Monday, August 27, 2012

ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ


ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ


Myitmaka Media Group, 27August 2012  —–  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့်သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင်   ပြဿနာများ  ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။
 ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌမှ ရေဘေးသင့် ပြည်သူများကို လှုဒါန်းသမျှပစ္စည်းများ အာလုံးကို မချွင်းမချန်ပေးကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို ပြဿနာများဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
 “ ကျွန်တော်တို့ရပ်ကွက်မှာ ဆန်ဝေတာကို ရပ်ကွက်အုပ်ချုပ်ရေးမူးက ဦးစီးတယ်၊ နောက်ပြီးတော့ ဆန်လာယူတဲ့သူတွေကို ကြံ့ခိုင်ရေး ကဒ်ပါမှ ဆန်ပေးတယ်၊ တခြားသူတွေ အထူးသဖြင့်NLD ပါတီအတွက် လုပ်ဆောင် ပေးနေတဲ့ ရပ်ကွက်သားတွေက ဆန်မရဘူး ’’ ဟု (၁၄) ရပ်ကွက်တွင်ဖြစ်ပွားသော အကြောင်းအရာများနှင့် ပတ်သက် ဥမ္မာန္တီ ၁၁ လမ်းတွင်နေထိုင်သူကို နေလင်းကပြောသည်။
 အဆိုပါပေးဝေမှုတွင် ဆန်မရရှိသောသူများမှ စုစည်းကာ ရပ်ကွက်ရုံးသို့ သွားရောက်ကာ မကျနပ်မှုများအား ဖော်ထုတ်ရာမှ တဆင့် လူ (၅) ဦးအဖမ်းခံခဲ့ရကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။
 “ အဓိကက ဆန်မရတဲ့သူတွေက ရပ်ကွက်ရုံးကို ဆဲတယ် ဆဲတဲ့ချိန်မှာလည်း အရက်တွေသောက်ထားကြလို့ စိုးကျော်ရယ်၊   မောင်စိုးအပါအ၀င် (၅)ယောက်ကို ဖမ်းထားတာပါ’’ ဟု အသည်ကြီး ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
 ပုသိမ်မြို့တွင် ယခုကဲ့သို့ ဖြစ်ပျက်နေမှုများမှာ (၁၄)ရပ်ကွက်တစ်ခုတည်းတွင်သာ  မဟုတ်ကြောင်းကိုလည်း သိရှိရသည်။
 ကယ်ဆယ်ရေးပစ္စည်းများ အဝေမတည့်ရာမှ တဆင့် သံဃာတော် တစ်ပါးအားဓားဖြင့်ခုတ်ခဲ့မှု (၁၂)ရပ်ကွက် တွင် ဖြစ်ပွားခဲ့ပြီး (၁)ရပ်ကွက်တွင်လည်း ဆန်ဝေရာမှတဆင့် ရပ်ကွက်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ခံတို့၏ ပြောပြချက်အရ သိရှိရသည်။
 “ ကျွန်တော်တို့ဆီမှာက ဆန်ဝေတာကို အိမ်နံပါတ်ရှိတဲ့သူတွေပဲ တစ်အိမ် တပြည်နှုန်းရတယ် ။ ရပ်ကွက် အတွင်း တကယ့်ဆင်းရဲသားဒုက္ခရောက်နေတဲ့ အိမ်ငှားတွေနဲ့ အခြားမြေကွက်တွေမှာနေတဲ့ သူတွေက မရဘူး၊  ဒါတွေအားလုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့မလှူရတဲ့ ပစ္စည်းတွေကို ခွဲတမ်းချပေးနေလို့ ဖြစ်ပွား နေတာပါ’’  ဟု (၁)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပြသည်။
မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)

''ကချင် ဒုက္ခသည်များအား အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဆိုခြင်းကို တရုတ်ငြင်းပယ်"


''ကချင် ဒုက္ခသည်များအား အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဆိုခြင်းကို တရုတ်ငြင်းပယ်"

From : PopularNewsတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကချင်တိုင်းရင်းသား ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်း စစ်ပွဲ ဖြစ်ပွားရာဒေသများသို့ အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဟူသောလူ့အခွင့်အရေးဆိုင်ရာထောက်ခံအားပေးသူများ၏ အစီရင်ခံစာအား ငြင်းပယ်လိုက်ပြီး ၄င်းတို့၏ဆန္ဒအရသာ ပြန်ကြခြင်းဖြစ်ကြောင်းပြောသည်။
သြဂုတ်လ ၂၄ ရက် သောကြာနေ့ထုတ် နယူးယော့တိုင်းမ်သတင်းစာတွင် ပါရှိသော ဆောင်းပါးအား တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရနှင့် ကေအိုင်အေတို့၏တိုက်ပွဲမှာ လျော့ပါးသွားခြင်းကြောင့် ဒုက္ခသည်များမှာ မူရင်းဒေသသို့ ပြန်ကြခြင်းသာဟု ပါရှိ သည်။ သို့ရာတွင် ဒေသခံများကမူ နှစ်ဘက်တိုက်ပွဲများ အရှိန်မြင့်တက်လာကြောင်း ဆိုကြသည်။
ထို့အတူ တရုတ်ပြည် နယ်စပ်သို့ ရောက်ရှိနေကြသော ကချင်လူမျိုးများမှာ ဒုက္ခသည်များ မဟုတ် ကြောင်း ပါရှိသည်။ “တချို့က နေ့ခင်းဘက်ဆို မြန်မာဘက် သွားအလုပ်လုပ်ပြီး ညဘက်မှ ဒီဘက်(တရုတ်နိုင်ငံ နယ်စပ်ဒေသ)ကို ယာယီပြန်လာကြတယ်”ဟု ၀န်ကြီးဌာနက ဆိုသည်။
မြန်မာနယ်စပ် ပြောင်းရွှေ့အခြေချနေထိုင်သူများအတွက်လည်း လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ စီစဉ်ပေးထားသည်ဟု ဆိုသည်။
အစိုးရနှင့် KIA တို့ကြား ၁၇ နှစ်ကြာ တည်မြဲခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်ပြယ်ခဲ့ပြီးနောက်ပိုင်း ကချင်လူမျိုး ထောင်ပေါင်းများစွာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။
အဆိုပါ ကချင်ဒုက္ခသည်များအား တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အတင်းအကျပ် နှင်လွှတ်နေခြင်း အပေါ် တိုင်းမ်သတင်းစာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအား မှတ်ချက်ပြုပေးရန် တောင်းဆိုပြီး နောက် တစ်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မှတ်ချက်ပြုရန် ငြင်းဆိုခဲ့သည်။
Human Right Watch ၏ သုတေသနပြုချက်အရ ဒုက္ခသည် ၁၀၀၀ အား မြန်မာသို့ အတင်းအကျပ် နှင်လွှတ်ခဲ့ပြီး ဒုက္ခသည် ၄၀၀၀ အား ယခုသီတင်းပတ်ကန်ုတွင် ပြန်ပို့ရန်စီစဉ်ထားသည်ဟု သိရသည်။
တရုတ်နိုင်ငံတွင် ထွက်ပြေးတိမ်းရှောင်နေသော ကချင်စစ်ဘေးဒုက္ခသည် ၇၀၀၀ မှ ၁၀၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း ၄င်းအဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။

