ သို့သော် လက်တွေ့လေ့လာသည့်အခါ စာနယ်ဇင်းလွတ်လပ်ခွင့်တွင် ပိုင်ရှင်များ၏ ၀င်ရောက်စွက်ဖက်မှုမှ ကင်းလွတ် ခြင်း၊ ကြော်ငြာရှင်များ၊ စီးပွားရေးလုပ်ငန်းများ၏ ဖိအားပေးမှုမှကင်းလွတ်ခြင်းများပါ ပါဝင်သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့်လည်း အနောက်ဒီမိုကရေစီနိုင်ငံများတွင် အယ်ဒီတာလွတ်လပ်ခွင့်( Editorial Independent ) နှင့်ပတ်သက်ပြီး အစိုးရကလည်းကောင်း၊ သမဂ္ဂများကလည်းကောင်း အလေးထားကာကွယ်စောင့်ရှောက်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံ တွင် ဂုဏ်သိက္ခာကြီးမားသည့် သတင်းစာတစ်စောင်ကို စီးပွားရေးလုပ်ငန်းတစ်ခုက ၀ယ်ယူရန်ကြိုးစားသည့်အခါမျိုးတွင် ပိုင်ရှင်သစ်က ၎င်းတို့သာ ပိုင်ဆိုင်ခဲ့လျှင် သတင်းစာ၏ အယ်ဒီတာလွတ်လပ်ခွင့်ကို အာမခံကြောင်း အလေးထား ကတိ က၀တ်ပြုရသည်ကိုတွေ့ရမည်ဖြစ်သည်။
ထိုကဲ့သို့ ဖိအားပေးမှုအမျိုးမျိုးမှ ကင်းလွတ်သော စာနယ်ဇင်းကိုသာ လွတ်လပ် သောစာနယ်ဇင်း ( Independent Press) ဟု ပြည်သူတွေက အသိအမှတ်ပြုကြသည်။ ထိုမီဒီယာများ၏ ထင်မြင်ချက်များ၊ ခေါင်းကြီးများကို အလေးထားကြသည်။ စောင်ရေများရုံသက်သက်ဖြင့်၊ ၀င်ငွေကောင်းရုံသက်သက်ဖြင့် လေးစားခံရသည့် လွတ်လပ်သော စာနယ်ဇင်းအဖြစ် ကို မရရှိနိုင်၊ ထို့ကြောင့်လည်း ၁၉၉၁ ယူနက်စကို အထွေထွေညီလာခံက အတည်ပြု ခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားများ၏ဘ၀လုံခြုံရေးတို့နှင့် ပတ်သက်သော ၀င်းဟုခ်ကြေညာချက် Declaration of Windhoek တွင် လွတ်လပ်သောစာနယ်ဇင်းဆိုသည်မှာ အစိုးရ၊ နိုင်ငံရေးနှင့် စီးပွားရေး ထိန်းချုပ် မှုများမှကင်းလွတ်ခြင်း၊ စာနယ်ဇင်းထုတ်ဝေဖြန့််ချိခြင်းလုပ်ငန်းကိုဆောင်ရွက်ရန်လိုအပ်သည့် အခြေခံအဆောက်အဦများ၊ ပစ္စည်းများကို ထိန်းချုပ် ခြင်းမှ ကင်းလွတ်ခြင်းကို ဆိုလိုသည်ဟု ဖော်ပြထားသည်ကိုတွေ့ရမည်ဖြစ်ပါသည်။
“By an independent press, we mean a press independent from governmental, political or economic control or from control of materials and infrastructure essential for the production and dissemination of newspapers, magazines and periodicals.”
ဆက်လက်ဖော်ပြပါမည်
ရဲထွဋ်