Myanmar Express

အစိုးရက လယ်သမား တွေ အတွက် လူမှုတာဝန်ယူမှု ( Social Responsible ) ယူပေး ရမယ်။


အစိုးရက လယ်သမား တွေ အတွက် လူမှုတာဝန်ယူမှု ( Social Responsible ) ယူပေး ရမယ်။

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအတွက် ယာမြေ(၇၈၀၀ ဧက-ကျော်)များ အတင်းအဓမ္မသိမ်းပိုက်ခံထားရသော တောင်သူများက မိမိတို့၏ ဆုံးရှုံးနစ် နာနေမှုများအတွက် ယာမြေများပြန်လည်ရရှိရေးအတွက် မချီတက်လာစဉ်။ 
လယ်သမားတွေက မြေသိမ်းတယ်ဆိုရင် လယ်သမားတွေအတွက် ဘ၀အာမခံချက်ရှိတဲ့ 
စီပွားရေးလုပ်ငန်း၊ နေစရာ အိမ်မြေခြံ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျောင်း၊အားကစားကွင်း
ဆေးရုံ ၊ စာကြည့်တိုက်စတဲ့ လူမှုရေးတာဝန်ယူမှု ( Social Responsible ) ကို သိမ်းပိုက်တဲ့
အစိုးရ သို့ မဟုတ် ကုမဏီတွေက ပြန်ပြီး တာဝန်ယူပေးကြရပါတယ်။ 
ဒီလိုတာဝန်ယူမှု မရှိရင် ပြင်းထန် တဲ့လူထုလှုပ်ရှားမှုကြီးတွေဖြစ်ပေါ်လာနိင်ပါတယ်။ 

အိုလံပစ် က ပေးတဲ့ သင်ခန်းစာ


အိုလံပစ် က ပေးတဲ့ သင်ခန်းစာ

၂၀၁၂ လန်ဒန် အိုလံပစ်ပွဲ က စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ အတူ   ပြီးသွားပါပြီ။  ကမ္ဘာ့နိုင်ငံအသီးသီး က အိုလံပစ် ဆုရှင်တွေ၊ ကမ္ဘာ့စံချိန်တင်ခဲ့ သူတွေ က လည်း အသီးသီး ပေါ်ထွက်လာခဲ့တယ်။ အိုလံပစ်မှာ ပါဝင်ဆင်နွဲခဲ့ကြသူတွေ ထဲမှာ အသက် ၁၅ နှစ် အရွယ်တွေတောင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်။ ပါဝင်ယှဉ်ပြိုင်ကြယုံမက ရွှေ တံဆိပ်ဆုတွေ နှင့် ကမ္ဘာ့စံချိန်တွေ ကိုတောင် ဆွတ်ခူးနိုင်ခဲ့ကြတယ်။ 
ဒီအထဲမှာ အမေရိကန် နိုင်ငံ မေရီလန်းပြည်နယ်က ရေကူးမယ်လေး ကေတီ ဟာ အသက် ၁၅ နှစ်နဲ့ မီတာ ၈၀၀ အလွတ်ရေးကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သလို၊ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသူလေး မစ်ဆီဖရန့်ကလင်းဟာ လည်း ၂၀၁၂ လန်ဒန် အိုလံပစ် ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်လေးဆု အပါအ၀င် ကမ္ဘာ့ စံချိန်သစ်တွေ ကို တင်ကာ အောင်မြင်ကျော်ကြား လူသိများသွားခဲ့တယ်။ 

၂၀၁၂ လန်ဒန် အိုလံပစ်ပွဲ မှာ ဆုတံဆိပ်တွေ အသီးသီးဆွတ်ခူးခဲ့ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်၊မလေးရှား လူငယ်တွေဟာလည်း အားကစားကျောင်းတွေ က နေ ပေါက်ဖွား လာခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေပဲဖြစ်တယ်။
၂၀၁၂ လန်ဒန် အိုလံပစ်ပွဲ မှာ ကမ္ဘာ့နိုင်ငံ အသီးသီးက  ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ သူတွေ ဟာ အထက်တန်းကျောင်း နှင့်  တက္ကသိုလ်တွေ က ပေါက်ဖွားလာခဲ့ကြတဲ့ လူငယ်တွေဖြစ်ကြ သလို၊  အားကစား  မှာ  လူငယ်တွေရဲ့ အခန်းကဏ္ဍ ကို အားပေးခြင်း၊ အရေးတယူ တာဝန်ယူ ပံ့ပိုးကူညီဆောင်ရွက်မှုတွေ ကို လုပ်ခဲ့ကြလို့လည်း ဒီနိုင်ငံတွေမှာ ကမ္ဘာ့ အားကစား ထူးချွန်တဲ့ သူတွေ ကို မွေးထုတ်နိုင်ခဲ့ကြတယ်။ ကမ္ဘာမှာ ထူးချွန်တဲ့ အားကစား သမားတွေ ဟာ လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေက နေ ပေါက်ဖွားလာကြတာ ဖြစ်တယ်ဆိုတာကို သမိုင်းမှတ်တိုင်အဖြစ် အိုလံပစ်ပွဲတိုင်း မှာ မီးမောင်းထိုး သက်သေပြနေတယ်။
မြန်မာနိုင်ငံမှာ ဆယ်စု နှစ် နှစ်ခု အဝေးသင်တက္ကသိုလ်၊ ဖုယောင်းတိုင် ပညာရေးစနစ် ကနေ ကြီးပြင်းလာကြတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ အိုလံပစ်ပွဲ မှာ မပါဝင်နိုင်ခဲ့ကြရတာကတော့ အထူးအဆန်းတော့ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ကျောင်းသားကျောင်းသူတွေ နှင့် လူငယ်တွေ ဟာ လေ့ကျင့်ရေးစခန်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်မှုတွေ၊ အားကစားဆိုင်ရာ ထောက်ပံ့မှု တွေနဲ့ ဝေးခဲ့ရတာ ရာစု နှစ် တ၀က်ကျော် ဖြစ်ခဲ့ကြတယ်။ တချို့ မြန်မာလူငယ်တွေ ဟာ အားကစား မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့နေနေသာသာ က အဝေးရောက်ထောင်တွေ နှင့်  ဒုက္ခသည်စခန်းတွေ မှာ ဆယ်စုနှစ် နှစ်စု ကြီးပြင်းခဲ့ကြရတယ်။
စစ်အစိုးရ အာဏာ တည်မြဲရေးအတွက် ၊ ဆယ်စု နှစ် နှစ်ခု ပညာရေး နှင့် လူငယ် အားကစား အခန်းကဏ္ဍ ကို ဘုန်းဘုန်းလဲကျအောင် ဖျက်ဆီးခဲ့ကြလို့  လည်း အိုလံပစ်ပွဲတိုင်းမှာ မြန်မာနိုင်ငံ က ထူးချွန်တဲ့ အားကစားသမား တွေ မပေါက်ဖွားနိုင်ခဲ့ဘူးဆိုတာ  မီးမောင်းထိုးပြနေတယ်။  
ကျိန်းသေတာကတော့ မြန်မာ အားကစား ကမ္ဘာ ကို မ လွှမ်းခဲ့ပေမဲ့ မြန်မာ့ အာဏာရှင်စနစ် ကတော့ ကမ္ဘာ ကို လွှမ်းစေခဲ့တာတော့ အမှန်ပဲ။

စက်မှုဝန်ကြီး နဲ့ ဗွီအိုအေ မြန်မာ ဌာနမှူး


စက်မှုဝန်ကြီး နဲ့ ဗွီအိုအေ မြန်မာ ဌာနမှူး

burma-garment-economy
VOA News, 26August 2012  —- (မျက်မှောက်ရေးရာ/ ဒီမိုကရေစီရေးရာ)  ဒီတပတ် မြန်မာ့ဒီမိုကစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဗွီအိုအေမြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံရဲ့  နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ရေးဆွဲနေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ နဲ့ စက်မှုဝန်ကြီးဦးစိုးသိန်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ကျနော်ကို အခုလို တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝန်ကြီးကို ကျနော်က စက်မှုဝန်ကြီးဆိုပေမယ့် ဝန်ကြီးရဲ့  အထူးတာဝန်ဝတ္တရားတခုက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့  တာဝန်ဝတ္တရားနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတခုကို အရင်စပြီး မေးချင်ပါတယ်။ ဒါက အခုလောလောဆယ်မှာဆိုရင်လည်း ဗမာပြည်ရဲ့  ပွင့်လင်းလာမှုအခြေအနေကိုကြည့်ပြီး Gold Rush လို့ခေါ်တဲ့ ဗမာပြည်မှာဝင်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့လူတွေက တော်တော်လေးများလာတော့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့အနေအထား။ အဲဒီ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အဲဒါက အခုအခြေအနေ ဘယ်လိုရှိပါသလဲ။ ရေးဆွဲနေတဲ့ အခြေအနေ။
ဦးစိုးသိန်း ။ ။ အခုတော့ လွှတ်တော်မှာ ဆွေးနွေးနေပါတယ်။ အမြင်အမျိုးမျိုးနဲ့ ဆောင်ရွက်နေကြတယ်။ အဓိကအားဖြင့်တော့ လာတဲ့ဧည်သည်တိုင်းကလည်း ဒီ ဥပဒေကို မေးကြတယ်။ နိုင်ငံတကာကလာတဲ့ ဒီနေ့ ရင်းနှီးမြှုပ်နှံမယ့်လူတွေက ဥပဒေကို ဦးစားပေးပြီး သူတို့လေ့လာတယ်။ ပြီးရင် ကျနော်တို့အတွက် arbitration တခုခုဖြစ်ရင် ဘယ်လိုရှင်းမလဲ။ ဒါလည်း ကျနော်လည်း သူတို့နဲ့ ဆွေးနွေးတဲ့အခါ တွေ့လာရတဲ့ အတွေ့အကြုံ။ ဒါလေးတွေ သူတို့ လိုအပ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ လွှတ်တော် ပြောပါတယ်။ လိုအပ်တာကို တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် ကြည့်ပြီးတော့ အကောင်းဆုံး ဥပဒေဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒေသဆိုင်ရာမှာ၊ အာရှမှာ အကောင်းဆုံး FDI law တခုဖြစ်ရင်တော့ ကျနော်တို့ ပြောနေကြတဲ့ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ဖို့လွယ်တဲ့ FDI friendly ဖြစ်တယ်ပေါ့။ ဒါဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် အလားအလာကောင်းမယ်လို့ ကျနော်ကမြင်ပါတယ်။ အခုလည်း လုပ်နေပါတယ်။ ကျနော်ထင်တယ် လာမယ့်အပတ်လောက်ဆိုရင် ပြီးမယ်လို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒီ ဥပဒေကို အထူးတလည် စိတ်ဝင်စားတာက နံပတ်တစ်ကတော့ သူတို့ရဲ့  ရင်းနှီးမြှုပ်နှံမှု သူတို့ရဲ့  အရင်းအနှီးတွေ၊ သူတို့ရဲ့  လုပ်ငန်းကိုင်ငန်းတွေကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်မလဲ။ သူတို့ အကျိုးအမြတ်ရအောင် ဘယ်လောက်အထိ လုပ်နိုင်မလဲ။ တဖတ်ကလည်း ဒေသခံတွေအတွက် exploitation ခေါင်းပုံဖြတ် ခံမသွားရလေအောင် ဘယ်လိုကာကွယ်ပေးရမလဲဆိုတဲ့ နှစ်ဖက်ကို ညှိကြရတယ်။ အဲဒီတော့ အခုလုပ်နေတဲ့ ဥပဒေ။ ထွက်လာမယ့် ဥပဒေဟာ ဒီလို ထိန်းညှိပေးတဲ့ ဥပဒေမျိုးဖြစ်မယ်လို့၊ ဖြစ်ဖို့ ဘယ်လောက်အထိ ရည်ရွယ်ထားသလဲ။
ဦးစိုးသိန်း ။ ။ ရေးဆွဲထားကတည်းကိုက ထိန်းညှိပြီးတော့ ကျနော်တို့ ပြည်သူတွေကို more favor ပေးထားတာ။ သို့သော်လည်း ဒါက ပါးပါးလေး လုပ်ထားတဲ့အလုပ်။ နောက်တခုက ဒီကာလမှာ ကျနော်တို့ ဘာရမလဲဆိုတော့ ရင်းနှီးမြှုပ်နှံတာများများဝင်လာရင် နည်းပညာတွေရမယ်။ ကျနော်တို့ မရှိသေးတဲ့ capital တွေရမယ်။ နောက်တခုက ကျနော်တို့က ကာလကြာရှည်စွာ ကျနော်တို့စနစ်နဲ့ ကျနော်တို့သွားကြတော့ စီမံခန့်ခွဲအုပ်ချုပ်တဲ့အပိုင်းက အတော်လိုသေးတယ်လို့ သုံးသပ်ရရှိတယ်။ အဲဒီတော့ ဒီ (၃) ခု ရနိုင်တယ်။ နည်းပညာရမယ်၊ capital လည်တာရမယ်။ နောက် management – စက်ရုံတွေ၊ အလုပ်ရုံတွေ ဘာပဲဖြစ်ဖြစ် သူတို့အုပ်ချုပ်တာတော့ ကိုသန်းလွင်ထွန်းလည်း အနောက်နိုင်ငံမှာရှိတယ်။ သူတို့က ကျနော်တို့ထက် သာတယ်။ Hamburger ဆိုင်ကြီးတောင် သူအုပ်ချုပ်တာနဲ့ ကိုယ်အုပ်ချုပ်တာ မတူဘူး။ လဘက်ရည်ဆိုင်လေးတောင်မှ။ ဒီလို မြင်ရတော့ ကျနော်တို့ အဲဒီဟာ (၃) ခုရမယ်။ အကယ်၍ ကျနော်တို့ သွားကြည့်လိုက်လို့ လေးငါးခြောက်လ၊ တနှစ်တန်သည်ကြာလို့ အားနည်းနေတယ်ဆိုရင် ကျနော်တို့ revise လုပ်လို့ရတယ်။ ဒီအပိုဒ်လေးတောင် ပြင်ရင်ကောင်းမယ်ဆိုတာရမယ်။ လတ်တလောကတော့ ကျနော်က open လုပ်ပြီးတော့ ယူလိုက်မယ်။ ပြီးရင် ကျနော်တို့ revise လုပ်မယ်။ နည်းဥပဒေမှာတော့ ကျနော်တို့သာအောင် ကျနော်တို့လူတွေ မနှစ်နာအောင်၊ ကျနော်တို့လူတွေ အခြေအနေကောင်းအောင် ဆောင်ရွက်ပေးဖို့အတွက်တော့ ကျနော်တို့ကတော့ ဆောင်ရွက်လျှက်ရှိတယ်။ နောက်တခါ ပြောနေကြစကား investment ကို implement လုပ်တဲ့အခါမှာ ပေါ်လစီရှိပါတယ်။ အဲဒီ ပေါ်လစီ သမ္မတကြီး ပေးထားတဲ့ ပေါ်လစီကတော့ ကျနော်တို့ ပြည်သူ့တိုင်းရင်းသားတွေ မထိခိုက်အောင်၊ တိုင်းပြည်ဂုဏ်သိက္ခာမကျအောင်၊ အချုပ်အခြာအာဏာကို မထိခိုက်အောင်၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင်ဆိုတာတွေကို သမ္မတကြီးကပေးတယ်။ အဲဒီ ပေါ်လစီ (၄) ခုကို ထိခိုက်ရင် ကျနော်က တာဝန်ရှိတယ်။ ဒီအပြင် ကျနော်တို့က criteria လုပ်လိုက်တယ်။ ကျနော်တို့အဖွဲ့မှာ ကျနော်တို့ criteria က ဘာလုပ်လည်းဆိုတော့ ရင်းနှီးမြှုပ်နှံတဲ့လူကို protect လုပ်ပေးရမယ်။ လာလုပ်လိုက်၊ မနက်ဖြန်ထွက်သွားလိုက်၊ သဘက်ခါ ပြည်သူပိုင်သိမ်းလိုက်ဆို သူမကြိုက်ဘူး။ ပြည်သူကိုလည်း ဒီလိုပဲ လုပ်ပေးရမယ်။ ဦးသန်းလွင်ထွန်း မြန်မာပြည်သားပဲ ဒီနေရာမှာ စက်ရုံတည်လိုက်၊ မနက်ဖြန် ရွှေ့ မယ်လုပ်လိုက်၊ သဘက်ခါ သိမ်းမယ်လုပ်လိုက်၊ ဒါလည်း မရဘူး။ protect လုပ်ရမယ်။ Investor protection ဒါကို ကျနော်က priority one ထားတယ်။ ပြီးရင် နောက်တခါ SI – Social Impact နည်းရမယ်။ EI – Environmental Impact နည်းရမယ်။ ပြီးရင် transparent ဖြစ်ရမယ်၊ accountability ဖြစ်ရမယ်။ Audit mechanism ဖြစ်ရမယ်။ ကိုသန်းလွင်ထွန်းရဲ့  ရင်းနှီးမြှုပ်နှံတာတွေအားလုံးက ငွေရေးကြေးရေး financial perspectives က transparent ဖြစ်ရမယ်။ အခွန်ပေးရမယ်။ သတ်မှတ်တဲ့အခွန်။ ဒီလို ကျနော်တို့ကသွားတယ်။ ပြီးရင် ကျနော်တို့က ဒီဟာတွေ ဆုံတဲ့အခါမှာ CSR – Cooperate Social Responbilities တွေ လုပ်ပေးပါ။ ဒီလို ကျနော်တို့က ကျနော်တို့ ပေတံနဲ့တိုင်းတယ်။ သမ္မတကြီးကလည်း investment policy ပေးထားတယ်။ အခုဟာက law လေးပြီးရင် law, policy, criteria တွေပါရင် ဘောင်မလွတ်တော့ဘူးပေါ့။ နောက်တခါ ကျနော်တို့က လက်ရှိတည်ဆဲ ထုတ်ပြန်ထားတဲ့ labor laws တွေကို လိုက်နာရမယ်။ ကျနော်တို့က ဒီလိုပြောတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဓိကတော့ အစောပိုင်းတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တယ်။ ၁၉၉၀ လောက်က ပွင့်လင်းလာတဲ့အချိန်မှာတုန်းက market economy စဖော်ချိန်တုန်းက ကျနော်တို့ မြင်လိုက်ရတာကတော့ Hotel နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေမှာပဲ ဝင်လာပြီးတော့ ရင်းနှီးမြှုပ်နှံကြတာကို တွေ့ရတယ်။ ဒါတွေဟာ တိုင်းပြည်ရေရှည်ဖွံ့ဖြိုးရေးအတွက် ဝေဖန်သူတွေရှိကြတယ်။ ဒါဟာ တိုင်းပြည်ရဲ့  ရေရှည်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိသင့်သလောက် မရှိစေတဲ့ ကဏ္ဍတွေလို့ ယူဆကြပါတယ်။ အဲဒီတော့ အခုလက်ရှိ အစိုးရလက်ထက်မှာ ဖိတ်ခေါ်လာတယ့်၊ ဝင်ရောက်လာစရာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေက ဘယ်လိုဟာမျိုးတွေကို အဓိကထား ဦးစားပေးချင်သလဲ။
ဦးစိုးသိန်း ။ ။ သူတို့ကတော့ နိုင်ငံစုံက ကျနော်တို့နဲ့ လာတွေ့ပြီးတော့ သူတို့ရဲ့  ယူဆချက်တွေ၊ လုပ်ချင်တာတွေကို ပြောတာပေါ့။ ကျနော်တို့ လတ်တလော ၂၀၁၂-၂၀၁၃ အလယ်လောက်အထိ ကျနော်တို့ ဦးစားပေးချင်တာက job creation။ job ပိုပေးနိုင်တဲ့ အလုပ်တွေကို ဦးစားပေးပါ။ အထူးသဖြင့်တော့ ကျနော်တို့က SME –small and medium enterprises, နောက်တခါ agro based industries တွေ။ SME လေးတွေကို ကူညီတဲ့ဟာ။ အခုတော့ ဘာတွေလာနေသလဲဆိုရင် garment တွေ၊ shoe ဖိနပ်ချုပ်တာတွေ၊ အထည်ချုပ်လုပ်ငန်းတွေ လာတယ်။ အခြား transformer လုပ်တာလေးတွေလည်းပါတယ် စသဖြင့် ဒါတွေကို ဦးစားပေးပါ။ အခု infrastructure က လျှပ်စစ်မီးကလည်း ခင်များက စက်ရုံကြီးလာတည်မယ်ဆိုရင်တောင် ကျနော်မှာ လျှပ်စစ်မီး မပေးနိုင်ဘူး။ ဟိုဟာတွေကြတော့ လျှပ်စစ်မီးသုံးတာနည်းတယ်။ ဒါလေးတွေ ခင်များတွေ ဦးစားပေးပါလား။ ကျနုပ်လူတွေက အလုပ်လိုချင်နေတယ်။ ကျနော်မှာ အလုပ်အကိုင်မရှိတဲ့ unemployment က maybe ၁၅ သန်းလောက် (၁၀-၁၅ သန်း) ရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခု FDI ကို law အဖြစ် ရင်းနှီးမြှုပ်နှံမှု law အပြင်ကို အခုဆိုလို့ရှိရင် ဝန်ကြီးပြောတဲ့အတိုင်း skilled labor, unskilled labor ရှိနေပြီ။ စောစောကလည်း ဝန်ကြီးနည်းနည်း ပြောပါတယ်။ infrastructure ပိုင်းမှာ ကျနော်တို့ မပံ့ပိုးနိုင်သေးဘူး။ အဲဒီအတွက် ဘာတွေလိုနိုင်သလဲ။ နိုင်ငံတကာ international organization တွေရဲ့  ဥပမာ UN, UNDP အဲဒီလို အဖွဲ့အစည်းကြီးတွေရဲ့  ပံ့ပိုးမှုတွေ၊ ထောက်ပံ့မှုတွေ။ World Bank, IMF အဲဒါတွေရဲ့  ထောက်ပံ့မှုတွေ ဝင်လာနိုင်မယ်လို့ ယူဆပါသလား။
ဦးစိုးသိန်း ။ ။ စကားပြောနေပြီ၊ ဝင်လာမယ်။ အခုပြောနေတာက လတ်တလောမှာ လူတွေ မီးလင်းအောင် လာမယ့်နွေမှာ မီးလင်းအောင် လုပ်နေတယ်။ ဂျပန်ကလည်း ကူညီတယ်။ အခြား loan တွေလည်း ပေးပါတယ်။ ဒါတွေ အကောင်အထည်ဖော်နေတော့ နောက် ၆-၇ လ ဆိုရင်တော့ လူတွေနဲ့ ဒေသန္တရစက်မှုဇုံတွေ ရသွားမယ်။ ဒါပေမဲ့ အခုနလို သံရည်ကျိုချက်စက်ရုံလို ပါဝါအများကြီးသုံးမယ့် စက်ရုံတွေကိုတော့ ခဏနေပါအုံး။ Second phrase ပေါ့။ ၂၀၁၄ လောက်လာပေါ့လို့ ကျနော်က ဒီလိုပြောတာ။ ICD ကလည်း လတ်တလော ဦးသန်းလွင်ထွန်း သိတာ။ ကျနော်တို့က ကျနော်တို့ဘာသာယူဆတယ်။ 3-4 percent ထက် မပိုဘူး လူတစ်ရာမှာ။ ယိုးဒယားဆိုရင် ၁၀၀-၁၁၅ တို့ရှိတယ်။ ဒါကိုလည်း ကျနော်တို့က လုပ်ရအုံးမယ်။
ဦးသန်းလွင်ထွန်း ။ ။ ICD ဆိုတာက

ဦးစိုးသိန်း ။ ။ တယ်လီဖုန်း … တယ်လီဖုန်း မရှိဘူး။ Banking system မရှိတော့ ဒါတွေကလည်း ဒရွတ်လိုက်တာပေါ့။ လူတွေကလည်း management တွေကလည်း ဒရွတ်တိုက်သွားတယ်။ အဲဒါတွေ ကျနော်တို့ ဖြည့်နေတယ်။ Capacity building တွေလည်း လုပ်နေတယ်။ နောက်ပြီးရင် NGO တွေရဲ့  rules တွေလည်း မြှင့်တင်နေတယ်။ ဒါကတော့ နောက် ၆ လ၊ ၇ လလောက်ဆိုရင် match ဖြစ်လာမယ်။ လတ်တလောတော့ အဲဒါကြောင့် ခဏနေပါအုံး။ မီးသိပ်မပေးနိုင်သေးဘူး အဲဒီလိုပြောတာ။
ဦးသန်းလွင်ထွန်း ။ ။ နောက်တခုက ဝန်ကြီးရဲ့  သဘောထားလေးတွေကို သိချင်ပါတယ်။ ဘာလဲဆိုတော့။ လောလောဆယ်တော့ နိုင်ငံတကာမှာ အစောပိုင်းက ပိတ်စို့အရေးယူထားမှုတွေကို အပြီးတိုင်း ရုတ်သိမ်းပေးလိုက်တဲ့ နိုင်ငံတွေရှိသလို၊ အမေရိကန်နိုင်ငံလို ယာယီဆိုင်းငံ့ထားပြီးတော့ သူတို့ရဲ့  ရင်းနှီးမြှုပ်နှံမှုတွေကို လာကြပါ။ ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြပါဆိုပြီးတော့ တိုက်တွန်းပါတယ်။ တချိန်တည်းမှာပဲ ဒီလို ပိတ်စို့ဒဏ်ခတ်အရေးယူမှုရဲ့  ဥပဒေကို သက်တမ်းတွေ တိုးထားပြီးတော့ တစုံတခုများ အပြောင်းအလဲတွေ၊ နိုင်ငံရေးအရ အပြောင်းအလဲတွေဟာ နောက်ပြန်ဆွဲသွားတယ်ဆိုရင် ဒဏ်ခတ်လို့ရအောင် အဆင်သင့်ထားတယ်ဆိုတဲ့ အနေအထားမျိုးဆိုတာကြလို့။ ဒီလိုအနေအထားမျိုးရှိနေလို့ရှိရင် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စိတ်သက်သက်သာသာနဲ့လာပြီး ရင်းနှီးမြှုပ်နှံရဲကြပါမလား။
ဦးစိုးသိန်း ။ ။ ကိုသန်းလွင်ထွန်း မေးတဲ့မေးခွန်းက သိပ်မှန်တာပေါ့။ သို့သော်လည်းဘဲ ဒီကြားထဲမှာပဲ ယခင်ထက်စာရင်တော့ ရင်းနှီးမြှုပ်နှံတဲ့လူတွေက ရှိကြပါတယ်။ တကယ့် quality အမေရိကန်ကုမ္မဏီတွေ တလောက လူ (၃၀) (၆၀) လောက်လာတယ်။ သူတို့တွေမှာလည်း ဒါတွေရှိပါတယ်။ ဒရွတ်နောက်က ကျောမလုံဘူးပေါ့။ ငါတို့ လုပ်လိုက်ရင်။ ဒါတွေကလည်း ကျနော်တို့ reform ရှေ့ တိုးသွားရင် အမေရိကန်အစိုးရကလည်း လိုက်လာမှာပဲ။ ကျနော်တို့ reform ပြောင်းသွားရင်တော့ ကျနော်လည်း မသိဘူးပေါ့။ သူတို့ကလည်း ဦးသန်းလွင်ထွန်း ပြောသလို ငွေရင်းရတာကို။ နည်းနည်းမှမဟုတ်တာ။ သူတို့က သေချာအောင်တော့ သူတို့လည်း စဉ်းစားရတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့  အောင်မြင်မှု အနာဂတ်။ ဝန်ကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင်။ ဥပမာ အဓိကအားဖြင့် နှိုင်းယှဉ်ရင်။ ထိုင်းနိုင်ငံ ရှိပါတယ်။ ကမ္ဘောဒီးယား။ ဒီဖက်မှာ ကျနော်တို့ထက် နောက်ကျတဲ့ ဘင်္ဂလားဒေ့ရှ်လို့ နိုင်ငံမျိုးလည်း ရှိနေပါတယ်။ ဒီဒေသအတွင်းမှာ မြန်မာနိုင်ငံရဲ့  လာမယ့် ၃-၄ နှစ် ၅ နှစ်တာကာလအတွင်းမှာ ဘယ်လိုအနေအထားမျိုး ရောက်လာလိမ့်မယ်လို့ မျှော်မှန်းထားပါသလဲ။
ဦးစိုးသိန်း ။ ။ ကျနော်တို့ အရမ်းကြိုးစားရင် ၂၀၁၅ လောက်ရောက်ရင် သိပ်ကောင်းသွားလိမ့်မယ်။ သိပ်ကောင်းသွားမယ်ဆိုတာ ကမ္ဘောဒီးယား၊ ဗိယက်နမ်း နီးပါးလောက်ကို ဖြစ်သွားနိုင်တယ်။ ဒါက သိပ်ကြိုးစားရင်။ အခု ကျနော်တို့အားလုံး ဖြေလျှော့လိုက်တဲ့အခါမှာ World Bank, ADB, IMF တို့က အများကြီးကူညီတယ်။ အခုန ဦးသန်းလွင်ထွန်းပြောသလို World Bank ဆိုရင် ကျနော်နဲ့ ပြီးခဲ့တဲ့အပတ်က ဆွေးနွေးတာ။ ကျနော်တို့အပေါ်မှာ ယုံကြည်လာတော့ ပထမ သန်း (၈၀) လောက်ပေးမယ်။ ပြီးတော့ အကြွေးတွေကို loan တခုပေးပြီး အကြွေးတွေဆပ်မယ်။ သူ့ loan က 0.1 percent လောက်ရှိတော့ ကျနော်တို့ infrastructure လုပ်လို့ ကောင်းပါတယ်။ နောက် နှစ်ကလည်း အရမ်းရှည်တယ်။ အဲဒါလေး သူတို့ လုပ်ပေးရင် ကျနော်တို့ ဆက်ပြီး ချေးသွားမယ်ဆိုရင် World Bank အကူအညီက ရလာမယ်။ ကျနော်တို့ World Bank ဥက္ကဋ္ဌကိုလည်း တဆင့်ပြောတယ်။ ကျနော်တို့ကို ဒါလေးတွေ လုပ်ပေးပါ။ Infrastructure Loan လေး လုပ်ပေးပါ။ ဧရာဝတီမြစ်ကိုပဲဖြစ်ဖြစ်၊ ရထားလမ်းတွေကိုပဲဖြစ်ဖြစ်။ ဂျပန်က ODA Loan တွေလည်း ကျနော်တို့ရတယ်။ ထို့အတူပဲ South Korea Loans တွေလည်း ရလာတယ်။ အဲဒီတော့ ဒါတွေလည်း ရလာမယ်။ ကျနော်တို့ကလည်း ကြိုးစားမယ်။ ကျနော်တို့အကြောင်းလည်း ဦးသန်းလွင်ထွန်း သိသာပဲ။ Capacity အပိုင်းကြတော့လည်း ကမ္ဘာပေါ်မှာ နှိမ့်သေးတယ်။ Index တွေအရ ကြည့်ရင်။ Income ကလည်း အများကြီးပဲ။ အဲဒါတွေကို ဖြည်းဖြည်းတင်ရမှာပေါ့။ ဖြည်းဖြည်းတင်နိုင်မယ်။ အားလုံးကလည်း တညီတညွှတ်တည်း တိုင်းပြည်စီးပွားတိုးတက်ဖို့၊ တို့ပြည်သူတွေ ကြီးပွားချမ်းသာဖို့၊ တို့လူမျိုးတွေ နှိမ့်ကျနေတာကို မြှင့်တင်ဖို့ ဆိုတဲ့ စိတ်တွေနဲ့ ဝိုင်းလုပ်လိုက်ကြမယ်။ ပြည်ပမှာရှိတဲ့ ခင်များတို့လို လူတွေအများကြီး။ ပညာတတ်တွေ ဒါတွေက ဝိုင်းပြီးလာလုပ်ကြမယ်ဆိုရင်တော့ နောက်အစိုးရတွေကြရင် သိပ်ကောင်းမယ်။ ဒီ အစိုးရသိပ်ခက်ပါတယ်။ ဒါကို ဦးသန်းလွင်ထွန်း ကို ကျနော် ပွင့်ပွင့်လင်းလင်းပြောတာ။ Military Government ကနေ Civilian – the first Civilian Democratic Government – ဟုတ်တယ်မှုတ်လား။ အလွန်တရာ ဒီလူက အမှတ်ရဖို့တော့ မရှိဘူး။ သူက ပြောင်းလဲတာလုပ်ရင်နဲ့ပဲ အချိန်ကုန်သွားမယ်။ the second term government ကတော့ အသင့်အတင့် ကောင်းသွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ Third term တော့ ပိုကောင်းသွားလိမ့်မယ်။ ဦးသန်းလွင်ထွန်းတို့ သိပါတယ်။ Park Chun Hee လက်ထက်ကို ပြန်လေ့လာတဲ့အခါ Park Chun Hee ပြီး ၁၅ နှစ်ကြာမှ three terms မှ democratic government ဖြစ်သွားတယ်။ ထို့အတူပဲ အင်ဒိုနီးရှား ပြောင်းသလိုပါပဲ။ သူတို့လည်း two terms လောက်တော့ ပြောင်းသွားတယ်လို့ ကျနော် သိရတယ်။ ကျနော်တို့က ဒီ one term မှာတော့ ဒီလောက်အကြာကြီး မလုပ်ပါဘူး။ ကျနော်တို့ ကြိုးစားမယ်။ ကြိုးစားရင် ၂၀၁၅ လောက်ကြရင် တော်တော်လေး ကျနော်တို့လူတွေ capacity တွေလည်း အသင့်အတင့်တက်လာမယ်။ ဝင်ငွေတွေလည်း အသင့်အတင့် တက်လာမယ်။ လူတွေလည်း ဒီမိုကရေစီကို နားလည်းလာမယ်။ ဒုတိယ အစိုးရကြရင် သိပ်ကောင်းမယ်။ တတိယအစိုးရကြရင်တော့ ဒါကလည်း ကျနော်တို့ အိမ်မက်ပေါ့။ ပြောင်းပြန်သွားရင်တော့ ကျနော်လည်း မသိတော့ဘူး။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ စက်မှုဝန်ကြီး ဦးစိုးသိန်း ကို နေပြည်တော်မှာတွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း

တရုတ်နိုင်ငံ၌ ကျန်ရှိနေသော ကချင်ဒုက္ခသည် လေးထောင်ကျော်အား ယခုလအတွင်း အပြီးပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထား




တရုတ်နိုင်ငံ၌ ကျန်ရှိနေသော ကချင်ဒုက္ခသည် လေးထောင်ကျော်အား ယခုလအတွင်း အပြီးပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထား 
Monday, 27 August 2012 16:38
လက်ရှိ တရုတ်ပြည်မှ ပြောင်းရွှေ့လာသည့် ကချင်ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်ရှိနေပြီး ကျန်ရှိသော ဒုက္ခသည်လေးထောင်ကျော် အား ယခုလအတွင်းအပြီး ပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ တရုတ်ပြည်ဘက်ခြမ်းတွင်  ပြောင်းရွှေ့ရန် အကြောင်းကြားထားသည့် ကချင်ဒုက္ခသည် စုစုပေါင်း ခြောက်ထောင်ကျော်ရှိပြီး ယင်းတို့အနက်မှ  နှစ်ထောင်ကျော်သည် သြဂုတ်လ၁၈ရက်နေ့မှစ၍ တရုတ်ပြည် နောင်တောင်းစခန်းရှိ ယန်လူနှင့်လောဝ်ဖိုင် ဒုက္ခသည် စခန်းများမှ ကချင်ပြည်နယ်ရှိ လနားဇွပ်နှင့် ဘွမ်းစစ်ပါစခန်းသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတရုတ်ပြည်တွင် က ချင်ဒုက္ခသည်စုစုပေါင်း ၇၀၀၀ မှ ၁၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း  ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိ တရုတ်ပြည်တွင် တ ရားမ၀င် ၀င်ရောက်လာသည့် ဒုက္ခသည်၇၀၀၀ကျော်ကို တာဝန်ယူရန် ခက်ခဲကြောင်း၊ ဒုစရိုက်အမှုများနှင့် အခြားအမှုအခင်းများ ဖြစ်လာပါက ကိုင်တွယ်တာဝန်ယူရန် အခက်အခဲ ရှိကြောင်း၊တရုတ်ဥပဒေဖြင့် မြန်မာနိုင်ငံသားများကို စီရင်ရန်ခက်ခဲ ကြောင်း၊ ကူးစက်ရောဂါများ တရုတ်ပြည်သို့ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း၊ ကေအိုင်အေနှင့် မြန်မာအစိုးရ စစ်မဖြစ်တော့သဖြင့် ပြန်ပို့ခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက အကြောင်းပြချက်ပေးထားသည်ဟု အဆိုပါဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည့်အဖွဲ့များ ၏ ပြောကြားချက်အရ သိရသည်။
“ပြောင်းဖို့ကို သြဂုတ်လ ၁၅ ရက်နေ့က ပြောတယ်။ သြဂုတ်လ ၁၈ရက်ကနေ ၂၁ ရက်အထိ ဒုက္ခ သည်တွေကကိုယ့် အစီအစဉ်နဲ့ကိုယ် ပြောင်းကြတယ်။၂၂ ရက်နေ့ကစပြီး တရုတ်အာဏာပိုင်တွေက ကိုယ်တိုင် ကားနဲ့လာရွှေ့ပြီး စခန်းတွေကိုလည်း တစ်ခါတည်းဖျက်ဆီးတယ်။ အဲဒီက အခြေအနေတွေကို ဓါတ်ပုံ ရိုက်ခွင့်မပေးဘူး။ ရိုက်ရင်လည်း ခေါ်မေးတယ်ဖုန်းပြောရင်လည်း သိမ်းတယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိ ကချင်ဒုက္ခသည် စခန်းများတွင် တရုတ်ပြည်မှ ပြောင်းရွှေ့လာသည့် ဒုက္ခသည် ၆၀၀၀ ကျော် အတွက် အစားအသောက်၊ဆေးဝါး၊ ရေနှင့်အိမ်သာ၊ နေရာထိုင်ခင်း၊ အမျိုးသမီးများအတွက် မရှိမဖြစ် လိုအပ်ချက်များ၊ သက်ကြီးရွယ်အို၊ ကလေးနှင့် ကိုယ်ဝန်ဆောင်များ အတွက် လိုအပ်သည့် အာဟာရများ ၊ကျန်းမာရေးစောင့်ရှောက်မှုများ စသည်တို့ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။